ရန်ကုန်-သထုံ-ဘားအံ ကားလမ်းပေါ်ရှိ သံလွင်တံတား (ဘားအံ) ချဉ်းကပ်လမ်းနှစ်ဖက်၌ ရေအနက် လေးပေခန့် ရှိနေသဖြင့် ဖြတ်သန်းသွားလာမှု ယာယီပိတ်ထား

ရန်ကုန်-သထုံ-ဘားအံ ကားလမ်းပေါ်ရှိ သံလွင်တံတား (ဘားအံ) ချဉ်းကပ်လမ်းနှစ်ဖက်၌ ရေအနက် လေးပေခန့် ရှိနေသဖြင့် ဖြတ်သန်းသွားလာမှု ယာယီပိတ်ထား
Published 1 August 2018

သံလွင်တံတား (ဘားအံ) ချဉ်းကပ်လမ်း သံလွင်မြစ်ရေ လွှမ်းမိုးနေသည်ကို ဇူလိုင် ၃၁ ရက်က တွေ့ရစဉ်

သံလွင်မြစ်ရေသည် ဇူလိုင် ၃၁ ရက် မွန်းတည့် ၁၂ နာရီခွဲ တိုင်းထွာချက်အရ ၎င်း၏စိုးရိမ်ရေ အမှတ်အထက် ၉၂၈ စင်တီ မီတာသို့ ရောက်ရှိနေပြီး ရေအမှတ်အနည်းငယ် ကျဆင်းနေသော်လည်း ရန်ကုန်-သထုံ -ဘားအံ ကားလမ်းပေါ်ရှိ သံလွင်တံတား (ဘားအံ) ချဉ်းကပ်လမ်း နှစ်ဖက်နှစ်ချက်၌ ရေအနက် လေးပေခန့် ရှိနေသဖြင့် ဖြတ်သန်းသွားလာမှု ယာယီပိတ်ထားဆဲဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ကရင်ပြည်နယ် လမ်းဦးစီးဌာနမှ အသိပေး နှိုးဆော်ချက် ထုတ်ပြန်ထားသည်။

“ဘားအံမြို့ မြေနိမ့်ရပ်ကွက်တိုင်း မြစ်ရေလွှမ်းမိုးသလို သံလွင်တံတား ချဉ်းကပ်လမ်းပေါ်မှာ မြစ်ရေတိုးပြီး ရေအနက်က လေးပေလောက်ရှိတော့ ကားတွေရှေ့ဆက်တိုးလို့ မရဘူး။ အရမ်းအန္တရာယ် ကြီးပါတယ်။ ဒါကြောင့် တံတားပေါ် ဖြတ်သန်းခွင့် ယာယီပိတ်သိမ်းရခြင်း ဖြစ်ပါတယ်။ ကားတွေ အန္တရာယ်ကင်းကင်း ဖြတ်သန်းနိုင်တဲ့ အနေအထားရောက်ရင် ပြန်လည်ဖွင့်လှစ် ပေးသွားမှာ ဖြစ်ပါတယ်” ဟု ကရင်ပြည်နယ် လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသောင်းဟန်စိုးက ပြောကြားသည်။

ကရင်ပြည်နယ် လမ်းဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ဘားအံ-သထုံ သွားရောက်မည့် ပြည်သူများအတွက် အိန္ဒု-ဇာသပြင် (အကောက်လမ်းပိုင်း) ကို အသုံးပြုပြီး မော်လမြိုင်မြို့မှတစ်ဆင့် မုတ္တမ-ပေါင်-သထုံ လမ်းပိုင်းအား အသုံးပြုပါက အဆင်ပြေစွာ သွားလာနိုင်မည် ဖြစ်ကြောင်း ဇူလိုင် ၃၁ ရက်က ထုတ်ပြန်ထားသည့် လမ်းဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 

Most Read

Most Recent