ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦးအမှု (၃၄) ကြိမ်မြောက်ရုံးထုတ်ပြီး သက်သေအဖြစ် သတင်းထောက်နှစ်ဦးကို ကားမောင်းပို့ပေးခဲ့သော ယာဉ်မောင်းအား စစ်ဆေး

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦးအမှု (၃၄) ကြိမ်မြောက်ရုံးထုတ်ပြီး သက်သေအဖြစ် သတင်းထောက်နှစ်ဦးကို ကားမောင်းပို့ပေးခဲ့သော ယာဉ်မောင်းအား စစ်ဆေး
Published 1 August 2018

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက် နှစ်ဦး၏ (၃၄) ကြိမ်မြောက် ရုံးချိန်းတွင် သတင်းထောက် ကိုဝလုံးက မီဒီယာများအား ဖြေကြားနေစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦး ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ အမှုကို  ဇူလိုင် ၃၀ ရက်က မြောက်ပိုင်းခရိုင် တရားရုံးတွင် ၃၄ ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး သက်သေအဖြစ် သတင်းထောက် နှစ်ဦးကို ကားမောင်းပို့ပေးခဲ့သော ယာဉ်မောင်းကို စစ်ဆေးခဲ့ကြောင်း သိရသည်။

ယနေ့ရုံးချိန်းတွင် ရိုက်တာသတင်းထောက် ကိုကျော်စိုးဦးကို တစ်ဖက်ဥပဒေ အရာရှိက အပြန်အလှန်မေးခွန်းစစ်မေးခဲ့ကြောင်း၊ ကိုကျော်စိုးဦးပြီးနောက် နောက်ထပ်သက်သေ တစ်ဦးဖြစ်သော ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို အခင်းဖြစ်ညက လိုက်ပို့ပေးခဲ့သော ရိုက်တာသတင်းဌာနမှ ယာဉ်မောင်း ကိုမျိုးသန့်ထွန်းက ထွက်ဆိုမှု ပြုလုပ်ခဲ့သည်။

ရိုက်တာသတင်းထောက် နှစ်ဦး၏ ရှေ့နေ တရားလွတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က “ဥပဒေအရာရှိ အဓိကထားပြီး မေးသွားတာက ဒုသမ္မတခရီးစဉ် ကိစ္စတွေ၊ မာန်အောင်ကျွန်း စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ပရောဂျက် ကိစ္စတွေ။ အဲဒီဖုန်းထဲက ရတဲ့ဟာတွေ အဓိကမေးတာ။ တကယ်တော့ ဒီစာရွက်စာတမ်းတွေ ဥပမာ ဒုသမ္မတခရီးစဉ်က တိုးတိုးတိတ်တိတ်သွားတဲ့ ခရီးစဉ်မဟုတ်ဘူး။ အများပြည်သူသိအောင် သတင်းစာတွေမှာ ထုတ်ပြန်ပြီးသား ကိစ္စတွေ။ ဒါတွေကလည်း တရားရုံးမှာ သက်သေခံ တင်သွင်းပြီးသား” ဟု ပြောကြားသည်။

ထို့ပြင် ရဲတပ်ကြပ်နိုင်လင်းက ရိုက်တာသတင်းထောက် နှစ်ယောက်ကို အငှားယာဉ်ဖြင့် လာသည်ဟု ထွက်ဆိုထားသော်လည်း သတင်းထောက်နှစ်ဦး အနေဖြင့် မင်္ဂလာဒုံသို့ သွားရောက်ရာတွင် ရိုက်တာသတင်းဌာနမှ ယာဉ်၊ ယာဉ်မောင်းတို့ဖြင့် သွားရောက်ခြင်းဖြစ်ပြီး  ကွဲလွဲနေကြောင်း တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က ဆိုသည်။

ဆက်လက်၍ “ကားဆရာက ထွက်ဆိုချက်က အချင်းဖြစ်တဲ့ညက သူ့ကိုခေါ်တယ်။ ခေါ်ပြီးတော့ ရဲတပ်ရင်း ၈ နားမှာစောင့်နေတယ်။ အဲဒီက အရပ်ဝတ်အင်္ကျီအဖြူ နဲ့ လူနှစ်ယောက်က ဆိုင်ကယ်နဲ့ ရှေ့က ဦးဆောင်သွားတယ်။ ဆောင်းရိပ်မွန်မှာ ချပေးခဲ့တယ်။ သူထားခဲ့တယ်လို့ ထွက်ဆိုသွားတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က ပြောကြားသည်။

သက်သေအဖြစ် လာရောက်ထွက်ဆိုသော ယာဉ်မောင်း ကိုမျိုးသန့်ထွန်းက ကိုဝလုံးတို့နှစ်ဦး ကားပေါ်တွင် ပြောဆိုနေမှုများနှင့် ပတ်သက်၍ “ရဲကချိန်းလို့ သွားတယ်လို့တော့ ကြားမိတယ်။ ရဲနာမည်တော့ အဲဒီလိုတော့ မသိဘူး။ ရဲနဲ့ Appointment ရှိတယ်လို့ပြောတယ်။ ဆိုင်ကယ်က နောက်ကျောက မြင်ရတော့ မျက်နှာကို မမြင်ရဘူး။ ရဲလိုမျိုး နှစ်ယောက်က ဆိုင်ကယ်နဲ့ အရှေ့ကနေ စီးသွားတယ်။ ယူနီဖောင်းနဲ့ မဟုတ်ဘူး။ သူတို့က ဦးဆောင်ပြီး ခေါ်သွားတယ်။ ဒါတွေ ကျွန်တော်တရားရုံးမှာ ထွက်ဆိုခဲ့တာပါ” ဟု တရားရုံးချိန်း အပြီးတွင် မီဒီယာများအား ဖြေကြားသည်။

အမှုအနေဖြင့် စွပ်စွဲခံရသူဘက်မှ တင်သွင်းသော သက်သေသုံးဦးသာ စစ်ဆေးရန် ကျန်ရှိတော့မည်ဖြစ်ကာ YJS သတင်းစာပညာ သင်ကျောင်းမှ ကျောင်းအုပ်ကြီး ဦးရဲနိုင်မိုး၊ ကိုဝလုံး၏ မိတ်ဆွေ ကိုသန့်ဇင်စိုးနှင့် ဆက်သွယ်ရေး အော်ပရေတာ တယ်လီနောမှ နည်းပညာဆိုင်ရာ တာဝန်ခံ တစ်ဦးဖြစ်ပြီး လာမည့် သြဂုတ် ၆၊ ၇ ရက် ရုံးချိန်းတွင် စစ်ဆေးသွားမည်ဖြစ်သည်။

ရဲတပ်ကြပ်နိုင်လင်းက ရိုက်တာသတင်းထောက် ကိုဝလုံးတို့ကို တယ်လီနော ဖုန်းနံပါတ်ဖြင့် ခေါ်ဆိုမှုများ ပြုလုပ်ထားခြင်းရှိ၍ တယ်လီနောမှ နည်းပညာဆိုင်ရာ တာဝန်ခံတစ်ဦးကို သက်သေအဖြစ် တင်သွင်းထားခြင်း ဖြစ်ကြောင်း သိရသည်။

ရိုက်တာသတင်းထောက် ကိုကျော်စိုးဦးက “ဒီနေ့တော့ ကျွန်တော်ထွက်ဆိုတာ ပြီးသွားပါပြီ။ အဓိက ထွက်ဆိုခဲ့တာက ဒီစာရွက်တွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ မသိရှိဘူးဆိုတဲ့ အကြောင်းအရာတွေ၊ အင်ဒင်းစတိုရီကို လိုက်ခဲ့တာလည်း သတင်းမီဒီယာ ကျင့်ဝတ်နဲ့အညီ လိုက်ခဲ့တယ် ဆိုတာ ထွက်ဆိုခဲ့ပါတယ်။ ကားဆရာကိုလည်း စစ်ဆေးပါတယ်။ ဘာကြောင့်လဲဆိုရင် နိုင်လင်းတို့က ကျွန်တော်တို့ကို ဦးဆောင်ပြီး ခေါ်သွားတာကို ကားဆရာက မြင်လိုက်လို့ပါ” ဟု မီဒီယာများအား ပြောကြားသည်။

 

Most Read

Most Recent