<

တိုက်ပွဲများမရပ်တန့်နိုင်ဘဲ ငြိမ်းချမ်းရေးအစည်းအဝေးများ ကျင်းပနေခြင်းသည် နိုင်ငံရေးပြဿနာကို မည်သို့မျှဖြေရှင်းနိုင်မည်မဟုတ်ဟု TNLA ကြေညာ

လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများ ရပ်တန့်နိုင်ခြင်းမရှိဘဲ ငြိမ်းချမ်းရေးအစည်းအဝေးများ ကျင်းပနေခြင်းသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာကို မည်သို့မျှ ဖြေရှင်းနိုင်မည်မဟုတ်ဟု တအန်းလက်နက်ကိုင်အဖွဲ့ (TNLA ) ၏ ဗဟိုကော်မတီ ခြောက်လပတ် အစည်းအဝေးက ကြေညာသည်။

TNLA ၏ ဗဟိုကော်မတီ ခြောက်လပတ်အစည်းအဝေးကို ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ TNLA ဗဟိုစစ်ရုံးချုပ်တွင် ဇူလိုင် ၂၁ ရက်မှ ၂၅ ရက်အထိ ပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးနှင့်ပတ်သက်သည့် ကြေညာချက်ကို ဇူလိုင် ၃၁ ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ပင်လုံအစည်းအဝေးကျင်းပပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဖော်ဆောင်ရန် ကြိုးပမ်းနေသော်လည်း လက်တွေ့တွင် တိုင်းရင်းသားဒေသများ၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး အဆိုပါတိုက်ပွဲများကို TNLA ၏ အစည်းအဝေးက ကန့်ကွက်ရှုတ်ချကြောင်း TNLA ဗဟိုကော်မတီ ခြောက်လပတ် အစည်းအဝေး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

TNLA ၏ ယခုအစည်းအဝေးသို့ ဒုတိယဥက္ကဋ္ဌ တာခူးလန်းတက်ရောက်ခဲ့ပြီး ၎င်းအနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ တတိယအစည်းအဝေးဖွင့်ပွဲနှင့် ညစာစားပွဲသို့ တက်ရောက်ခဲ့မှု၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့မှုများကို ယခုအစည်းအဝေးတွင် ပြန်လည်တင်ပြခဲ့ကြောင်းလည်း သိရသည်။

“အလွတ်သဘောဆွေးနွေးတဲ့အခါမှာ တိုက်ပွဲတွေလျှော့ချဖို့ပါတယ်။ နောက်ထပ် တွေ့ဆုံဆွေးနွေးဖို့ နိုင်ငံရေး နည်းလမ်းနဲ့ ဆက်လက်ဆွေးနွေးမယ်ဆိုတာတွေ ဒါတွေလည်း ပါပါတယ်။ဒါတွေကို ကျွန်တော်တို့ရဲ့ ကြေညာချက်မှာလည်း ထည့်သွင်းဖော်ပြထားပါတယ်” ဟု TNLA သတင်းနှင့်ပြန်ကြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး တာအိုက်ကျော်က ပြောကြားသည်။

တပ်မတော်အနေဖြင့် လက်ရှိငြိမ်းချမ်းရေးမူ သဘောထားကို ပြုပြင်ပြောင်းလဲကာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးပါဝင်ပြီး နိုင်ငံရေးတွေ့ဆုံဆွေးနွေးအဖြေရှာနိုင်မှသာ မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်မည်ဟု TNLA ဗဟိုကော်မတီအစည်းအဝေးက သုံးသပ်သည်။

TNLA ၏ ခြောက်လပတ် ဗဟိုကော်မတီအစည်းအဝေးတွင် ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်း တရားဥပဒေစိုးမိုးမှု ရရှိရန်အတွက TNLA တရားစီရင် ရေးဌာနမှ တရားစီရင်ရေးလုပ်ငန်းများကို စီရင်ဆုံးဖြတ်ဆောင်ရွက်သွားနိုင်ရန်နှင့် ရာဇ၀တ်မှုကျူးလွန်သူများကို ဖမ်းဆီးအရေးယူရန်အတွက် အုပ်ချုပ်ရေးဌာနက ဦးဆောင်သည့် တရားဥပဒေစိုးမိုးရေးဖော်ဆောင်ရေး အလုပ်အဖွဲ့မှ တာဝန်ယူဆောင်ရွက်သွားမည်ဟူသည့် ထူးခြားသော လုပ်ငန်းစဉ်တစ်ခုကိုလည်း ချမှတ်နိုင်ခဲ့ကြောင်း အစည်းအဝေး ကြေညာချက်အရ သိရသည်။

စစ်ရေးဖိအားအမျိုးမျိုးနှင့်နိုင်ငံရေး ဖိနှိပ်ကန့်သတ်မှုမည်မျှပင် ပြင်းထန်ခက်ခဲနေစေကာမူ TNLA အနေဖြင့် ပလောင်လူ ထုနှင့်လက်တွဲကာ တအန်းအမျိုးသားနိုင်ငံရေး ဦးတည်ချက်ပန်းတိုင် မရောက်မချင်း ကြိုးပမ်းဆောင်ရွက်သွားရန် TNLA  က ကြေညာခဲ့ပြီး ယခုအစည်းအဝေးသို့ ဗဟိုကော်မတီဝင်၊ အရန်ဗဟိုကော်မတီအဖွဲ့ဝင် ခေါင်းဆောင်များ၊ လုပ်ငန်းဌာနမှူးများ၊ TNLA  အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အုပ်ချုပ်ရေးမှူး စုစုပေါင်း  ၁၀၈  ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

July 31, 2018














Copy Protected by Chetan's WP-Copyprotect.