<

ARSA အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် လူ့အခွင့်အရေးချိုးဖောက်ကြောင်း စွပ်စွဲချက်များ၊ ယင်းနှင့်ဆက်နွှယ်သည့် ကိစ္စရပ်များကို စုံစမ်းစစ်ဆေးမည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်း

ARSA အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် လူ့အခွင့်အရေး ချိုးဖောက်ကြောင်း စွပ်စွဲချက်များ၊ ယင်းနှင့်ဆက်နွှယ်သည့် ကိစ္စရပ်များကို စုံစမ်းစစ်ဆေးမည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းကြောင်း ဇူလိုင် ၃၀ ရက်က နိုင်ငံတော် သမ္မတရုံးမှ ကြေငြာချက်ထုတ်ပြန်ခဲ့သည်။

လွပ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်တွင် ဥက္ကဋ္ဌအဖြစ် ကုလသမဂ္ဂ CEDAW ကော်မတီ၏ ဥက္ကဋ္ဌဟောင်းနှင့် လက်ရှိအဖွဲ့ဝင်ဖြစ်သော ဖိလစ်ပိုင်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်း သံအမတ်ကြီး ရိုဆာရီယိုမယ်နာလိုဖြစ်ပြီး အဖွဲ့ဝင်များမှာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌဟောင်း ဦးမြသိန်း၊ လူသားချင်းစာနာထောက်ထားမှု ကိစ္စရပ်များဆိုင်ရာ ကုလသမဂ္ဂ ဒုတိယအတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူးဟောင်း၊ ကုလသဂ္ဂဆိုင်ရာ ဂျပန်အမြဲတမ်း ကိုယ်စားလှယ်ဟောင်း သံအမတ်ကြီး ကင်ဇိုအိုရှီးမား နှင့် ယူနီဆက်အဆင့်မြင့် အရာရှိကြီးဟောင်း နှင့် ကုလသမဂ္ဂ၀န်ထမ်း ကောလိပ်ကျောင်းအုပ်ကြီးဟောင်း ပါမောက္ခဒေါက်တာ အောင်ထွန်းသက်တို့ ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သိရသည်။

နိုင်ငံတော်သမ္မတရုံး၏ ကြေညာချက်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရသည် ရခိုင်ပြည်နယ်တွင် ပြန်လည်သင့်မြတ်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်နိုင်ရန် အမျိုးသား အစီအစဉ်တစ်ရပ်အနေဖြင့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း၊ ကော်မရှင်အား ပြည်တွင်းနှင့် နိုင်ငံတကာမှ ဥပဒေနှင့် နည်းပညာ ကျွမ်းကျင်သူများက ပံ့ပိုးဆောင်ရွက်ပေးမည် ဖြစ်သည်ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။

 

July 31, 2018














Copy Protected by Chetan's WP-Copyprotect.