ပလိပ်မြို့ ပန်ဒါ ချည်မျှင်အထည်နှင့် အချောကိုင်စက်ရုံက EC စာချုပ် ချုပ်ဆိုရန် ကျန်ရှိနေသည့် အလုပ်သမားများကို သတ်မှတ်ရက်အတွင်း စာချုပ်မချုပ်ဆိုပါက အလုပ်မှ ထုတ်ပယ်မည်ဟု ကုမ္ပဏီ၏ သတိပေး အကြောင်းကြားစာအပေါ် ကန့်ကွက်ဆန္ဒပြ

ပလိပ်မြို့ ပန်ဒါ ချည်မျှင်အထည်နှင့် အချောကိုင်စက်ရုံက EC စာချုပ် ချုပ်ဆိုရန် ကျန်ရှိနေသည့် အလုပ်သမားများကို သတ်မှတ်ရက်အတွင်း စာချုပ်မချုပ်ဆိုပါက အလုပ်မှ ထုတ်ပယ်မည်ဟု ကုမ္ပဏီ၏ သတိပေး အကြောင်းကြားစာအပေါ် ကန့်ကွက်ဆန္ဒပြ
Published 30 July 2018

ပန်ဒါချည်မျှင်အထည်နှင့် အချောကိုင်စက်ရုံမှ စာချုပ်ချုပ်ဆိုရန် ကျန်ရှိနေသည့် အလုပ်သမားများ ဇူလိုင် ၂၉ ရက်က ဆန္ဒထုတ်ဖော်စဉ်

မန္တလေးတိုင်းဒေသကြီး ပလိပ်မြို့ရှိ ပန်ဒါချည်မျှင်အထည်နှင့် အချောကိုင်စက်ရုံမှ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ် (EC) ချုပ်ဆိုရန် ကျန်ရှိနေသည့် အလုပ်သမားများကို သတ်မှတ်ရက်အတွင်း စာချုပ်မချုပ်ဆိုပါက အလုပ်မှ ထုတ်ပယ်မည်ဟု ကုမ္ပဏီဘက်က သတိပေး အကြောင်းကြားစာ ထုတ်ပြန်မှုအပေါ် စာချုပ်ချုပ်ဆိုရန် ကျန်ရှိနေသည့် အလုပ်သမားများက ဇူလိုင် ၂၉ ရက် နံနက်က အဆိုပါ စက်ရုံဝင်းအတွင်းမှစ၍ ပလိပ်မြို့အတွင်း လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ယခင်အစိုးရလက်ထက် စက်မှုဝန်ကြီးဌာနက ပလိပ်မြို့ရှိ ချည်မျှင်အထည်နှင့် အချောကိုင်စက်ရုံကို ပန်ဒါကုမ္ပဏီသို့ ပုဂ္ဂလိကလုပ်ငန်းအဖြစ် လွှဲပြောင်းလုပ်ကိုင်ခွင့်ပြုခဲ့ရာ အလုပ်သမားများက လွှဲပြောင်းခံ နိုင်ငံ့ဝန်ထမ်းများကို ဘဝအာမခံချက်ရရှိရေး၊ အလုပ်သမား အခွင့်အရေးများ ရရှိရေးအတွက် တောင်းဆိုဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။ အဆိုပါ တောင်းဆိုဆန္ဒ ထုတ်ဖော်ခဲ့ကြသည့် အလုပ်သမားများမှာ လက်ရှိတွင် အလုပ်မှ ထုတ်ပယ်ခြင်း ခံထားရပြီး အလုပ်သမားများ အနေဖြင့် အလုပ်ပြန်လည် ဝင်ရောက်လိုပါက ကုမ္ပဏီဘက်မှ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် ချုပ်ဆိုရန် အလုပ်သမားများနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် အလုပ်သမားများ အနေဖြင့် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်ကို ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ ဇူလိုင် ၃၀ ရက် နောက်ဆုံးထားကာ မိမိတို့ ဆန္ဒအလျောက် ချုပ်ဆိုရမည်ဖြစ်ကာ သတ်မှတ်ရက် နောက်ပိုင်းတွင် စာချုပ်ချုပ်ဆိုခြင်း မပြုလုပ်သည့် အလုပ်သမားများကို အလုပ်တွင် ဆက်လက် ခန့်ထားမည် မဟုတ်ကြောင်း ကုမ္ပဏီဘက်က ဇူလိုင် ၂၀ ရက်တွင် သတိပေးစာ ထုတ်ပြန်မှုအပေါ် အလုပ်သမားများက မကျေနပ်သဖြင့် ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ကျွန်မတို့ အလုပ်သမား ၄၀၀ ကျော်ကို ပန်ဒါကုမ္ပဏီ ဘက်ကနေပြီး ဇူလိုင် ၃၀ ရက်မှ သူတို့ရေးဆွဲထားတဲ့ EC စာချုပ်ကို မချုပ်ဆိုဘူးဆိုရင် အလုပ်ကနေ ထုတ်ပယ်သွားမယ်လို့ သတိပေးစာ ထွက်ထားတဲ့အတွက် ဆန္ဒထုတ်ဖော်တာ ဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ ပလိပ်စက်ရုံမှာ သပိတ်မှောက်ခဲ့တာ သုံးကြိမ်ရှိသွားပြီ။ အဲဒီလို သပိတ်မှောက် ဆန္ဒထုတ်ဖော်ခဲ့တာမှာ အလုပ်ရှင် အလုပ်သမား၊ ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့တွေနဲ့ ညှိနှိုင်းခဲ့တာ အချက် ၂၈ ချက် သဘောတူညီချက် ရခဲ့တယ်။ ဒါပေမဲ့ အဲဒီ ၂၈ ချက်ကို အလုပ်ရှင်ဘက်က အခုချိန်အထိ အပြည့်အ၀ လိုက်လျောပေးတာ မရှိသေးတဲ့အပြင် အခုအလုပ်သမားတွေနဲ့ ညှိနှိုင်းမှုမရှိဘဲ EC စာချုပ် ချုပ်ရမယ်ဆိုပြီး စာထွက်လာတယ်။ ဇူလိုင် ၃၀ ရက် နောက်ဆုံးထားပြီး စာချုပ်မချုပ်ဘူးဆိုရင် အလုပ်ကနေ ထုတ်ပယ်မယ် ဆိုတာကြောင့် ကန့်ကွက်ဆန္ဒ ထုတ်ဖော်တာ ဖြစ်ပါတယ်” ဟု အခြေခံ အလုပ်သမား အဖွဲ့အစည်း (၁) အမှတ် (၂) အထည်စက်ရုံ (ပလိပ်) မှ အတွင်းရေးမှူး မဇာခြည်ဝင်းက ပြောကြားသည်။

“အခု အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်က ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ထဲမှာ ကျွန်မတို့ စက်ရုံတာဝန်ရှိသူတွေ အပါအဝင် အလုပ်သမားသမဂ္ဂတွေ၊ အလုပ်သမားတွေအားလုံး ဆွေးနွေးသဘောတူညီပြီးတော့ ရေးဆွဲချုပ်ဆိုထားတဲ့ စာချုပ်ဖြစ်ပါတယ်။ ဒီ EC စာချုပ်ကို အယုံအကြည် မရှိဘူးဆိုရင် ဒီ EC စာချုပ်ဟာ ကျွန်မတို့ ကုမ္ပဏီတစ်ခုတည်း လုပ်ထားတဲ့ဟာ မဟုတ်ပါဘူး။ နိုင်ငံတော်ကနေ သဘောတူထားတဲ့ အချက် ၂၁ ချက်ဖြစ်ပါတယ်။ ဒါတွေဟာလည်း ကိုယ့်သဘောနဲ့ကိုယ် ပြုပြင်လို့ မရဘူးဆိုတာ ပြဋ္ဌာန်းချက်တွေ ပါပြီးသားပါ။ ဥပဒေကို မယုံကြည်ဘူးဆိုပြီး အလုပ်သမား အဖွဲ့တွေက လူကြီးတွေရှေ့မှာ ပြောသွားတာ ရှိပါတယ်။ ကျွန်မတို့အနေနဲ့ကတော့ ဥပဒေကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ဥပဒေကို လေးစားလိုက်နာရမှာ ဖြစ်သလို အလုပ်သမားတွေကိုလည်း လိုက်နာဖို့ ရှေ့ဆောင်အနေနဲ့ ဆောင်ရွက်နေပါတယ်” ဟု ပန်ဒါချည်မျှင်အထည်နှင့် အချောကိုင်စက်ရုံမှ အထွေထွေ မန်နေဂျာ ဒေါ်တင်တင်ရွှေက ပြောကြားသည်။

 

Most Read

Most Recent