သရုပ်ဆောင်အောင်ရဲထွေး အသတ်ခံရမှုအား ရုပ်သိမ်းထားသည်ကို ပြန်လည်စစ်ဆေးမည်ဖြစ်ပြီး လွတ်မြောက်ခဲ့သည့် တရားစွဲခံထားရသူများ ပြည်ပသို့ရောက်ရှိနေပါက နိုင်ငံတကာရဲတပ်ဖွဲ့နှင့် ချိတ်ဆက်ဆောင်ရွက်မည်ဟု သမ္မတရုံးပြောကြား

သရုပ်ဆောင်အောင်ရဲထွေး အသတ်ခံရမှုအား ရုပ်သိမ်းထားသည်ကို ပြန်လည်စစ်ဆေးမည်ဖြစ်ပြီး လွတ်မြောက်ခဲ့သည့် တရားစွဲခံထားရသူများ ပြည်ပသို့ရောက်ရှိနေပါက နိုင်ငံတကာရဲတပ်ဖွဲ့နှင့် ချိတ်ဆက်ဆောင်ရွက်မည်ဟု သမ္မတရုံးပြောကြား
Published 31 July 2018

အောင်ရဲထွေးအား ဝိုင်းဝန်းရိုက်နှက်ခဲ့ကြောင်း ဝန်ခံခဲ့သည့် သန်းထွဋ်အောင်(ခ) သားကြီးအပါအဝင် သုံးဦးအား ရုံးထုတ်စဉ်

သရုပ်ဆောင်အောင်ရဲထွေး အသတ်ခံရမှုအား ရုပ်သိမ်းထားသည်ကို ပြန်လည်စစ်ဆေးမည်ဖြစ်ပြီး လွတ်မြောက်ခဲ့သည့် တရားစွဲခံထားရသူများ ပြည်ပသို့ ရောက်ရှိနေပါက နိုင်ငံတကာရဲတပ်ဖွဲ့နှင့် ချိတ်ဆက်ဆောင်ရွက်မည်ဟု နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

အောင်ရဲထွေးအသတ်ခံရမှုတွင် ကိုယ်တိုင်လာရောက်အဖမ်းခံသူများအား ရုံးချိန်းသုံးချိန်းအပြီးတွင် တရားလိုဘက်မှ အမှုပြန်လည်ရုပ်သိမ်းသည်ဟုဆိုကာ ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

“အဲဒီအမှုက ခရိုင်ကနေ ရုပ်သိမ်းလိုက်တာပေါ့။ ခရိုင်ကနေ ရုပ်သိမ်းလိုက်တာကို တိုင်းတရားလွှတ်တော်ကနေ ပြန်ပြီးလုပ်မယ်။ ဒီနေ့ ဆောင်ရွက်ပါ့မယ်” ဟု နိုင်ငံတော် သမ္မတရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

အဆိုပါအမှုတွင် ဖမ်းဆီးခံထားရာမှ ပြန်လည်လွတ်မြောက်လာသူများမှာ ပြည်ပသို့ ထွက်ခွာသွားသည်ဟု ပြည်သူများအကြားတွင် ပျံ့နှံ့လျက်ရှိသည်။

ယင်းနှင့် ပတ်သက်ပြီး ဦးဇော်ဌေးက “သူတို့ ပြည်ပကို ထွက်ပြေးလည်း ရပါတယ်။ ဘယ်နိုင်ငံထိပြေးပြေး ရာဇဝတ်မှုနဲ့ ပတ်သက်လို့ကတော့ လုပ်လို့ရပါတယ်” ဟု ပြောကြားသည်။

အမှုအား နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကပါ စိစစ်မေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်းဦးဇော်ဌေးကလူ မှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

“စိစစ်မေးမြန်းရာတွင် ရုပ်သိမ်းလွှာကို တရားလို ကိုသန့်ဇင်ဦးနဲ့ နစ်နာသူမိသားစုက တင်ပြလာတာ ဖြစ်ပါတယ်။ ကာယကံရှင် မိသားစုဝင်များက ရုပ်သိမ်းလွှာတင်ပြတဲ့အပြင် တရားလိုပြသက်သေတွေကို စစ်ဆေးမေးမြန်းတဲ့အခါမှာ ၁၄ ဦးရဲ့ထွက်ဆိုချက်တွေ မှာခိုင်လုံတဲ့ သက်သေထွက်ဆိုချက်ပေါ် ပေါက်ခြင်းမရှိတဲ့အတွက် (ရိုက်နှက်မှု ဖြစ်ပွားစဉ်မှာရှိနေတဲ့ သက်သေတွေကိုယ်တိုင်က မည်သူမည်ဝါဆိုပြီး အတည်ပြုပြောကြားခြင်း မရှိကြပါ) တိုင်းဒေသကြီးဥပဒေချုပ်ကအမှုကို ရုပ်သိမ်းဖို့ ရုပ်သိမ်းလွှာတင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။ သို့သော်လည်း ဒီလိုဆောင်ရွက်ချက်တွေကြောင့် လူသေမှု။ လူသတ်မှုတွေကို ဒီလိုမျိုးရုပ်သိမ်းလွှတ်ပေးရသလားဆိုပြီး မြန်မာနိုင်ငံရဲ့တရားစီရင်ရေးနဲ့ ရုပ်သိမ်းလွှာတင်တဲ့တာဝန်ရှိသူတွေကို ဝေဖန်ပြစ်တင်မှုတွေ ကျယ်ကျယ်လောင်လောင် ဖြစ်ပေါ်နေတဲ့အတွက် ဒီအမှုနဲ့ပတ်သက်ပြီး အရှေ့ပိုင်းခရိုင်တရားရုံးက စွဲချက်မတင်မီလွှတ်တဲ့ အမိန့်ချမှတ်ထားတာဖြစ်တဲ့အတွက် အရှေ့ပိုင်းခရိုင် တရားရုံးရဲ့အမိန့်ကို ပယ်ဖျက်ပေးဖို့၊ အမှုကိုဆက်စစ်ဆေးဖို့ တိုင်းဒေသကြီး တရားလွှတ်တော်ကိုတင်ပြဖို့ ပြည်ထောင်စု ရှေ့နေချုပ်ရုံးက တိုင်းဒေသကြီးဥပဒေချုပ်ထံ ဒီကနေ့ညွှန်ကြားလိုက်ပါတယ်။ ဒီကနေ့ (သို့မဟုတ်) မနက်ဖြန်မှာတိုင်းဒေသကြီးဥပဒေချုပ်က တိုင်းဒေသကြီး တရားလွှတ်တော်ကို ပြင်ဆင်ချက်တင်သွင်းမှာဖြစ်ပါတယ်။ ဒီလို စွဲချက်မတင်မီလွှတ်တဲ့အမိန့်ကို ပယ်ဖျက်ပေးဖို့ ပြင်ဆင်ချက် ဖြစ်ပါတယ်။ (ခရိုင်တရားရုံးက အမိန့်ချမှတ်ထားတာဖြစ်တဲ့အတွက် တိုင်းဒေသကြီးတရားလွှတ်တော်ကို တင်သွင်းရခြင်း ဖြစ်ပါတယ်။ တိုင်းဒေသကြီးတရား လွှတ်တော်ကနေ ပြင်ဆင်ချက်တင်သွင်းတာ ကိုလက်ခံရင်အမှုကို ဆက်လက်စစ်ဆေးရမှာ ဖြစ်ပါတယ်။ (တရားလိုပြသက်သေ ၂၂ ဦး ရှိတဲ့အနက်မှာ ၁၄ ဦးထွက်ဆိုချက်ပေးပြီးဖြစ်တဲ့အတွက် ကျန်တဲ့သက်သေ ၈ ဦးကို ဆက်လက်စစ်ဆေးရမှာပါ။)” ဟု သူ၏လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

လူမှုကွန်ရက်စာမျက်နှာ Facebook တွင် ဟာသဗီဒီယိုကလစ်များ တင်ခြင်းကြောင့် ပရိတ်သတ်အားပေးမှုရရှိလာသည့် သရုပ်ဆောင်အောင်ရဲထွေးမှာ နှစ်သစ်ကူးညတွင် သုဝဏ္ဏမြို့နယ်ရှိ The One Entertainment  သို့ သူ၏ချစ်သူနှင့်အတူ သွားရောက်လည်ပတ်ရာမှ လူတစ်စုက ရိုက်နှက်ခဲ့သဖြင့် သေဆုံးခဲ့သည်။

အုပ်စုဖွဲ့ရိုက်နှက်ခဲ့သူများအား ရဲတပ်ဖွဲ့က စုံစမ်းခဲ့ရာ ရိုက်နှက်မှုဖြစ်ပွားအပြီး တစ်ရက်အကြာ ဇန်နဝါရီ ၃ ရက်တွင် သန်းထွဋ်အောင် (ခ) သားကြီး ဆိုသူအား သူ၏ဖခင်က ရဲစခန်းသို့ လာရောက်အပ်နှံခဲ့သည်။

သရုပ်ဆောင်အောင်ရဲထွေးအား အုပ်စုဖွဲ့ ရိုက်နှက်ခဲ့ကြောင်း သန်းထွဋ်အောင်(ခ) သားကြီးက ဝန်ခံခဲ့ပြီး အုပ်စုဖွဲ့ရိုက်နှက်တွင် ၎င်းနှင့်အတူပါဝင်သည့် လှည်းတန်းနေ ပြည့်ဖြိုးအောင်(ခ)အောင်လေးနှင့် သင်္ဃန်းကျွန်းမြို့နယ်နေ ကျော်ဇောဟန်(ခ)ကျော်ဇောတို့ လည်းပါဝင်ကြောင်း ထွက်ဆိုခဲ့သည်။

အမှုမှကျူးလွန်သူများကို ရဲစခန်းသို့ မိဘများကိုယ်တိုင် လာရောက်အပ်နှံခဲ့ခြင်းဖြစ်ပြီး ရဲစခန်းကလည်း လူသတ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

သို့သော် အမှုအားစစ်ဆေးနေသည့် ရုံးချိန်းသုံးချိန်းအပြီးတွင် တရားလိုမှ အမှုပြန်လည်ရုပ်သိမ်းသည်ဟုဆိုကာ ကျူးလွန်ခဲ့သူများအား ပြန်လွှတ်ပေးခဲ့သဖြင့် အများပြည်သူများက လူမှုကွန်ရက်စာမျက်နှာတွင်သာမက ပြင်ပတွင်လည်း ဝေဖန်မှုများစွာမြင့်တက်ခဲ့သည်။

ဇူလိုင် ၂၉ ရက်က နိုင်ငံတော်သမ္မတနှင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံရာတွင် လတ်တလောဖြစ်ပေါ်ခဲ့သော ပြည်သူအချင်းအချင်း ကျေအေးခဲ့သည့် အမှုသည် လက်ခံနိုင်စရာမရှိဘဲ တရားစီရင်ရေး မဏ္ဍိုင်ကို တိမ်းစောင်းသွားစေနိုင်သည့် အတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံစစ်ဆေးမည်ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

အဆိုပါအမှုမှာ လူသတ်မှုဖြစ်သဖြင့် ယခုကဲ့သို့ ပြန်လွှတ်ပေးခြင်းကြောင့် တရားဥပဒေစိုးမိုးမှုကို ပြတ်ပြတ်သားသား စိန်ခေါ်မှုပင်ဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်အား လွှတ်တော်ပိုင်းနှင့် အုပ်ချုပ်ရေးပိုင်းမှ ဥပဒေများအရ ဝင်ရောက်စွက်ဖက်ပိုင်ခွင့်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက ပြောကြားသည်။

“လူသတ်မှုကို ကျေအေးပေးလိုက်တဲ့ ကိစ္စကဆိုရင် တရားဥပဒေစိုးမိုးရေးကို ပြတ်ပြတ်သားသား စိန်ခေါ်ရာရောက်ပါတယ်။ လူသတ်မှုဆိုတာက လူ့အဖွဲ့အစည်းတစ်ခုလုံးကို ခြိမ်းခြောက်တဲ့ ကိစ္စမျိုးဖြစ်တယ်။ ဘယ်လိုမှ ကျေအေးလို့မရတဲ့ကိစ္စလည်း ဖြစ်တယ်။ အဲဒါကို ကျေအေးပေးလိုက်တာက မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးကို အကြီးမားဆုံး စိန်ခေါ်တာဖြစ်တယ်။ အဲဒါကြောင့် လွှတ်တော်တွေ၊ အုပ်ချုပ်ရေးအာဏာပိုင်တွေက ဒီကိစ္စကို ဥပဒေနဲ့အညီ ပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက်နိုင်ပါတယ်” ဟု ဒေါ်ညိုညိုသင်းက ပြောကြားသည်။

အောင်ရဲထွေးအမှုတွင် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၄ (က) အရ အရှေ့ပိုင်း ခရိုင်တရားရုံးမှ ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

ယင်းသို့လွှတ်ပေးခြင်းမှာ လုပ်ထုံးလုပ်နည်းအရ ခွင့်ပြုထားသည်မှာ မှန်ကန်သော်လည်း အောင်ရဲထွေးအမှုမှာ ပုဒ်မ ၃၀၂ တပ် ထားသည့် အမှုဖြစ်ကြောင်း၊ ပုဒ်မ ၃၀၂ မှာ အမှုကြီး ၁၀ မျိုးတွင် တစ်ခုအပါအဝင်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်မြင့်က ပြောကြားသည်။

“ရာဇဝတ်ကျင့်ထုံး ၄၉၄(က)မှာက အမှုတစ်မှု စွဲဆိုခံထားရတယ်ဆိုရင် တရားလို ပြုလုပ်သူက ဒီအမှုကို ဆက်လက်မဆောင်ရွက်ချင်တော့ဘူး။ ဒီအမှုတိုင်ထားကိုရုပ်သိမ်းပါမယ်ဆိုပြီး စာတင်တာပေါ့။ အမှုစစ်ရဲအရာ ရှိကိုတင်ရတယ်။ ရဲစခန်းက မြို့နယ်မှူးကိုတင်ရတယ်။ မြို့နယ်မှူးကနေမှ တိုင်းရဲတပ်ဖွဲ့မှူး အထိတင်ရတယ်။ ရဲတပ်ဖွဲ့မှူးက သဘောတူတယ်ဆိုရင် စခန်းမှူးကနေ ဒီဘက်ကမြို့နယ် ဥပဒေအရာရှိဆီကို တင်ရတယ်။ ဥပဒေအရာရှိကလည်း အမှုအကြီးအသေးကိုကြည့်ပြီးတော့ အမှုကသေးတယ်ဆိုရင် သူ့ရဲ့စီရင်ပိုင်ခွင့် အာဏာအတွင်းကနေ အမှုကိုရုပ်သိမ်းပြီးတော့ ဒီအမှုကိုတရားသူကြီးဆီ တင်လိုက်တယ်။ သူကမရဘူး။ အမှုကြီးတယ်ဆိုရင်ခရိုင်တို့၊ ဥပဒေချုပ်တို့ဆီကို အဆင့်ဆင့်သွားရတယ်။ ပြီးတော့မှ တကယ်က ရုပ်သိမ်းဖို့ခွင့် တောင်းတဲ့စာပဲတင်ရတာ။ တရားရုံးကို အမိန့်ပေးလို့မရဘူး။ ဒါကိုဒီလိုပဲတရားလိုကနေမှ အမှုကို ရုပ်သိမ်းပေးဖို့ လျှောက်ထားလာပါတယ်။ စိစစ်လိုက်တဲ့အခါမှာလည်း ဒီအမှုက ရုပ်သိမ်းပေးဖို့ သင့်တယ်လို့တွေ့ပါတယ်၊ မကန့်ကွက်ပါဘူးဆိုပြီး တင်လိုက်တော့မှ တရားသူကြီးကနေမှ ခွင့်ပြုမိန့်ပေးလိုက်တာပေါ့။ အမှုကိုဆက်မစစ်တော့ဘဲနဲ့ တရားရုံး စွဲချက်အဆင့်မရောက်ဘဲနဲ့ စွဲချက်အမိန့်မချ ခင်မှာအမှုကြီး ရုပ်သိမ်းပစ်လိုက်တာပေါ့။ ဒါကတော့ ၄၉၄(က)ပါ။ သို့သော် ၄၉၄ (က)သည် လုပ်ထုံးလုပ်နည်းအရ ခွင့်ပြုထားတာပဲ ရှိတယ်။ လုပ်ထုံးလုပ်နည်းရှိတာမှန်တယ်။ ဒါပေမဲ့ ဖြစ်တဲ့အမှုက ၃၀၂ (လူသတ်မှု)တပ် ထားတဲ့အမှုလေ။ ဒါက ပြစ်မှုအထဲမှာမပါဘူး။ ပြစ်မှု ၁၀ မျိုးထဲမှာ ပါတယ်။ တရားလိုသည် နိုင်ငံတော်ဖြစ်တယ်။ လူ့အဖွဲ့အစည်းကို အကာအကွယ်ပေးရတာဖြစ်တဲ့အတွက် တိုင်တန်းသူကကျေအေးပေမယ့် နိုင်ငံတော်ဘက်က ကျေအေးပေးလို့ မရဘူး။ အဲဒီ Concept လေးကိုသတိမမူမိလိုက်တော့ ဒါကြီးကိုချေ ဖျက်ပေးလိုက်တယ်” ဟု ဦးခင်မောင်မြင့်က ပြောကြားသည်။

ယင်းအမှုမှ ပြန်လည်လွတ်မြောက်သွားသူများအနက် သန်းထွဋ်အောင် (ခ) သားကြီးက သူ၏ Facebook အကောင့်တွင် ဇူလိုင် ၂၈ ရက်က မျက်နှာဖုံးတပ်ဆင်ကာ ပါးစပ်ဖြဲပြသည့် ပုံတစ်ပုံတင်ခဲ့ခြင်းကြောင့် လူမှုကွန်ရက်စာမျက်နှာ အသုံးပြုသူများက ဝေဖန်မှုများ မြင့်တက်လာခဲ့သည်။

၎င်း၏ Facebook အကောင့်တွင် ယင်းကဲ့သို့ တင်ခဲ့ခြင်းမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပဲခူးမြို့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တွေ့ဆုံပြီး တရားဥပဒေစိုးမိုးရေးအတွက် ပြောကြားခဲ့ပြီး နာရီပိုင်းအကြာတွင် တင်ခဲ့သည်ကို တွေ့ရသည်။

ယင်းကြောင့် Facebook သုံးစွဲသူအချို့က မြန်မာနိုင်ငံ၏ တရားစီရင်ရေးမှာ ကျဆုံးပြီဖြစ်ကြောင်း၊ လူသတ်မှုအား ငွေပေးပြီးအမှုမှ လွတ်မြောက်ရန် လုပ်ဆောင်နိုင်ကြောင်းစသည့် ပိုစ့်များတင်ခဲ့ကြသည်ကို တွေ့ရသည်။

ထို့ပြင် တရားစီရင်ရေးလောကတွင် လည်းမကြားဖူးသည့်အမှုဖြစ်ကြောင်း၊ ၃၀၂ အမှုအား တရားစွဲဆိုထားသည့်ကာလတွင် ရုပ်သိမ်းခြင်းအားမည်သည့် အခြေအနေတွင်မှ မမြင်ဖူးကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်မြင့်က ပြောကြားသည်။

“တရားစွဲအဖွဲ့အစည်းတာဝန်က ဒီပြစ်မှုကျူးလွန်သူတွေ အပြစ်မလွတ်အောင်လု့ိ အမှုကိုခိုင်မာအောင်တည်ဆောက်ပြီးမှ ထိုက်သင့်ပြစ်ဒဏ်ကျအောင် ကြိုးစားရမှာလေ။ အဲဒီတာဝန်ကြီးမေ့ပြီးတော့ ဒီပြစ်မှုကျူးလွန်သူကို အပြစ်ကြီးကနေလွတ်သွားအောင် ဝိုင်းလုပ်ပေးတယ်ဆိုတော့ အင်မတန်ကိုတိမ်း စောင်းသွားပါတယ်။ အဲဒီကနေမှ ဥပဒေချုပ်က နေပို့လိုက်တယ်ထားဦး တရားသူကြီးက ခွင့်မပြုလို့ရပါတယ်။ အဲဒီလိုမဟုတ်ဘဲခွင့်ပြု ပေးလိုက်တယ်ဆိုတော့ ဒါကြီးက ကျွန်တော် မတွေ့ဖူးပါဘူး။ တရားရုံးအတွေ့အကြုံမှာလည်း မတွေ့ဖူးပါဘူး။ အင်မတန်ထူးဆန်းပြီးတော့ အလွန်အံ့သြဖွယ်ကောင်းတဲ့ ဆုံးဖြတ်ချက်” ဟု ဦးခင်မောင်မြင့်က ပြောကြားသည်။

အဆိုပါအမှုအား တရားရုံးမှ ဇူလိုင် ၂၅ ရက်တွင် အမိန့်ချမှတ်ခဲ့ပြီး ပြည်သူများအကြားတွင် ဝေဖန်မှုများ ဇူလိုင် ၂၆ ရက်တွင် မြင့်တက်လာခဲ့သည်။

ယင်းသို့မြင့်တက်လာသည့်အချိန်တွင် နိုင်ငံပိုင်သတင်းစာတစ်စောင်ဖြစ်သည့် မြန်မာ့အလင်း၏ ပြည်သူ့သဘောထားစင်မြင့် ဆိုသည့်ကဏ္ဍတွင် ဆောင်းပါးရှင် ကျော်ဝင်းနီက ‘ကိုယ့်တာဝန်ကိုယ်လုပ်ပါ’ ဆိုသည့် ဆောင်းပါးအား ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။

အလားတူ နိုင်ငံပိုင်သတင်းစာတစ်စောင်ဖြစ်သည့် ဇူလိုင် ၂၇ ရက်ထုတ် ကြေးမုံသတင်းစာတွင်လည်း ဆောင်းပါးရှင် မောင်စာဂ၏ ‘တရားရှင်၊ တရားသေလွှတ်ခြင်းနှင့် ဥပဒေ’ ဆိုသည့် ဆောင်းပါးအား ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။

အဆိုပါဆောင်းပါးနှစ်ပုဒ်နှင့် ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာတွင် ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်ကို တွေ့ရသည်။

လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်ဖြစ်သည်ဆိုသော ပုဂ္ဂိုလ်တစ်ဦးက မောင်စာဂကလောင်ဖြင့် ရေးသားထားသည့် ဆောင်းပါးတွင် ‘အမှန်တကယ်တော့ အပြစ်ကျူးလွန်ခြင်းမရှိသူတစ်ဦးကို ပြစ်ဒဏ်စီရင်ခြင်းမပြုမိကြစေဖို့ အထူးသတိပြုဆင်ခြင်ထိုက်ကြသလို အပြစ်ကျူးလွန်သူ ၁၀ ဦးကိုလည်း တရားရှင်လွှတ်ခြင်း၊ တရားသေလွှတ်ခြင်း မဖြစ်ပေါ်စေသင့်ပါ။ အမှန်တကယ်အပြစ်ကျူးလွန်သူဆယ်ဦး အပြင်မှလွတ်မြောက်သွားခဲ့လျှင် နောက်ထပ်ပြစ်မှု တစ်ရာပေါ်လာနိုင်သည်ကိုလည်း အထူးသတိပြုဆင်ခြင်အပ်ကြသည်’ ဟု ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။

အလားတူ ကျော်ဝင်းနီရေးသားသည့် ‘ပြည်သူ့သဘောထား စင်မြင့်ကဏ္ဍတွင် ဖော်ပြထားသည့် ‘ကိုယ့်တာဝန်ကိုယ်လုပ်ပါ’ ဆောင်းပါးတွင် ‘ရဲတပ်ဖွဲ့ကတရားစွဲတင်လိုက်တဲ့အမှုက တရားခံတွေ တရားရုံးမှာလွတ်သွားတဲ့ ကိစ္စရပ်တွေ၊ ဒါတွေနဲ့ပတ်သက်ပြီး အချို့ကတရားရုံးတွေအပေါ် ဝေဖန်နေတာတွေ၊ ပြောဆိုတာတွေလည်း တွေ့ရပါတယ်။ တရားစွဲအဖွဲ့အစည်းတွေနဲ့ ဆက်စပ်နေတဲ့ အခြားအဖွဲ့အစည်းတွေအပေါ်ဝေဖန်ပြစ်တင်မှုမျိုးတွေလည်းကြုံရပါတယ်။ လူရဲ့အတ္တ သဘာဝကြောင့် ဖြစ်မယ်ထင်ပါတယ်။ ကိုယ်က ဖမ်းဆီးစစ်ဆေးပြီး တရားစွဲတင်လိုက်တဲ့အပေါ်မှာ ပြစ်ဒဏ်မကျဘဲ လွတ်သွားရင် ကိုယ့်ဘက်က ရှုံး တယ်လို့ ထင်မှာပေါ။့ ဒါကြောင့်လည်း တရားစွဲတင်လိုက်တဲ့ တရားခံအားလုးံကို ပြစဒဏ်ကျခံရမယ်ဆိုတဲ့ အစွဲမျိုးရှိနေတယ်လို့ ဆိုရမှာဖြစ်တယ်။ .... နစ်နာသူ (သို့မဟုတ်)  နိုင်ငံတော်ကိုယ်စား အမှုတည်ဆောက် တရားစွဲတင်ရတ့ ဲတရားစွဲ အဖွဲ့အစည်းအနေနဲ့ သက်သေခံဥပဒေပုဒ်မ ၁၀၁ ကို သတိပြုဖို့လိုပါတယ်။ ပြစ်မှုဆိုင်ရာမှုခင်းတွေမှာ တရားခံသည် ပြစ်မှုကျူးလွန်ကြောင်း သက်သေပြရန်တာဝန်မှာ တရားလိုမှာပဲ ရှိပါတယ်။ အဲဒီလို သက်သေပြရာမှာလည်း ပြစ်မှုကျူးလွန်ကြောင်း သံသယကင်းကင်းရှင်းရှင်းနဲ့ ဆုံးဖြတ်နိုင်သည်အထိ သက်သေပြရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် သံသယအကျိုးကို တရားခံကသာ ခံစားခွင့် ရရှိပါတယ်။ သံသယရှိရုံနဲ့အပြစ်ပေးရင် ထင်ကြေးနဲ့ အပြစ်ပေးရာရောက်တဲ့အတွက် ဥပဒေအရမျှတမှု မရှိနိုင်ဘူးလို့ ဆိုပါတယ်’ ဟု ရေးသားဖော်ပြထားသည်။

ယင်းသို့ရေးသားဖော်ပြချက်များမှာ အများပြည်သူအတွက် ထင်ယောင်ထင်မှား ဖြစ်စေနိုင်သည့် ရေးသားချက်များဖြစ်ပြီး ယင်းဆောင်းပါးများကို အချိန်ကိုက် ရေးသားဖော်ပြမှုများမှာ မေးခွန်းထုတ်စရာများ ဖြစ်နေကြောင်း လူမှုကွန်ရက် စာမျက်နှာအချို့တွင် ဝေဖန်လျက်ရှိသည်ကို တွေ့ရသည်။

အမှုမှ ဖမ်းဆီးခံထားရသူများ လွတ်မြောက်အပြီးတွင် လူမှုကွန်ရက်စာမျက်နှာများ၌ လွတ်မြောက်သွားသည့် သန်းထွဋ်အောင် (ခ) သားကြီးက Facebook အကောင့်တွင် ဖော်ပြထားသည့် ဓာတ်ပုံအောက်၌ Failed Law ဆိုသည့်စာသားရေးသားထားသည့် လှုပ်ရှားမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။

မြန်မာနိုင်ငံ၏ တရားစီရင်ရေးပျက်ယွင်းနေမှုအပေါ် မီးမောင်းထိုးပြရန် ရည်ရွယ်ချက်ဖြင့် လှုပ်ရှားခြင်းဖြစ်ပြီး တရားစီရင်ရေး၏ အားနည်းချက်များကို ဝေဖန်လျက်ရှိသည်ကို တွေ့ရသည်။

အမှုနှင့် ပတ်သက်ပြီးတိုင်ကြားမှုများ မရှိသေးကြောင်း၊ တိုင်ကြားမှုများရှိပါက အဂတိလိုက်စားမှုကော်မရှင်အနေဖြင့်ဥပဒေ အတိုင်းလုပ်ဆောင်မည်ဖြစ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဦးဟန်ညွန့်က ပြောကြားသည်။

“အခုချိန်ထိတော့ ဘာမှတစ်စုံတစ်ရာ လက်ခံရရှိခြင်းမရှိသေးပါဘူး။ ကျွန်တော်တို့ တိုင်ကြားချက်ရရှိတယ်။ သို့မဟုတ် အခြားအကြောင်းရှိတယ်။ ဥပဒေနဲ့ညီတယ်။ ဥပဒေ ဘောင်နဲ့ဝင်တယ်ဆိုရင် ဥပဒေမူဘောင်နဲ့အညီ ဆောင်ရွက်နိုင်ပါတယ်။ ကျွန်တော်သိသလောက်တော့ ဒါက တရားစီရင်ရေးဆိုင်ရာ ကိစ္စလို့ပဲ ယူဆပါတယ်။ တရားစီရင်ဆိုင်ရာ တိမ်းစောင်းချို့ယွင်းလို့ရှိရင် တရားစီရင်ရေးနည်းတွေနဲ့ ကုစားဆောင်ရွက်နိုင်တဲ့ကိစ္စလို့ ကျွန်တော်အနေနဲ့ ရှုမြင်ပါတယ်။ တရားစီရင်ရေးမှားယွင်းရင် တရားစီရင်ရေးဆိုင်ရာ အာဏာပိုင်များက ပြင်ဆင်ခြင်း၊ပြုပြင်ခြင်း၊ ပြောင်းလဲခြင်းလုပ်နိုင်တဲ့အခွင့် အာဏာတွေ ရှိပါတယ်။ ကျွန်တော်တို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို တရားဝင် တစ်စုံတစ်ရာဘာမှမရှိသေးပါလို့ ပြောချင်ပါတယ်” ဟု ဦးဟန်ညွန့်က ဇူလိုင် ၃၀ ရက် ညနေပိုင်းတွင် ဖြေကြားသည်။

Most Read

Most Recent