နိုင်ငံခြားသားကုမ္ပဏီ၊ နိုင်ငံသားနှင့်နိုင်ငံခြားသား ပေါင်းစည်းဆောင်ရွက်သည့် ကုမ္ပဏီသည် ကြမ်းခင်းမြေအကျယ်အဝန်း စတုရန်းမီတာ ၉၂၉ အောက်ရှိ မီနီမားကတ်နှင့် Convenience Store အပါအဝင် လက်လီရောင်းချဖြန့်ဖြူးခြင်း ပြုလုပ်ခွင့်မရှိ ဟုဆို

နိုင်ငံခြားသားကုမ္ပဏီ၊ နိုင်ငံသားနှင့်နိုင်ငံခြားသား ပေါင်းစည်းဆောင်ရွက်သည့် ကုမ္ပဏီသည် ကြမ်းခင်းမြေအကျယ်အဝန်း စတုရန်းမီတာ ၉၂၉ အောက်ရှိ မီနီမားကတ်နှင့် Convenience Store အပါအဝင် လက်လီရောင်းချဖြန့်ဖြူးခြင်း ပြုလုပ်ခွင့်မရှိ ဟုဆို
Published 31 July 2018

လက်လီလက်ကား ရောင်းချခွင့်ပြုခြင်းနှင့်ပတ်သက်၍ Park Royal ဟိုတယ်တွင် ကျင်းပသည့် ရှင်းလင်းဆွေးနွေးပွဲကို တွေ့ရစဉ်

နိုင်ငံခြားမှ အပြည့်အဝဆောင်ရွက်သည့် ကုမ္ပဏီ၊ နိုင်ငံသားနှင့်နိုင်ငံခြားသား ပေါင်းစည်းဆောင်ရွက်သည့် ကုမ္ပဏီသည် ကြမ်းခင်းမြေအကျယ်အဝန်း စတုရန်းမီတာ ၉၂၉ အောက်ရှိ မီနီမားကတ်နှင့် Convenience Store အပါအဝင် လက်လီရောင်းချဖြန့်ဖြူးခြင်း ပြုလုပ်ခွင့်မရှိကြောင်း ဇူလိုင် ၃၀ရက် က ရန်ကုန်မြို့ရှိ Park Royal ဟိုတယ်တွင် ကျင်းပသည့် လက်လီလက်ကား ရောင်းချခွင့်ပြုခြင်းနှင့်ပတ်သက်သည့် ရှင်းလင်းဆွေးနွေးပွဲမှ သိရသည်။

“နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအတွက် သတ်မှတ်ချက်တွေထဲမှာ နိုင်ငံခြားသား အပြည့်အဝဆောင်ရွက်မယ့် နိုင်ငံခြားကုမ္ပဏီဟာ  မြန်မာနိုင်ငံသားရဲ့ တိုက်ရိုက်အစုရှယ် ယာပါဝင်မှုအချိုး (Equity Ration) ဟာ ရာခိုင်နှုန်း၂၀ အောက်နဲ့ ပေါင်းစည်းဆောင်ရွက်တဲ့ ကုမ္ပဏီဟာ လက်ကားရောင်းချခြင်းဖြစ်ပါက ရောင်းချမယ့် ကုန်ပစ္စည်းအပေါ် ကနဦး ရင်းနှီးမြှုပ်နှံမှုငွေပမာဏဟာ မြေငှားရမ်းခမပါ ဒေါ်လာငါးသန်းနဲ့အထက် ရှိရပါမယ်။ လက်လီရောင်းချခြင်းဖြစ်ပါက ရောင်းချမယ့် ကုန်ပစ္စည်းအပေါ် ကနဦးရင်းနှီးမြှုပ်နှံမှုငွေ ပမာဏဟာ မြေငှားရမ်းခမပါ ဒေါ်လာသုံးသန်း နှင့်အထက်ရှိရပါမယ်” ဟု စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ချိုသက်မူက ပြောကြားသည်။

နိုင်ငံသားနှင့်နိုင်ငံခြားသား ပေါင်းစည်းဆောင်ရွက်သည့်စနစ်ဖြင့် မြန်မာနိုင်ငံသား၏ တိုက်ရိုက်အစုရှယ်ယာပါဝင်မှုအချိုး (Equity Ration) သည် ရာခိုင်နှုန်း ၂၀နှင့် အထက် ပေါင်းစည်းဆောင်ရွက်သည့် ကုမ္ပဏီဖြစ်ပါက၊ လက်ကားရောင်းချခြင်းဖြစ်ပါက ရောင်းချမည့်ကုန်ပစ္စည်းအပေါ် ကနဦးရင်း နှီးမြှုပ်နှံမှုငွေပမာဏသည် မြေငှားရမ်းခမပါ ဒေါ်လာနှစ်သန်းနှင့်အထက်ရှိ ရမည်ဖြစ်ကြောင်း၊ လက်လီရောင်းချခြင်းဖြစ်ပါက ရောင်းချမည့်ကုန်ပစ္စည်းအပေါ် ကနဦး ရင်းနှီးမြှုပ်နှံမှုငွေပမာဏသည် မြေငှားရမ်းခမပါ ဒေါ်လာခုနစ်သိန်းနှင့်အထက်ရှိရမည်ဟု နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအတွက် သတ်မှတ်ချက်များ-၂ တွင် ဖော်ပြထားသည်။

နိုင်ငံသားကုမ္ပဏီများအတွက် ကင်းလွတ်ခွင့်များတွင် ရင်းနှီးမြှုပ်နှံနိုင်သည့် ကနဦး ရင်းနှီးငွေပမာဏဖြင့် ဆောင်ရွက်နိုင်ခြင်း၊ ကနဦးရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ခုနစ်သိန်းအောက် သို့မဟုတ် ယင်းနှင့်ညီမျှသော မြန်မာကျပ်ငွေဖြင့် လက်လီလက်ကားရောင်းချခြင်း လုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီသည် လက်လီလက်ကား ရောင်းချခွင့် မှတ်ပုံတင်ခြင်းမှ ကင်းလွတ်ခွင့်ပြုကြောင်း သိရသည်။

လက်လီရောင်းချခြင်းသည်တစ်ဆင့် ပြန်လည်ရောင်းချရန်အတွက်မဟုတ်ဘဲ စားသုံးရန်အတွက် ပမာဏအနည်းငယ်ဖြင့် ဝယ်ယူသော ပြည်သူများထံသို့ ကုန်စည်များ ရောင်းခြင်း၊ လက်ကားရောင်းချခြင်းသည် လက်လီရောင်းချသူများကိုလည်းကောင်း၊ ထုတ်လုပ်မှုလုပ်ငန်းတွင် အသုံးပြုသူများကိုလည်းကောင်း ပမာဏများပြားစွာဖြင့် ကုန်စည်များ ရောင်းချခြင်း ဖြစ်သည်။ ရောင်းချခွင့်အနေဖြင့် ကန့်သတ်ပိတ်ပင်ထားသည့် ကုန်စည်မှအပ ပြည်တွင်းမှ ထုတ်လုပ်သောကုန်ပစ္စည်းများ၊ ပြည်ပမှ တင်သွင်းသော ကုန်ပစ္စည်းများကို သတ်မှတ်လုပ် ထုံးလုပ်နည်းများနှင့်အညီ လက်လီလက်ကား ရောင်းချဖြန့်ဖြူးနိုင်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မည်သည့်မြို့တွင်မဆို ဖွင့်လှစ်နိုင်ကြောင်း သိရသည်။

စားသောက်ကုန်၊ လူသုံးကုန်၊ ဆေးနှင့် ဆေးပစ္စည်းအပါအဝင် ဦးစားပေး ကုန်ပစ္စည်း အုပ်စုစာရင်း ၂၄ စုအား နိုင်ငံခြားကုမ္ပဏီ၊ နိုင်ငံသားနှင့် နိုင်ငံခြားသားပေါင်းစည်းဆောင်ရွက်နေသည့် ကုမ္ပဏီများအား လက်လီလက်ကား ရောင်းချခွင့်ပြုကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

လက်လီလက်ကား ရောင်းချဖြန့်ဖြူးသူများအကြား ယှဉ်ပြိုင်မှုတိုးတက်ခြင်းအားဖြင့် စားသုံးသူများအတွက် ဈေးနှုန်းလျော့ကျပြီး ရွေးချယ်ခွင့်ပိုမိုရရှိလာစေရန်၊ ပြည်တွင်းကုန်စည်နှင့်ဖြန့်ဖြူးရောင်းချခြင်း၊ ဝန်ဆောင်မှုတွင် ကုန်ပစ္စည်းအရည်အသွေး၊ ဝန်ဆောင်မှု အရည်အသွေးနှင့် နည်းပညာတိုးတက်စေရန်၊ ပြည်တွင်းထုတ်ကုန်များ ဈေးကွက်ပိုမိုရရှိ၍ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်၊ ဖြန့်ဖြူးရောင်းချသူများအကြား မျှတသောယှဉ်ပြိုင်မှုများ ရှိစေရေးအတွက် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်နိုင်စေရန်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာခြင်းဖြင့် ပြည်တွင်းဖြန့်ဖြူးရောင်းချမှု ကွင်းဆက်တစ်လျှောက် နိုင်ငံသားများ၏ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိစေရန် ရည်ရွယ်ခွင့်ပြုခဲ့ ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 

Most Read

Most Recent