YUPT အနေဖြင့် ရှယ်ယာအမြတ်ငွေများကို လာမည့်နှစ်မှသာပေးရန် စီစဉ်ထားပြီး ကျပ်လေးဘီလျံ အသုံးပြု၍ ယာဉ်အစီးရေ ၅၀ ထပ်မံ ဝယ်ယူမည်

YUPT အနေဖြင့် ရှယ်ယာအမြတ်ငွေများကို လာမည့်နှစ်မှသာပေးရန် စီစဉ်ထားပြီး ကျပ်လေးဘီလျံ အသုံးပြု၍ ယာဉ်အစီးရေ ၅၀ ထပ်မံ ဝယ်ယူမည်
Published 1 August 2018

YUPT ကုမ္ပဏီ၏ ပထမအကြိမ် နှစ်ပတ်လည် အထွေထွေ အစည်းအဝေးနှင့် ဒါရိုက်တာ ရွေးချယ်ပွဲ အခမ်းအနားကို ဇူလိုင် ၃၁ ရက်က Gandamar Grand Ballroom ၌ ပြုလုပ်စဉ် (ဓာတ်ပုံ-ပြည့်ဖြိုးအောင်)

ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (YUPT Public Co.,Ltd) အနေဖြင့် ရှယ်ယာဝယ်ယူထားသည့် ယာဉ်ပိုင်ရှင်များကို လာမည့်နှစ်မှသာ ထိုက်သင့်သည့် အမြတ်ငွေပေးရန် စီစဉ်ထားပြီး ကျပ်လေးဘီလျံ အသုံးပြု၍ ယာဉ်အစီးရေ ၅၀ စီး ထပ်မံဝယ်ယူမည် ဖြစ်ကြောင်း ဇူလိုင် ၃၁ ရက်က Gandamar Grand Ballroom တွင်ပြုလုပ်သည့့်YUPT ကုမ္ပဏီ၏ ပထမအကြိမ် နှစ်ပတ်လည် အထွေထွေ အစည်းအဝေးနှင့် ဒါရိုက်တာရွေးချယ်ပွဲ အခမ်းအနားမှ သိရသည်။

“၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှာလည်း အမြတ်ထွက်ပေါ်ပြီး ဖြစ်ပါတယ်။ အဲဒါကိုလည်း အမြတ်ထွက်ပေါ်လို့ အမြတ်ခွန်မှာလည်း ဆောင်နေပါပြီ။ အဲဒီတော့ ဒီဘက် မနက်ဖြန် (သြဂုတ် ၁ ရက်) ကစပြီး ကုမ္ပဏီဥပဒေ အသစ်ကလည်း ပေါ်လာပါပြီ။ အဲဒီမှာ Results Firm တစ်ခုကို ဥပဒေအရ ထားရှိရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြတ်ထားတဲ့ အမြတ်ရှယ်ယာတွေကို Results Firm ထဲကို ထည့်လိုက်ပြီးတာနဲ့ လာမယ့်နှစ်မှာ အမြတ်ငွေတွေကို ထုတ်ပေးသွားနိုင်မှာ ဖြစ်ပါတယ်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ ကျွန်တော်တို့က ၁၆ ရက် တစ်လမှာ စပြီးဆွဲတာ ဖြစ်တဲ့အတွက် ဘဏ္ဍာရေးနှစ်က နှစ်လခွဲပဲရှိလို့ နှစ်လခွဲရဲ့အမြတ်ကို ပေးသွားမှာပါ” ဟု YUPT Public Co.,Ltd ဒါရိုက်တာ တစ်ဦးဖြစ်သည့် ဦးကိုကိုနိုင်က ပြောကြားသည်။

ကုမ္ပဏီ၏ ရှယ်ယာများကို စတင်တည်ထောင်စဉ်က ရှယ်ယာတစ်စု ကျပ်သိန်း ၉၀ ဖြင့် ကုမ္ပဏီကို တည်ထောင်လိုသော ပုဂ္ဂိုလ်များ စုစည်း၍ တည်ထောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ရှယ်ယာကို အများပြည်သူကို ထပ်မံရောင်းချခြင်း မရှိသေးသော်လည်း လာမည့် ငါးလအတွင်း အများပြည်သူ အနေဖြင့် ရှယ်ယာတစ်စုလျှင် ကျပ်တစ်သိန်းဖြင့် လွတ်လပ်စွာ ဝယ်ယူနိုင်မည်ဖြစ်ပြီး သိန်း ၁၀၀၀ အထက် ဝယ်ယူလိုပါက ကုမ္ပဏီ ဒါရိုက်တာအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့်သာ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် YUPT Public Co.,Ltd မှ ယာဉ်လိုင်းများ တိုးချဲ့ပြေးဆွဲနိုင်ရန်နှင့် အမြင်မသင့်တော်သည့် ယာဉ်များနေရာတွင် အစားထိုး လဲလှယ်နိုင်ရန်အတွက် ခန့်မှန်းတန်ဖိုး ကျပ်လေးဘီလျံ တန်ဖိုးရှိသည့် ယာဉ်အသစ် အစီး ၅၀ စီးကို ဝယ်ယူသွားမည် ဖြစ်ကြောင်းနှင့် YUPT ကုမ္ပဏီအနေဖြင့် ယာဉ်လိုင်းပေါင်း ၂၀ ကို ယာဉ်အစီးရေ ၁၂၆၀ စီးဖြင့် ပြေးဆွဲလျက်ရှိပြီး အဆိုပါ ယာဉ်လိုင်း ၂၀ မှ တစ်နေ့လျှင် ဝင်ငွေ ကျပ်သိန်း ၉၀၀ ဝန်းကျင် ရှိကြောင်း သိရသည်။

ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် (YUPT Public Co.,Ltd) ကို စတင်တည်ထောင်စဉ် မတည်,တည်ထောင်သူအဖြစ် ပါဝင်မည့်သူများ အနေဖြင့် အစုရှယ်ယာ တစ်စုလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ကုမ္ပဏီ အစုရှယ်ယာရှင် စုစုပေါင်း ၂၉၀ ၏ ရင်းနှီးမြှုပ်နှံငွေ ကျပ် ၅ ဒသမ ၆၃၄၄ ဘီလျံ ရှိပြီး ရန်ကုန်တိုင်း အစိုးရအဖွဲ့မှ ယာဉ်အသစ်များ ထည့်ဝင်သည့် ငွေကျပ်မှာ ၃၅ ဘီလျံဖြစ်ကာ ကုမ္ပဏီ၏ စုစုပေါင်း ရင်းနှီးမြှုပ်နံှငွေ ၄၀ ဒသမ ၆၃၄၄ ဘီလျံဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent