ဂျိုင်း (ကော့ကရိတ်) ပွန်တွန်းတံတားမှ ယာဉ်သွားလာ၍ မရသေးသဖြင့် ကုန်တင်ယာဉ်များ စောင့်ဆိုင်းနေရပြီး ကုန်သွယ်မှုရပ်တန့်

ဂျိုင်း (ကော့ကရိတ်) ပွန်တွန်းတံတားမှ ယာဉ်သွားလာ၍ မရသေးသဖြင့် ကုန်တင်ယာဉ်များ စောင့်ဆိုင်းနေရပြီး ကုန်သွယ်မှုရပ်တန့်
Published 1 August 2018

ဂျိုင်း (ကော့ကရိတ်) ပွန်တွန်းတံတားမှ ယာဉ်သွားလာ၍ မရသေးသဖြင့် ကုန်တင်ယာဉ်များ စောင့်ဆိုင်းနေစဉ်

မြဝတီနယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိ ဂျိုင်း(ကော့ကရိတ်) တံတား ပတ်ဝန်းကျင် ရေပြည့်ရေလျှံ နေဆဲဖြစ်ကာ ပွန်တွန်းတံတားပေါ်မှ ကုန်တင်ယာဉ်များ သွားလာ၍ မရသေးခြင်းကြောင့် ၁၀ မိုင်ခန့် ရှည်လျားသည့် ကုန်တင်ယာဉ် ရာပေါင်းများစွာတို့မှာ ဇူလိုင် ၃၁ ရက်အထိ စောင့်ဆိုင်းနေရဆဲ ဖြစ်ကြောင်း သိရသည်။

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိ ဂျိုင်း(ကော့ကရိတ်) ပွန်တွန်းတံတား ချဉ်းကပ်လမ်းပေါ်တွင် ရေအနက် ခုနစ်ပေခန့် ကျော်နေသဖြင့် ဖြတ်သန်းသွားလာ၍ မရရှိသေးခြင်းကြောင့် ကုန်သွယ်မှု၊ ကုန်စည်စီးဆင်းမှု ရပ်တန့်လျက်ရှိကြောင်း သိရသည်။ ကျုံဒိုးတံတားမှ ကျားကလေး လမ်းဆုံအထိ လမ်းပိုင်းတွင်လည်း နှစ်ပေခန့် ရေကျော်နေသည့်နေရာ သုံးနေရာရှိနေကာ ကားလေးအချို့ ဖြတ်မသွားရဲဘဲ စောင့်ဆိုင်းနေရဆဲဖြစ်သည်။

ထိုင်းကုန်စည်များ ပြည်တွင်းဈေးကွက်သို့ တင်ပို့မှုရပ်ဆိုင်း နေသလို မြန်မာ့ကုန်စည်များလည်း နယ်စပ်မြဝတီမြို့သို့ ဝင်ရောက်မှု မရှိခြင်းကြောင့် အခြေခံ စားကုန်များ အနည်းငယ် ဈေးတက်စပြုနေပြီ ဖြစ်ကြောင်း သိရသည်။ မြဝတီမြို့တွင် အဓိကစားသောက်ကုန် ဆန်ဈေးအနည်းငယ်သာ မြင့်တက်လာ သော်လည်း ကွမ်းရွက်ဈေးမှာ သုံးဆခန့်မြင့် တက်သွားခဲ့ကြောင်း၊ ယခင်ကွမ်းရွက် တစ် ပိဿာ ကျပ် ၄၅၀၀ မှ ယခုကုန်သွယ်မှု ရပ်တန့်နေခြင်းကြောင့် ကွမ်းတစ်ပိဿာ ကျပ် ၁၂၀၀၀ ကျော်အထိ မြင့်တက်လျက်ရှိကြောင်း သိရသည်။

ထို့အတူ ဘားအံမြို့တွင်လည်း ကုန်ပစ္စည်းများ ဈေးတက်နေကြောင်းကို ကုန်စုံဆိုင်ရှင်တစ်ဦးက “ဘားအံမှာ ကုန်သွယ်ရေး အခက်အခဲ တော်တော်လေး ဖြစ်နေပြီ။  မြဝတီဘက်ကလည်း စားကုန်က မဝင်တော့ဘူး။ မော်လမြိုင်နဲ့ သထုံဘက်ကလည်း စား ကုန်မဝင်တော့ဘူး။ တစ်မြို့နယ်လုံးက ရေ မြုပ်နေတာ ဘာစားပင်မှ မကျန်တော့ဘူး။ ဈေးထဲမှာလည်း တချို့အသီးအရွက်က သုံးဆလောက် ဈေးတက်သွားတယ်။ ဝယ်လို့ရနေတာပဲ ကျေးဇူးတင်ရမှာ။ နောက်သုံးရက်လောက်ဆို အခုရောင်းနေတဲ့ လက်ကျန်ကုန်လည်း ရှိမှာမဟုတ်တော့ဘူး” ဟု ဆိုသည်။

ကရင်ပြည်နယ် ဘားအံမြို့တွင် ၁၀ ရက်ကြာသည်အထိ ရေပြည့်ရေလျှံဖြစ်ခဲ့ပြီး ဇူလိုင် ၃၁ ရက်တွင် အနည်းငယ် ကျသွားသော်လည်း စိုးရိမ်နေရဆဲဖြစ်ကာ ဘားအံမြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ လှိုင်းဘွဲမြို့နယ် အပါအဝင်မြို့နယ်၊ ကျေးရွာအများအပြား ရေနစ်မြုပ်ခဲ့ပြီး ဇူလိုင် ၃၁ ရက်တွင် အနည်းငယ် ကျသွားသော်လည်း စိုးရိမ်နေရဆဲဖြစ်ကာ သွားလာရေး ခက်ခဲနေဆဲဖြစ်ကြောင်း သိရသည်။

သံလွင်မြစ်ရေသည် ဇူလိုင် ၃၀ ရက် ည ၆ နာရီအထိ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်နေသည့်အပြင် မိုးအဆက်မပြတ် ရွာသွန်းခြင်းတို့ကြောင့် ဘားအံ-သထုံကားလမ်းနှင့် ဘားအံ-ဇာသပြင်အဖြောင့်လမ်းရှိ အချို့ နေရာများတွင် ရေအနက် နှစ်ပေနှင့် ငါးပေ အနက်ထိ ရေကျော်နေပြီး ဘားအံ-ကော့ကရိတ်-မြဝတီကားလမ်း တံတားအမှတ်  ၁-၃၆ ခရဲကမ်းနား ကျေးရွာအုပ်စု၊ ဥပုဒ်တောင်မုဒ်ဦးအနီးတွင် ကားလမ်းပေါ်သို့ ရေသုံးပေခန့် ကျော်နေသည့်အတွက် သတိပေး တားမြစ်ချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။

Most Read

Most Recent