ဝိတ်ပေါ့ပဲတီစိမ်းများကို ငါးမွေးမြူရေး လုပ်ငန်းရှင်များ ဝယ်ယူအသုံးပြုနေမှုကြောင့် အရောင်းသွက်နေ

ဝိတ်ပေါ့ပဲတီစိမ်းများကို ငါးမွေးမြူရေး လုပ်ငန်းရှင်များ ဝယ်ယူအသုံးပြုနေမှုကြောင့် အရောင်းသွက်နေ
Published 1 August 2018

မန္တလေးပဲဈေးကွက်တွင် အရောင်းအဝယ် ပြုလုပ်နေကြစဉ် (ဓာတ်ပုံ-မန္တလေးကုန်စည်ဒိုင်)

မန္တလေးမြို့ရှိ ပဲသန့်စင်စက်ရုံများမှ စွန့်ပစ်ပစ္စည်း ဝိတ်ပေါ့ပဲတီစိမ်းများကို ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတို့မှ ငါးလုပ်ငန်းရှင်များက ငါးစာအဖြစ် အသုံးပြုဝယ်နေသည့် အတွက်ကြောင့် ဝိတ်ပေါ့ပဲတီစိမ်းများ မန္တလေးဈေးကွက်တွင် အရောင်းသွက်နေသည်ဟု ဦးစိုးဝင်းမြင့် (စိုးဝင်းမြင့်ပွဲရုံ) က ပြောကြားသည်။

မန္တလေးမြို့တွင် တရုတ်ပြည်သို့ ပဲတင်ပို့မှုအတွက် ပဲသန့်စင်စက်ရုံ ၁၀ ရုံခန့်ရှိပြီး အဆိုပါ ပဲသန့်စင်စက်များမှ ပဲတီစိမ်း အိတ် ၁၀၀ သန့်စင်လျှင် ဝိတ်ပေါ့ပဲအနေဖြင့် ငါး အိတ်မှ ၁၀ အိတ်အတွင်း ထွက်ရှိပြီး ဝိတ်ပေါ့ ပဲတီစိမ်း တစ်ပိဿာလျှင် ကျပ် ၅၈၀ နှုန်းဖြင့် လက်ရှိ မန္တလေး ပဲဈေးကွက်တွင် အရောင်းသွက်လျက်ရှိကြောင်း သိရသည်။

“တရုတ်ဝယ်လက်အနေနဲ့ ပဲတီစိမ်း များ ယနေ့ခေတ်တွင် တိုက်ရိုက် မတင်ပို့ဘဲ စက်ရုံများတွင် ပြန်လည်သန့်စင် ထုပ်ပိုးပြီး တင်ပို့ကြတယ်။ မန္တလေး အဝယ်တော် ကိုယ်စားလှယ်များက ကိုယ်ပိုင် သန့်စင်စက်တွေ တည်ထောင်ပြီး တရုတ်ပြည်ကို ပို့ကြတယ်။ ပဲတီစိမ်းအိတ် ၁၀၀ မှာ Damage အနေနဲ့ ငါးအိတ် မှ ၁၀ အိတ်အကြား စွန့်ပစ်ပစ္စည်းအဖြစ် ထွက်ရှိတယ်။ အရင်တုန်းက ဒါတွေကို ရန်ကုန်အခေါ် (ဝိတ်ပေါ့ ) စွန့်ပစ်ပစ္စည်း ဖြစ်ခဲ့တယ်။ ဒီဘက်နှစ်များတွင် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတို့မှာရှိတဲ့ ငါးလုပ်ငန်းရှင်များက ပြောင်းဖူးစေ့ဈေး မြင့်လာတဲ့အတွက် အစားထိုးအဖြစ် ပဲတီစိမ်း (စက်ရုံ စွန့်ပစ်ပစ္စည်း) များဝယ်ယူပြီး အစားတောင့် လုပ်ရာတွင် ပြန်လည်အသုံးပြုကြတယ်။ သန့်စင်စက်ရုံမှ ပဲတီစိမ်း စွန့်ပစ်ပစ္စည်းများကို အစားစက်ရုံ ပြန်လည်ဝယ်ယူနေသည့် အတွက် ပဲတီစိမ်းဈေး ကျနေပေမဲ့ ဝိတ်ပေါ့ ပဲဈေးနှုန်း မကျဘဲ ဖြစ်နေတယ်” ဟု ဦးစိုးဝင်းမြင့်က ပြောကြားသည်။

ဇွန်လဆန်းက စတင်ထွက်ရှိသည့် ပဲတီစိမ်းများမှာ ဇူလိုင်လ နောက်ဆုံးအပတ် သြဂုတ်လဆန်းလောက်တွင် နေပြည်တော် တပ်ကုန်း၊ မင်းဘူး၊ အောင်လံ၊ ပျော်ဘွယ်၊ ရမည်းသင်း၊ ပခုက္ကူ၊ စလင်း၊ မကွေး၊ စလင်း၊ မုံရွာ၊ ရွှေဘို စသည့် နယ်ပေါင်းစုံကနေ မန္တလေး ဈေးကွက်ထဲ အိတ်ပေါင်း ၃၀၀၀၀ ကျော်လောက် နေ့စဉ်ဝင်ရောက်နေပြီး ပေါ်ဦးပေါ်ဖျား ကာလတွင် သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၁၂၈၀၀၀ နှုန်းဖြင့် စတင်ခဲ့သော်လည်း ယခုလှိုင်လှိုင် ပေါ်ထွက်ချိန် ဇူလိုင်လကုန်ပိုင်းတွင် ကျပ် ၉၅၀၀၀ နှုန်းအထိ ကျဆင်းနေကြောင်း သိရသည်။

Most Recent