လက်ရှိဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးတို့နှင့်ပတ်သက်၍ UPDJC နိုင်ငံရေးပါတီများအစုအဖွဲ့က တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိ

လက်ရှိဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးတို့နှင့်ပတ်သက်၍ UPDJC နိုင်ငံရေးပါတီများအစုအဖွဲ့က တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိ
Published 1 August 2018

UPDJC နိုင်ငံရေးပါတီများအစုအဖွဲ့မှ ရှမ်းပြည်နယ် လားရှိုးမြို့တွင် ဇူလိုင် ၂၉ ရက်မှ ၃၀ ရက်အထိ ဆွေးနွေးပွဲပြုလုပ်နေစဉ်

လက်ရှိဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးတို့နှင့် ပတ်သက်၍ ပြည်ထောင်စုငြိမ်းချမ်း ရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC ) နိုင်ငံရေးပါတီများအစုအဖွဲ့က တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဆွေးနွေးပွဲများ ဆက်တိုက်ပြုလုပ်သွားမည်ဖြစ်ကြောင်း UPDJC အတွင်းရေးမှူး စိုင်းကျော်ညွန့်က ဇူလိုင် ၃၀ ရက်တွင် ပြောကြားသည်။

UPDJC နိုင်ငံရေးပါတီများအစုအဖွဲ့က ဒေသအချို့ကို သွားရောက်ပြီး ဒေသအခြေစိုက် နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့ အစည်းများနှင့်ပြည်သူများနှင့်တွေ့ဆုံကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်သော ကိစ္စရပ်များ၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနှင့် စပ်လျဉ်းသော ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးရှင်းလင်းလျက်ရှိကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC ) အတွင်းရေးမှူး စိုင်းကျော်ညွန့်က ဆိုသည်။

ယင်းကဲ့သို့ တွေ့ဆုံပွဲများကို မြိတ်မြို့နှင့် မော်လမြိုင်တို့တွင် ပြုလုပ်ခဲ့သည့်အပြင် ဇူလိုင် ၂၉ ရက်မှ ၃၀ ရက်အထိ ရှမ်းပြည်နယ် လားရှိုးမြို့၌ ပြုလုပ်ခဲ့သည်။

“လားရှိုးကတော့ တတိယအကြိမ်လို့ ပြောလို့ရပါတယ်။ လားရှိုးမှာလုပ်တာလည်း ဒေသအခြေစိုက် နိုင်ငံရေးပါတီ၊ ဒေသအခြေစိုက် အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ နောက်စာပေယဉ်ကျေးမှုအဖွဲ့အစည်းတွေ နောက်ပြီးတော့ ပြည်သူတွေကို ဖိတ်ကြားပြီးတော့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ရှင်းပြတာ။ ကျွန်တော်တို့ တောက်လျှောက်တစ်လ တစ်ကြိမ်ပေါ့လေ။ ပြည်နယ်တွေရော၊ တိုင်းဒေသကြီးတွေရော သွားပြီးတော့ ရှင်းလင်းတင်ပြဖို့ရှိပါတယ်။ ကျွန်တော်တို့ အစီအစဉ် ဆွဲပြီးသားဖြစ်ပါတယ်” ဟု စိုင်းကျော်ညွန့်က ပြောကြားသည်။

လာမည့် သြဂုတ်လတွင်လည်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ပြုလုပ်ရန် လျာထားကြောင်း စိုင်းကျော်ညွန့်၏ ပြောကြားချက်အရ သိရသည်။

ထိုသို့ဆွေးနွေးပွဲများ ပြုလုပ်ရာတွင် အပိုင်းသုံးပိုင်းဖြင့် ပြုလုပ်ပြီး အဆိုပါအပိုင်း သုံးပိုင်းမှာ လက်ရှိဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခြင်းနှင့် ဖက်ဒရယ်ရေးရာ ကျွမ်းကျင်သူများ၊ ပညာရှင်များပါဝင်သည့် စကားဝိုင်း ဆွေးနွေးပွဲပြုလုပ်ခြင်းတို့ဖြစ်ကြောင်း စိုင်းကျော်ညွန့်က ဆိုသည်။

ဆက်လက်၍ ဦးစိုင်းကျော်ညွှန့်က “ကျွန်တော်တို့နိုင်ငံရေးပါတီများအနေနဲ့ ပြည်သူတွေနဲ့ အနီးစပ်ဆုံး၊ အနီးကပ်ဆုံးရှိနေတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိစ္စတွေ နောက်ပြီးတော့ ကျွန်တော်တို့ အနာဂတ်မှာ တည်ထောင်မယ့် ဖက်ဒရယ်ပြည်ထောင်စု ကိစ္စတွေကို ကျွန်တော်တို့က ထဲထဲဝင်ဝင် လုပ်ဆောင်တဲ့အချိန်မှာ ပြည်သူတွေကလည်း ကျွန်တော်တို့ နိုင်ငံရေး ပါတီတွေကို တစ်တပ်တစ်အားပေါ့လေ။ ဝိုင်းဝန်းပြီးတော့ ကူညီထောက်ပံ့ပေးဖို့ ကျွန်တော်အနေနဲ့တော့ ပန်ကြားလိုတယ်” ဟု  ပြောကြားသည်။

UPDJC ကို အစုအဖွဲ့ငါးခုဖြင့် ဖွဲ့စည်းထားပြီး  အစိုးရအစုအဖွဲ့၊ လွှတ်တော်အစုအဖွဲ့၊ တပ်မတော်အစုအဖွဲ့၊  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အစုအဖွဲ့နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့တို့ ပါဝင်သည်။

Most Read

Most Recent