ဘီးလင်းမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်စဉ် ရေစီးနှင့်အတူ မျောပါသွားခဲ့သည့် စစ်သည်သုံးဦးအနက် စစ်သည်တစ်ဦး၏ ရုပ်အလောင်း ထပ်မံတွေ့ရှိကြောင်းနှင့် ကျန်စစ်သည်တစ်ဦးအား ဆက်လက်ရှာဖွေလျက်ရှိကြောင်း ထုတ်ပြန်

ဘီးလင်းမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်စဉ် ရေစီးနှင့်အတူ မျောပါသွားခဲ့သည့် စစ်သည်သုံးဦးအနက် စစ်သည်တစ်ဦး၏ ရုပ်အလောင်း ထပ်မံတွေ့ရှိကြောင်းနှင့် ကျန်စစ်သည်တစ်ဦးအား ဆက်လက်ရှာဖွေလျက်ရှိကြောင်း ထုတ်ပြန်
Published 1 August 2018

ဘီးလင်းမြို့နယ်အတွင်း ရေဘေးသင့် ဒေသခံပြည်သူများအား ကူညီကယ်ဆယ်စဉ်ရေစီးနှင့်အတူ မျောပါသွားခဲ့သည့်  စစ် သည်သုံးဦးအနက် စစ်သည်တစ်ဦး၏ ရုပ် အလောင်းအား ထပ်မံတွေ့ရှိကြောင်းနှင့် ကျန်စစ်သည် တစ်ဦးအား ဆက်လက် ရှာဖွေလျက်ရှိကြောင်း ဇူလိုင် ၃၁ ရက် မွန်းလွဲ ပိုင်းက တပ်မတော် ကာကွယ်ရေး ဦးစီးဌာနမှ သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ဇူလိုင် ၃၁ ရက် နံနက် ၈ နာရီ ၄၅ မိနစ် တွင် မစောတံတား၏ တောင်ဘက် မီတာ ၁၄၀၀ ခန့်အကွာ ရေအောက်ရှိ ချုံနွယ်များ အတွင်း ငြိတွယ်လျက်ရှိသော စစ်သည်တစ်ဦး၏ ရုပ်အလောင်းအား ထပ်မံရှာဖွေ တွေ့ရှိခဲ့ပြီး ဘီးလင်းမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိကာ ၎င်းစစ်သည်ရုပ်အလောင်းအား စစ်အခမ်းအနားဖြင့် ကောင်းမွန်စွာ သြင်္ဂိုဟ်ပေးသွားမည် ဖြစ်ကြောင်းနှင့် ကျန်စစ်သည် တစ်ဦးအား ဆက်လက်ရှာဖွေ လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးဌာနမှ ထုတ်ပြန်ချက်အရသိရသည်။

“နံနက်က တပ်မတော်သားအလောင်း တစ်လောက်ထပ်တွေ့တယ်လို့ သိရတယ်။ နာမည်က တပ်သားဖြိုးရန်နိုင်ခန့်လို့ သိရပါတယ်။ ကျွန်တော်တို့ တောင်ကလေးရွာဘက်မှာ တပ်မတော်ကရော၊ မီးသတ်တွေရော၊ အရပ်ဘက်အဖွဲ့အစည်းတွေရော ဝိုင်းရှာရင်းနဲ့ ပြန်တွေ့တယ်လို့ သိရပါတယ်” ဟု တောင်ကလေးကျေးရွာ ဒေသခံတစ်ဦး ဖြစ် သူ ကိုထွန်းလင်းက ပြောကြားသည်။

ဇူလိုင် ၂၇ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ဘီးလင်းမြို့ လမ်းရေကျော်သည့် နေရာတွင် ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသော ကျိုက်ထိုမြို့ အမှတ် (၂) ခြေမြန်တပ်ရင်းမှ တပ်မတော်သား ခုနစ်ဦး ရေထဲမျောပါသွားရာ လေးဦးကယ်တင်ရရှိပြီး တပ်သားသုံးဦး ဖြစ်သည့် ဖြိုးရန်နိုင်ခန့်၊ ကျော်ကျော်၊ စောတင်မောင်ဝင်းတို့ ရေစီးနှင့်အတူ မျှောပါသွားခဲ့ပြီး သုံးရက်အကြာ ဇူလိုင် ၃၀ ရက် နံနက် ၁၁ နာရီ မိနစ်၄၀ တွင် တပ်မ (၄၄) ဒုဗိုလ်မှူးကြီး ဖြိုးဝေလတ်ဦးစီးအဖွဲ့ အမှတ် (၂) ခြေမြန်တပ်ရင်း ဗိုလ်ကြီးထွန်းလင်း တပ်စိတ်မှ မစောတံတားအနီး ရေအောက်ခံျုနွယ်နှင့် ညှိနေသည့် တပ်သား စောတင်မောင်ဝင်း အလောင်းအား ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ယင်းနောက် တပ်သားစောတင်မောင်ဝင်း၏ အလောင်းအား မွန်းလွဲ ၁ နာရီခွဲတွင် ဘီးလင်းမြို့နယ် ပြည့်သူ့ဆေးရုံရင်ခွဲရုံမှ နာရေးကူညီမှုယာဉ်ဖြင့် သယ်ဆောင်ခဲ့ပြီး ညနေ၄ နာရီ ၁၅ မိနစ်တွင်ဘီးလင်းမြို့၊ ကန်သာယာရပ်ကွက်၊ ဂျပန်ကုန်းရပ်ရှိ သုသာန်ဇရပ်၌ တပ်မတော် အခမ်းအနားဖြင့် သြင်္ဂိုဟ်ခဲ့ကြောင်းနှင့် ကျန်ရှိနေသည့် တပ်မတော်သား တစ်ဦးကိုလည်း စစ်ဘက် နယ်ဘက် လူမှုကယ်ဆယ်ရေးအဖွဲ့မှ ဆက်လက် ရှာဖွေနေကြောင်း သိရသည်။

Most Read

Most Recent