ထားဝယ်မြို့ အရှေ့ဘက်ရှိ MPC ကုမ္ပဏီ၏ ဟိန္ဒားသတ္တုမိုင်းတွင် တစ်လအတွင်း ဒုတိယအကြိမ် မြေပြိုကျမှုကြောင့် ဒေသခံတစ်ဦး သေဆုံး

ထားဝယ်မြို့ အရှေ့ဘက်ရှိ MPC ကုမ္ပဏီ၏ ဟိန္ဒားသတ္တုမိုင်းတွင် တစ်လအတွင်း ဒုတိယအကြိမ် မြေပြိုကျမှုကြောင့် ဒေသခံတစ်ဦး သေဆုံး
Published 1 August 2018

ဟိန္ဒားသတ္တုမိုင်းလုပ်ကွက် B ၌ မြေပြိုကျမှုကို တွေ့ရစဉ် (ဓာတ်ပုံ - စည်သူ)

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၏ အရှေ့ဘက် မိုင် ၃၀ ကျော်အကွာ ဟိန္ဒားရွာရှိ ထိုင်းနိုင်ငံသားပိုင် မြန်မာပွန်ပီပက်ကုမ္ပဏီ (Myanmar PongPiPat Co.,Ltd – MPC) က လုပ်ကိုင်နေသည့် ဟိန္ဒားခဲမဖြူနှင့် အဖြိုက်နက် သတ္တုမိုင်းတွင် တစ်လအတွင်း ဒုတိယအကြိမ်အဖြစ် ဇူလိုင် ၃၀ ရက် ညနေပိုင်းက မြေပြိုကျမှု ထပ်မံဖြစ်ပွားခဲ့ပြီး ဒေသခံတစ်ဦး မြေပိ၍ သေဆုံးခဲ့ကြောင်း သိရသည်။

မြေပြိုကျမှု ဖြစ်ပွားခဲ့သည့်နေရာမှာ ဟိန္ဒားသတ္တုမိုင်းလုပ်ကွက် ဆိုက် (B) တောင်ဘက်ရှိ ဒေသအခေါ် မရမ်းချိုင်လျှို အတွင်း၌ ဖြစ်ပြီး တစ်နိုင်တစ်ပိုင် လုပ်ကိုင်စားသောက်နေသည့် ဒေသခံများ ခဲယင်းနေစဉ် ပြိုကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ မြေပြိုကျမှုကြောင့် စွန့်ပစ်မြေစာပုံ လျှိုအတွင်း ခဲယင်းနေသည့်  မြောင်းပြိုကျေးရွာနေ ကိုဇော်မင်းဦး (၂၆ နှစ်) မှာ မြေပိ၍ သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ဖြစ်တဲ့နေရာက ဒေသအခေါ်ဆိုရင် နံပါတ် ၂၊ ၃၊ ၄၊ ၅ လျှိုဆိုပြီး ဒေသအခေါ် နာမည်တွေရှိတာပေါ့နော်။ အရင်ကတည်းက ခဲရှာဖွေလုပ်ကိုင်စားသောက်နေတဲ့ ခဲထုတ်တဲ့ နယ်မြေတွေမှာ သူတို့ဒေသအခေါ်နဲ့ လျှိုလေးတွေ သတ်မှတ်ထားတာ။ အဲဒီလျှိုမှာ အရင်တစ်ပတ်က သေတာက နံပါတ် ၅ လျှိုမှာ။ အခုဖြစ်တာက နံပါတ် ၂ လျှိုမှာပါ။ ဟိန္ဒား မိုင်းကနေပြီး တူးထားတဲ့နေရာမှာ မလိုတဲ့ သတ္တုပါဝင်မှုနည်းတဲ့ မြေတွေကို အဲဒီလျှိုထဲကို ပစ်ချထားတယ်။ ပစ်ချထားတဲ့ မြေတွေက မိုးရွာရင် ဒေသခံတွေက အဲဒီလျှိုတွေမှာ ရှာစားကြတာပေါ့နော်။ အဲဒီနေ့မှာ မိုးက မနက်ပိုင်းရော ညနေပိုင်းပါ ရွာခဲ့တော့ အဲဒီမြေစာတွေက ရေနဲ့အလုံးအရင်း ဆင်းလာတဲ့အချိန် ညနေပိုင်း ၃ နာရီလောက်မှာ မြောင်းပြိုရွာက ကောင်လေး အဲဒီမှာ မြေဖုံးပြီး သေသွားတယ်။ အဲဒီနေရာက ဒီအတိုင်း စွန့်ပစ်တဲ့မြေတွေကို  စနစ်တကျခိုင်ခံ့ပြီး ကြံ့ခိုင်အောင် မလုပ်ထားဘူး ဆိုလို့ရှိရင်၊ ဒီလိုပဲ မိုးကြီးလာရင်၊ မိုးရွာလို့ရှိရင် ဒေသခံတွေကို ထပ်ပြီးထိခိုက်နိုင်တယ်။ အခုလည်း ဒီလထဲမှာကို နှစ်ယောက် ဖြစ်နေပြီပေါ့နော်။ ဖားကန့်လို ဖြစ်နေတာပေါ့ ကျွန်တော်တို့ဒေသမှာ။ တကယ်ဆိုရင် စွန့်ပစ်မြေစာ အဓိကဆိုးကျိုးတွေပေါ့” ဟု ဟိန္ဒားသတ္တုမိုင်းအနီးရှိ မြောင်းပြိုရွာမှ ဒေသခံဖြစ်သူ ဦးရဲအောင်က ပြောကြားသည်။

Most Read

Most Recent