ကရင်ပြည်နယ်အတွင်း မြို့နယ် ငါးမြို့နယ်၌ ရေကြီးရေလျံဖြစ်ကာ ကယ်ဆယ်ရေးစခန်း ၅၁ ခု ဖွင့်လှစ်ပြီး လူဦးရေ ၁၅၀၀၀ ခန့်ကို ကယ်ဆယ်ကူညီထားရကြောင်း သိရ

ကရင်ပြည်နယ်အတွင်း မြို့နယ် ငါးမြို့နယ်၌ ရေကြီးရေလျံဖြစ်ကာ ကယ်ဆယ်ရေးစခန်း ၅၁ ခု ဖွင့်လှစ်ပြီး လူဦးရေ ၁၅၀၀၀ ခန့်ကို ကယ်ဆယ်ကူညီထားရကြောင်း သိရ
Published 30 July 2018

ကရင်ပြည်နယ်အတွင်း ရေကြီးရေလျှံဖြစ်မှုကြောင့် အခက်အခဲကြုံတွေ့နေရသူများကို ကူညီကယ်ဆယ်မှုအား တွေ့ရစဉ်

မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံဖြစ်ကာ ကရင်ပြည်နယ်အတွင်း မြို့နယ် ငါးမြို့နယ်၌ ကယ်ဆယ်ရေးစခန်း ၅၁ ခု ဖွင့်လှစ်ပြီး လူဦးရေ ၁၅၀၀၀ ခန့်ကို ကယ်ဆယ်ကူညီထားရကြောင်း သိရသည်။

သံလွင်မြစ်အတွင်း စိုးရိမ်ရေအမှတ် ကျော်လွန်ကာ ဇူလိုင်လ ၂၇ ရက်တွင် ၈၉၂ စင်တီမီတာ၊ ဇူလိုင်လ ၂၈ ရက်တွင် ၉၂၅ စင်တီမီတာ၊ ဇူလိုင်လ ၂၉ ရက် ညနေ ၆း၀၀ နာရီတွင် ၉၃၅ စင်တီမီတာထိ ဆက်လက် မြင့်တက်လာနေသည့်အတွက် ရေဘေးရှောင် ပြည်သူ ပိုမိုများပြားလျှက်ရှိကြောင်း သိရသည်။

သံလွင်မြစ်ရေသည် ဆက်လက် မြင့်တက်နေဆဲဖြစ်ပြီး ဘားအံမြို့နယ်အတွင်း ကယ်ဆယ်ရေးစခန်း ၁၆ ခု၌ အိမ်ထောင်စုပေါင်း ၁၉၄၅ စု ၊ လူဦးရေ ၉၈၇၃ ဦး ကို ကယ်ဆယ်ကူညီထားပြီး ကယ်ဆယ်ရေးစခန်းသို့ ရောက်မလာသည့် ရေဘေးသင့်သူများလည်း ရှိကြောင်း သိရသည်။

ထို့အတူ လှိုင်းဘွဲမြို့နယ်အတွင်း စခန်း ၁၆ ခု ဖွင့်လှစ်ထားရှိပြီး အိမိထောင်စု ၄၆၆ စုမှ လူဦးရေ ၂၅၀၃ ကို ကယ်ဆယ်ထားရသော်လည်း ရွှေဂွန်း အပါအဝင် မြစ်ကမ်းစပ်နေသူများနှင့် ဆက်သွယ်သွားလာရေး ခက်ခဲသော နေရာများတွင် ကူညီကယ်ဆယ်ရေးများ လိုအပ်နေဆဲ ဖြစ်သည်ဟု သတင်းလိုက်ရင်း ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူ ကိုကျော်ကြီး ကပြောသည်။

“လှေမရှိတော့ နေရာစုံ မရောက်ဘဲ အကူအညီမပေးနိုင်သလို လှေမရှိလို့ အခုထိ မကယ်နိုင်သေးတဲ့ မိသားစုတွေ ရေနစ်မြုပ်တဲ့ အိမ်တွေထဲမှာ ရှိနေသေးတယ်၊ ဘားအံမြို့ပေါ် စခန်းတွေမှာ စားသောက်စရာ နေစရာ ပြည့်စုံပေမယ့် သံလွှင်မြစ်ကမ်း တစ်လျှောက်က ရွာတွေဆီကို ရေစီးကြမ်းနေတာကြောင့် ကူညီကယ်ဆယ်တာတွေ မလုပ်နိုင်သေးဘူး ဖြစ်နေပါတယ်” ဟု ကိုကျော်ကြီးက ကယ်ဆယ်လုပ်ခဲ့စဉ် ကြုံတွေ့ရပုံကို ပြောပြခဲ့သည်။

ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့နယ်တွင် ကယ်ဆယ်ရေးစခန်း ၆ ခု ဖွင့်လှစ်ထားပြီ အိမ်ထောင်စု ၂၀၇ စု ၊ လူဦးရေ ၉၇၃ ဦး ကို ကယ်ဆယ် ကူညီထားသော်လည်း ကော့ကရိမြို့နယ်ရှိ ကျေးရွာ ရှစ်ရွာ ၊ ကျုံဒိုးတဘက်ကမ်း ကျေးရွာများတွင် ကယ်ဆယ်ရေး မရောက်နိုင်သေးဘဲ စားသောက်ရေး ခက်ခဲနေကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကယ်ဆယ်ရေးစခန်း သုံးခု၌ မိသားစု ၂၅၇ စု၊ လူဦးရေ ၁၁၄၅ ဦး၊ မြဝတီမြို့ရှိ ကယ်ဆယ်ရေးစခန်း နှစ်ခု၌ အိမ်ထောင်စု ၂၆ စု ၊ လူဦးရေ ၁၃၄ဦး ကယ်ဆယ်ရေးစခန်၌ ခိုလှုံနေရဆဲ ဖြစ်သည်။ ဖာပွန်မြို့နယ်တွင် ကယ်ဆယ်ရေးစခန်း ၁၁ ခု၌ အိမ်ထောင်စု ၃၆၁ စု ၊ လူဦးရေ ၁၆၉၂ ဦး ကယ်ဆယ် ကူညီထားရကြောင်း သိရသည်။

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေနှင့်အတူ သံလွင်မြစ်ရေ မြင့်တက်လာခြင်းကြောင့် ဘာအံမြို့တွင် ဇူလိုင်၂၁ ရက်မှ စ၍ ရေကြီရေလျံဖြစ်ကာ ရေဘေးရှောင်ပြည်သူများအား နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လာရောက်တွေ့ဆုံ အားပေးစကားပြောပြီး အလှူငွေနှင့် စားသောက်ဖွယ်ရာများ လှူဒါန့်းခဲ့သည်။ ဇူလိုင်၂၉ ရက်တွင် သံလွင်မြစ်ရေသည် ဆက်လက် မြင့်တက်လာခဲ့ကာ ကူညီကယ်ဆယ်မှုများ လိုအပ်နေဆဲဖြစ်ကြောင်း ဘားမြို့ဒေသခံများထံမှ သိရသည်။

Most Read

Most Recent