ကျန်းမာရေးအရေးပေါ် အခြေအနေကွပ်ကဲမှုစင်တာ ဖွင့်လှစ်၍ ရေဘေးသင့်ဒေသရှိ ကယ်ဆယ်ရေးစခန်းများတွင် ရွေ့လျားဆေးခန်းများဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေပြီး ကူးစက်ရောဂါ ကပ်အသွင်ဖြစ်ပွားမှုမရှိဟုဆို

ကျန်းမာရေးအရေးပေါ် အခြေအနေကွပ်ကဲမှုစင်တာ ဖွင့်လှစ်၍ ရေဘေးသင့်ဒေသရှိ ကယ်ဆယ်ရေးစခန်းများတွင် ရွေ့လျားဆေးခန်းများဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေပြီး ကူးစက်ရောဂါ ကပ်အသွင်ဖြစ်ပွားမှုမရှိဟုဆို
Published 31 July 2018

ဘီးလင်းမြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်းတွင် နေထိုင်သည့် ရေဘေးသင့်ပြည်သူများအား တွေ့ရစဉ် (ဓာတ်ပုံ-ရှိုင်းလင်းအောင်)

ကျန်းမာရေးအရေးပေါ် အခြေအနေ ကွပ်ကဲမှုစင်တာဖွင့်လှစ်၍ ရေဘေးသင့် ဒေသရှိ ကယ်ဆယ်ရေးစခန်းများတွင် ယာယီဆေးခန်း၊ ရွေ့လျားဆေးခန်းများဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးနေပြီး လက်ရှိအချိန်အထိ ကူးစက်ရောဂါကပ်အသွင် ဖြစ်ပွားမှုမရှိကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ သဘာဝဘေးနှင့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ တုံ့ပြန်ဆောင်ရွက်ရေးဌာနခွဲမှ စီမံချက်မန်နေဂျာ ဒေါက်တာကျော်ခိုင်စံက ပြောကြားသည်။

“လက်ရှိ ရေဘေးကျရောက် နေတဲ့နေရာတွေမှာ ကျန်းမာရေးဌာန အနေနဲ့ မြွေဆိပ် ဖြေဆေး၊ ရေသန့်ဆေးပြားတွေ၊ ရေသန့်စက်တွေ၊ ဆေးစိမ်ခြင်ထောင်တွေ အပါအဝင်ဆေးနဲ့ ဆေးပစ္စည်းတွေကို ဖြန့်ဝေထားပါတယ်။ ကယ်ဆယ်ရေးစခန်းတွေမှာလည်း ယာယီဆေးခန်း၊ ရွေ့လျားဆေးခန်းတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတယ်။ ကယ်ဆယ်ရေးစခန်းတွေမှာ အစားအစာနဲ့ ရေကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေ မဖြစ်စေဖို့ ရောဂါကာကွယ်ရေးလုပ်ငန်းတွေကိုလည်း လုပ်ဆောင်ထားပါတယ်။ နောက်ပြီး ဝန်ကြီးဌာနအနေနဲ့ ယာယီကယ်ဆယ်ရေး စခန်းတွေမှာနေတဲ့ ပြည်သူတွေအတွက် ကျန်းမာရေး အသိပေးနှိုးဆော်ချက်တွေကို လည်းအသိပေးထုတ်ပြန်ထားပါတယ်” ဟု ဒေါက်တာကျော်ခိုင်စံက ပြောကြားသည်။

ဇူလိုင်၂၉ ရက်က နေပြည်တော်၌ ရေဘေးအန္တရာယ်ကျရောက်နေသော ဒေသများတွင် လုပ်ဆောင်လျက်ရှိသော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုအရှိန်မြှင့်နိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြောင်း၊ ယင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ရေဘေးအပါအဝင် သဘာဝဘေးအန္တရာယ်များ ကျရောက်နိုင်သော ဒေသများ၏ အခြေပြမြေပုံများကို ဘေးအန္တရာယ်အမျိုးအစားအလိုက် Update ပြုလုပ်ရန်၊ ဘေးအန္တရာယ်အမျိုးအစားပေါ် မူတည်၍ ကြိုတင်ပြင်ဆင်ထားရှိမှုများနှင့် ဘေးအန္တရာယ်ကျရောက်ပါက ဖြစ်ပွားမှုအခြေအနေကို စနစ်တကျစောင့်ကြပ်ကြည့်ရှု၍ သင့်လျော်သောတုံ့ပြန်ဆောင်ရွက်မှုများ အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ရန်၊ ကယ်ဆယ်ရေးစခန်းများတွင် အစားအစာနှင့် ရေမှတစ်ဆင့်ကူးစက်တတ်သော ရောဂါများ၊ ဝမ်းပျက်ဝမ်းလျော၊ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်တတ်သောရောဂါများ စသည့် ကူးစက်ရောဂါများ မဖြစ်ပွားစေရေးအတွက် ရောဂါကာကွယ်တားဆီးရေး လုပ်ငန်းများ၊ တီဘီရောဂါ၊ အိပ်ချ်အိုင်ဗွီပိုးရှိသူများ၊ ဆီးချိုရောဂါ၊သွေးတိုးရောဂါစသည့် နာတာရှည်ရောဂါ ဖြစ်ပွားနေသူများ လိုအပ်သော ဆေးဝါးများ ဆက်လက်ရရှိနိုင်ရေးလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်ရန် စသည်တို့ကို မှာကြားထားကြောင်း သိရသည်။

ထို့ပြင် ကယ်ဆယ်ရေးစခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကူးစက်ရောဂါများဖြစ်ပွားမှုကို စောင့်ကြပ်ကြည့်ရှုလျက်ရှိပြီးဝန်ကြီး ဌာနအနေဖြင့် လိုအပ်သောဆေးနှင့် ဆေးပစ္စည်းများ အချိန်မီဆက်လက် ပံ့ပိုးပေးနိုင်ရေး၊ အရေးပေါ်လူနာလွှဲ ပြောင်းကုသရေး၊ ရေဘေးသင့်ကျန်းမာရေးဝန်ထမ်းများနှင့် ရေဘေးသင့်ဒေသတွင် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်လျက်ရှိသော ဝန်ထမ်းများကို ပံ့ပိုးပေးနိုင်ရေး၊ ထိခိုက်ပျက်စီးဆုံးရှုံးသော ကျန်းမာရေးဌာနများရှိပါက စနစ်တကျမှတ်တမ်းတင် သတင်းပေးပို့၍ ပြင်ဆင်ဆောင်ရွက်ရန်နှင့် ဝန်ကြီးဌာန၏ သဘာဝဘေးနှင့် ကျန်းမာရေးအရေး ပေါ်အခြေအနေကြီးကြပ်ဆောင်ရွက်ရေးအဖွဲ့ကို အားဖြည့်ဖွဲ့စည်း၍ လက်ရှိ ဆောင်ရွက်လျက်ရှိသော ဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို အရှိန်မြှင့် ဆောင်ရွက်ရေး စသည်တို့ကိုလည်း ဆွေးနွေးထားကြောင်း သိရသည်။

Most Read

Most Recent