ထားဝယ်-မြိတ် အဝေးပြေးလမ်းမပေါ်မှ ဝင်းဝတံတားအား ရေကျော်ခဲ့သဖြင့် ကားအစီးရေ အများအပြားနှင့် ခရီးသွားများ ပိတ်မိနေ

ထားဝယ်-မြိတ် အဝေးပြေးလမ်းမပေါ်မှ ဝင်းဝတံတားအား ရေကျော်ခဲ့သဖြင့် ကားအစီးရေ အများအပြားနှင့် ခရီးသွားများ ပိတ်မိနေ
Published 31 July 2018

ဝင်းဝတံတားရေကျော်မှုကြောင့် မင်းဒပ်ရွာတွင်ယာဉ်များပိတ်မိနေစဉ်(photo-ချစ်ချစ်ဝင်း)

တနသာၤရီတိုင်းဒေသကြီး ထားဝယ်ခရိုင်ရှိ ထားဝယ်မြို့မှ ၃၈ မိုင်ခန့်အကွာ သရက်ချောင်းမြို့နယ် မင်းဒပ်ရွာတွင် မိုးသည်းထန်စွာ ဆက်တိုက် ရွာသွန်းနေမှုကြောင့် ဇူလိုင်လ ၃၀ ရက် ညနေပိုင်းမှ စတင်ကာ ရွာအနီးရှိ ဝင်းဝချောင်း ရေလျှံတက်လာပြီး ထားဝယ်-မြိတ် အဝေးပြေးလမ်းမပေါ်မှ ဝင်းဝတံတားအား ရေကျော်တက်ခဲ့သဖြင့် ကားအစီးရေ အများအပြားနှင့် ခရီးသွားများ ပိတ်မိနေကြောင်း သိရသည်။

ဇူလိုင်လ ၃၀ ရက် မွန်းလွဲပိုင်းမှစ၍ ထားဝယ်-မြိတ် အဝေးပြေးလမ်းမပေါ်ရှိ သရက်နှစ်ခွ၊ ဆင်ကူး၊ စုံစင်ဖျား၊ မင်းဒပ်စသည့် နေရာများတွင် လမ်းမပေါ်သို့ တစ်ပေမှ သုံးပေကျော်ခန့်အထိ ရေများ ကျော်တက်လျှက်ရှိပြီး ဇူလိုင်လ ၃၀ ရက် ညနေ ၆ နာရီအချိန်ထိ သတင်းများအရ နေရာအချို့တွင် ယာဉ်များဖြတ်သန်း၍ ရနေသေးသော်လည်း ရေစီးသန်လျှက် ရှိသည့်အပြင် မင်းဒပ်ရွာအနီးရှိ ဝင်းဝတံတားတွင်မူ ရေများ ထပ်မံ မြင့်တက်လာသဖြင့် ယာဉ်အချို့မဖြတ်သန်းဘဲ အခြေအနေ စောင့်ကြည့်နေသည်ဟု ယင်းနေရာသို့ ရောက်ရှိနေသည့် ထားဝယ် တက်ကြွလူငယ်အဖွဲ့ဝင် တစ်ဦးဖြစ်သူ ကိုဝေဖြိုးက ပြောကြားသည်။

ဇူလိုင်လ ၃၁ ရက် နံနက် ၁ နာရီခန့်အချိန်ထိ နောက်ဆုံး သတင်းရရှိချက်အရ အဆိုပါ မင်းဒပ်ရွာအနီးရှိ ဝင်းဝချောင်းရေမှာ ဇူလိုင်လ ၃၀ ရက် ညနေပိုင်းမှစ၍ လျှင်မြန်စွာ တဖြေးဖြေးမြင့်တက်လာပြီး ဝင်းဝတံတားအား ရေကျော်တက်ခဲ့သည့်အပြင် အနီးရှိ မင်းဒပ်ရွာတစ်လျောက် လမ်းများပေါ်သို့ပါ ရေများကျော်လာခဲ့သဖြင့် ထားဝယ်ဘက်မှ မြိတ်ဘက်သို့ အဆင်းယာဉ်များနှင့် မြိတ်ဘက်မှ ထားဝယ်ဘက်သို့တက်လာသည့်ယာဉ်များ ဖြတ်သန်း၍ မရတော့ဘဲ ယာဉ်အစီးရေ ဆယ်ချီကာ ပိတ်မိနေပြီး အခြေအနေစောင့်ကြည့်လျှက်ရှိကြောင်း၊ လက်ရှိအခြေအနေအရ မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းနေဆဲဖြစ်ပြီး ခရီးသည်တင်ယာဉ်များနှင့် ကုန်တင်ယာဉ်များ ရေလွတ်ရာနေရာတွင် ရွှေ့ပြောင်း ရပ်နားထားရသည်ဟု အဆိုပါနေရာသို့ရောက်ရှိနေသည့် ခရီးသည်တစ်ဦးက ပြောကြားသည်။

“မြိတ်ကနေ ၆ နာရီ တက်လာတာ၊ ၁၁ ခွဲမှာ မင်းဒပ်ကို ရောက်တယ်၊ အခုထိုင်နေရင်း ၁၂ နာရီကျော်လာပြီ၊ အဲမှာ လှေနဲ့ဆိုင်ကယ်တင်ပြီး ကူးတဲ့လူ သုံးဦး ရေနစ်တယ်၊ တစ်ဦး ရှာမတွေ့ဘူး၊ နှစ်ဦးတော့ ပြန်ရတယ်လို့ ပြောသံကြားတယ်၊ တံတားက ရေနစ်နေပြီ၊ ကားတွေ ပြန်လှည့်နေရတယ်၊ မြိတ်ကိုတော့ ပြန်မလှည့်ဘူး၊ မိုးလင်းထိ စောင့်ကြည့်မယ်လို့ ကားဆရာတွေက ပြောနေတယ်၊ လမ်းပေါ်မှာ ရေစီးအတော်ကြမ်းတယ်”ဟု မင်းဒပ်ရွာတွင် ပိတ်မိနေသည့် မချစ်ချစ်ဝင်းက ဇူလိုင်လ ၃၁ ရက် နံနက် ၁ နာရီအချိန်ခန့်တွင် ပြောကြားသည်။

ထားဝယ်ဒေသအနှံ့တွင် ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းခဲ့သောကြောင့် တောင်ကျရေ ကျဆင်းမှု များလာသဖြင့် ဇူလိုင်လ ၃၀ ရက် နံနက်ပိုင်းမှစတင်ကာ ထားဝယ်ဒေသအနှံ့ရေကြီးရေလျှံမှုဖြစ်ပွားပြီး လမ်းပိုင်းအချို့ရေကျော်ခဲ့သည့်အပြင် အနိမ့်ပိုင်းကျေးရွာ ရပ်ကွက်များနှင့် ချောင်းအနီးရှိ နေအိမ်များ ရေဝင်ရောက်မှု ရှိနေကြောင်း သိရသည်။

 

Most Read

Most Recent