ကော့သောင်းမြို့နယ် ပုလုံးတုံတုံးကျေးရွာတွင် တောင်ပြိုမှု ဖြစ်ပွားခဲ့ပြီး လူငါးဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိ

ကော့သောင်းမြို့နယ် ပုလုံးတုံတုံးကျေးရွာတွင် တောင်ပြိုမှု ဖြစ်ပွားခဲ့ပြီး လူငါးဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိ
Published 31 July 2018

တောင်ပြိုမှုကြောင့် နေအိမ်များ ပျက်စီးသွားပြီး ကူညီကယ်ဆယ်မှုများ ဆောင်ရွက်နေစဉ်

ကော့သောင်းမြို့နယ် ပုလုံးတုံတုံးကျေးရွာတွင် ဇူလိုင် ၃၀ ရက်က တောင်ပြိုမှု ဖြစ်ပွားခဲ့ပြီး လူငါးဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့နယ် ပုလုံးတုံတုံးကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ပြိုကျမှုဖြစ်ပွားခဲ့ပြီး စွယ်တော်လမ်းမကြီးဘေး တောင်ခြေတွင်ရှိသည့် နေအိမ် ငါးလုံးပြိုကျခဲ့ကြောင်း သိရသည်။

မြေပြိုမှုကြောင့် နေအိမ် တစ်အိမ်အတွင်းမှ မိသားစု ငါးဦး သေဆုံးခဲ့ရပြီး တစ်ဦး ဒဏ်ရာရခဲ့ကာ မြေပြိုမှု ဖြစ်ပွားရာနေရာသို့ တာဝန်ရှိသူများ၊ ပရဟိတအသင်းများနှင့် ဒေသခံများ လာရောက်ကူညီ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

“ကော့သောင်းမှာ ဒီနေ့ (ဇူလိုင် ၃၀ ရက်) မနက်ပိုင်းမှာ မိုးအတော်လေး ရွာခဲ့တယ်။ တောင်ပေါ်မှာရှိတဲ့ မြေတွေက ပြိုကျလာပြီး နေအိမ်တွေကို မြေဖုံးသွားတာပါ။ အဲဒီမှာ မိသားစုဝင် ငါးဦးက မြေပြိုတဲ့အထဲမှာ ပါသွားတယ်။ ကျွန်တော်တို့ မနက်ပိုင်း တစ်ပိုင်းလုံး ကယ်ဆယ်ရေး လုပ်ခဲ့တာ လေးဦးရဲ့ အလောင်းကိုပြန်ရခဲ့ပြီး အခုနောက်ဆုံး တစ်ဦးကိုတော့ နေ့လယ်ပိုင်းမှာ ပြန်ရခဲ့ပါတယ်။ အားလုံး သေဆုံးသူ ငါးဦး ရှိပါတယ်။ တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ အခုမြေပြိုကျမှု ဖြစ်ပွားတဲ့နေရာကို ရှင်းလင်းရေးတွေ ဆက်လုပ်နေပါတယ်”ဟု ကော့သောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်သိန်းက ပြောကြားသည်။

မြေပြိုကျမှုကြောင့် နေအိမ်အတွင်း ကျန်ခဲ့သည့် ဦးအောင်ဝင်း (၅၀)နှစ်၊ ဒေါ်အေးအေးလှိုင် (၄၀)နှစ်၊ မမိဂန်းပု (၂၅)နှစ်၊ ကိုသားကြီး (၁၈)နှစ်၊ မယမုံသော် (၈)နှစ် တို့မှာ သေဆုံးခဲ့ပြီး ကိုမဲငယ် (၂၅)နှစ်မှာ ခြေထောက်တွင် ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ကော့သောင်းမြို့တွင် ဇူလိုင် ၃၀ ရက် နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှုများ ဖြစ်ပွားခဲ့သည့်အပြင် လေပြင်းများပါ တိုက်ခတ်မှုကြောင့် ဘုရင်နောင်ရပ်ကွက်ရှိ နေအိမ်အချို့လည်း အမိုးလှန် ပျက်စီးခြင်းများရှိခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent