နိုင်ငံတကာပုဂ္ဂိုလ်နှစ်ဦး ပါဝင်၍ ရခိုင်ပြည်နယ်ဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းခြင်းသည် အစိုးရအနေဖြင့် နိုင်ငံရေးအရ ရဲတင်းလွန်းပြီး ဖြစ်လာမည့်ပြဿနာအရပ်ရပ်ကို တာဝန်ခံရမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ် ပြောကြား

နိုင်ငံတကာပုဂ္ဂိုလ်နှစ်ဦး ပါဝင်၍ ရခိုင်ပြည်နယ်ဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းခြင်းသည် အစိုးရအနေဖြင့် နိုင်ငံရေးအရ ရဲတင်းလွန်းပြီး ဖြစ်လာမည့်ပြဿနာအရပ်ရပ်ကို တာဝန်ခံရမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ် ပြောကြား
Published 1 August 2018

နိုင်ငံတကာပုဂ္ဂိုလ်နှစ်ဦးပါဝင်၍ ရခိုင်ပြည်နယ်ဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းခြင်းသည် အစိုးရအနေဖြင့် နိုင်ငံရေးအရရဲတင်းလွန်းပြီး ဖြစ်လာမည့် ပြဿနာအရပ်ရပ်ကို တာဝန်ခံရမည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပျော်ဘွယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ပြောကြားသည်။

နေပြည်တော်၌ ဇူလိုင် ၃၁ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်  နဝမပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် ဦးသောင်းအေးက လွှတ်တော်အစည်းအဝေး မစတင်မီအချိန်တွင် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“အဆိုပါအဖွဲ့ ဖွဲ့စည်းခဲ့တာဟာ အစိုးရအနေနဲ့ လွှတ်တော်ကနေ ပြောသင့်ပြောထိုက်တဲ့ အကြံဉာဏ်တွေပေးပြီး ပြောတာကို လက်မခံဘဲ ကိုယ်လုပ်ချင်တာ ကိုယ်လုပ်သွားတဲ့သဘောဖြစ်ကာ ပြည်သူ့အသံတွေကို နားထောင်ပြီးတော့ လုပ်သင့်လုပ်ထိုက်တာကို လုပ်တာမဟုတ်ဘူးလို့ မြင်မိတယ်။ ဒီလို ဖွဲ့ပြီးလုပ်ရင် ဘာတွေဖြစ်လာမလဲဆိုတာကို ပြီးခဲ့တဲ့လွှတ်တော်မှာ အဆိုတင်သွင်းကတည်းက ပြောခဲ့ပြီး အားလုံးဝိုင်းပြီး ဆွေးနွေးခဲ့ကြပေမယ့် ဒီလိုလုပ်လာတဲ့အတွက် ဖြစ်လာမယ့် ပြဿနာအရပ်ရပ်ကိုတော့  ဒီအစိုးရက တာဝန်ယူရမှာ ဖြစ်ပါတယ်။ မလုပ်သင့်မလုပ် ထိုက်ဘူးဆိုတာကို ပြည်သူလူထုတော်တော်များများက သိထားပြီးဖြစ်တယ်။ ဖွဲ့မယ်လို့ ကြေညာထားတာနဲ့ ဖွဲ့တာနဲ့ကကြားမှာ တော်တော်လေးကို ကြာသွားတယ်။ ဒါကလည်း လူထုရဲ့အသံကို နားထောင်တယ်လို့ ထင်တယ်။ ဒါပေမဲ့ အဲဒီလို နားထောင်တဲ့အခါမှာ အားလုံးက ကန့်ကွက်ထားတယ်။ ပါတီပေါင်း စုံကလည်း တော်တော်များများ ကန့်ကွက်ထားတယ်။ ဒီကန့်ကွက်တဲ့ကြားထဲက အစိုးရက ဒါကိုလုပ်တယ်ဆိုတော့ နိုင်ငံရေးအရ ပြောမယ်ဆိုရင် အရမ်းရဲတင်းလွန်းတယ်။ တိုင်းပြည်အတွက် တကယ်ကြည့်ဖို့လိုတယ်” ဟု ဦးသောင်းအေးက ပြောကြားသည်။

အဆိုပါ ရခိုင်ပြည်နယ်ဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဥက္ကဋ္ဌအဖြစ် ဖိလစ်ပိုင်နိုင်ငံ ဒုတိယနိုင်ငံခြား ရေးဝန်ကြီးဟောင်း၊ ကုလသမဂ္ဂ CEDAW ကော်မတီ၏ ဥက္ကဋ္ဌဟောင်းနှင့် လက်ရှိအဖွဲ့ဝင်ဖြစ်သူ သံအမတ်ကြီး  ရိုဆာရီယိုမယ်နာလို ဖြင့်လည်းကောင်း၊ အဖွဲ့ဝင်များအဖြစ် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌဟောင်းဖြစ်သူ ဦးမြသိန်း၊ လူသားချင်း စာနာထောက်ထားမှုကိစ္စရပ်များဆိုင်ရာ ကုလသမဂ္ဂ ဒုတိယအတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူးဟောင်း၊ ကုလသမဂ္ဂဆိုင်ရာ ဂျပန်အမြဲတမ်းကိုယ်စားလှယ်ဟောင်း သံအမတ်ကြီး ကင်ဇိုအိုရှီးမား နှင့် ယူနီဆက်အဆင့်မြင့်အရာရှိကြီးဟောင်း နှင့် ကုလသမဂ္ဂဝန်ထမ်း ကောလိပ်ကျောင်းအုပ်ကြီးဟောင်း ပါမောက္ခဒေါက်တာအောင်ထွန်းသက်တို့ဖြင့် ဖွဲ့စည်းကြောင်း ဇူလိုင် ၃၀ ရက် နေ့စွဲဖြင့် နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍  ဖွဲ့စည်းခဲ့သော အဖွဲ့အစည်း၏ အစီရင်ခံစာများ ထွက်လာမှသာ ဝေဖန်ထောက်ပြခြင်းများ လုပ်သင့်ပြီး လတ်တလောတွင် ၎င်းတို့၏ ဆောင်ရွက်ချက်လုပ်ဆောင်ချက်များကို ဘာမှမသိရသေးကြောင်း၊ ဖွဲ့စည်းပေးလိုက်သော နိုင်ငံခြားပုဂ္ဂိုလ်ကြီး နှစ်ဦးသည် နိုင်ငံတကာအလယ်တွင် အင်မတန်ဂုဏ်သရေရှိသော ပုဂ္ဂိုလ်များ ဖြစ်ကြောင်းကို ယုံကြည်ထားရမည် ဟု NLD ပါတီ၏ ပုလဲမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။

Most Read

Most Recent