<

ဖားကန့်ဒေသပြဿနာများကို ဘက်ပေါင်းစုံက ကိုင်တွယ်နေပြီး ငြိမ်းချမ်းရေးရမှသာ အပြည့်အ၀ ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြောကြား

ဇန်န၀ါရီ ၂၄ ရက်နေ့က ဖားကန့်ဒေသတွင် ဖြစ်ပွားခဲ့သည့်  မြေပြိုမှု တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ – မမိုး)

ဖားကန့်ဒေသ ပြဿနာများကို ဘက်ပေါင်းစုံက ကိုင်တွယ်နေပြီး အားလုံးပြေလည်အောင် ငြိမ်းချမ်းရေးရမှသာ ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ဇူလိုင် ၂၉ ရက်တွင် ပြောကြားသည်။

ကချင်ပြည်နယ် ၀န်ကြီးချုပ် ဒေါက်တာခက်အောင်က “ဖားကန့်နဲ့ ပတ်သက်တာတော့ ရေမဆေးတွေကို အန္တရာယ်ရှိလို့ တားမြစ်တာတွေ ရှိပါတယ်။ ဖားကန့်ကိစ္စနဲ့ပတ်သက်ပြီး အစီအစဉ်တွေကို ငြိမ်းချမ်းရေးရမှ အသေအချာ ဆွဲလို့ရမှာပါ။ ငြိမ်းချမ်းရေးမရရင် ဒီရေမဆေးပြဿနာကို မရှင်းနိုင်ဘူးလေ။ အားလုံးရောနေတာ။ ကျွန်တော်တို့ အစိုးရကတော့ တရားမ၀င် ဖြစ်နေတယ်။ အန္တရာယ်ရှိတယ်။ မလုပ်ကြပါနဲ့ တားမြစ်ပါတယ်။ တရားဥပဒေနှင့် မညီဘူး။ အစိုးရက ခွင့်မပြုဘူး။ လုပ်လည်း မလုပ်ခိုင်းဘူး။ ဒီကြားထဲမှာ ဖြစ်နေတာ။ ဖြစ်သွားတော့ လူသားချင်းစာနာ ထောက်ထားမှုကလည်း လုပ်ရတာပေါ့။ ပြောရရင် ရှည်တယ်ဗျာ။ သက်တမ်းကုန်တွေကို အမြဲတမ်းတောင်းတယ်။ မကျူးကျော်ဖို့လည်း တားမြစ်ထားတယ်။ နောက်ဆုံးဖြစ်တဲ့ မမုံမှာ လုပ်ကွက် (၂) က သက်တမ်းကုန်ပြီ။  (၃) က သက်တမ်းရှိသေးတယ်။ ကြားမှာ လုပ်တဲ့ဘက်မှာ ဖြစ်တာ။ ကျွန်တော်သိတာ။ မထိန်းသိမ်းနိုင်တာက။ ငြိမ်းချမ်းရေး မရှိတော့ တပ်ကလည်း မစောင့်နိုင်။ ရဲကလည်း မထိန်းဘူး။ သက်တမ်းကုန် လုပ်ကွက်တွေကိုလေ။ ငြိမ်းချမ်းရေးရမှ နေရာအနှံ့ ဥပဒေစိုးမိုးအောင် လုပ်နိုင်မှ တားဆီးနိုင်မှာ။ ပုဒ်မ ၁၄၄ ထုတ် ပြန်ဖို့တော့ အစိုးရက ခွင့်မပြုနိုင်ဘူး။ ပုံရိပ်က နိုင်ငံတကာနဲ့ ပြည်သူအမြင်ရော အထင်မှားစရာတွေ ဖြစ်နိုင်တော့ ခွင့်မပြုနိုင်ဘူး။ ပုဒ်မ ၁၄၄ က မလိုလားအပ်တဲ့ နောက်ဆက်တွဲတွေ ဖြစ်နိုင်တယ်။ ဖားကန့်နဲ့ပတ်သက်ပြီး ဘက်ပေါင်းစုံက ကိုင်တွယ်နေတယ်” ဟု ဆိုသည်။

ဖားကန့်ဒေသတွင် လက်လုပ်လက်စား ပြဿနာများကို ဖြေရှင်းရန် တစ်နိုင်တစ်ပိုင် လုပ်ကွက်များ ချထားပေးရေးမှာ လုပ်ကွက်စစ်တမ်း ကောက်ယူထားခဲ့ပြီး ပြည်ထောင်စု ၀န်ကြီးဌာနမှ တရားဝင် ညွှန်ကြားချက် မရှိသေးကြောင်း၊ ဖားကန့်ဒေသသည် အကြီးဆုံး မူးယစ်ဈေးကွက်ဖြစ်နေပြီး ရာဇ၀တ်မှု ကျူးလွန်ခဲ့သူများလည်း ခိုလှုံရာနေရာ ဖြစ်နေကြောင်း၊ ပြည်သူများအနေဖြင့် ဥပဒေကို လေးစားလိုက်နာမှသာ အန္တရာယ်ကင်းမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးရမှသာလျှင် ပြဿနာများကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က “အသေးစား၊ လက်လုပ်လက်စားလုပ်ဖို့ ဘယ်နေရာ၊ ဘယ်မှော်မှာ ဘယ်လောက်ရှိတယ်ဆိုပြီး ရှင်းလင်းကြတယ်။ (ပြည်ထောင်စု) ၀န်ကြီးဌာန ညွှန်ကြားချက် မရှိသေးတော့ လက်တွေ့အကောင်အထည် မဖော်နိုင်သေးဘူး။ ဖားကန့်ကိစ္စနဲ့ ပတ်သက်ရင်တော့ အင်မတန်မှ ဖြေရှင်းရခက်တဲ့ ပြဿနာပါ။ ဖားကန့်ဒေသမှာ ငြိမ်းချမ်းရေး မရသေးတော့ ဥပဒေ မစိုးမိုးနိုင်ဘူး။ မူးယစ်ဆေးဝါး ဈေးကွက်ကြီးရှိတယ်။ ရာဇ၀တ်မှု ကျူးလွန်ခဲ့သူတွေလည်း အဲဒီလိုနေရာမှာရှိတယ်။ ပြောချင်တာက ငြိမ်းချမ်းရေးရဖို့ပါပဲ။ ငြိမ်းချမ်းရေးရမှ ပြည်သူတွေအတွက် အသေးစားဖြစ်ဖြစ်၊ အလတ်စားဖြစ်ဖြစ် လုပ်စားနိုင်မှ အဆင်ပြေမှာ။ ကျွန်တော်မှာချင်တာတော့ တရားဥပဒေကို လိုက်နာကြပါ။ ဥပဒေလိုက်နာရင်တော့ ဒီလိုတွေ သေကျေကြတာ ရှိမှာမဟုတ်ဘူး” ဟု ပြောကြားသည်။

ဒေသတွင်း လူမှုကူညီရေး မှတ်တမ်းများအရ ၂၀၁၈ ခုနှစ်အတွင်း မြေပြိုမှုကြောင့် အနည်းဆုံး လူဦးရေ ၁၃၀ ထက်မနည်း သေဆုံးခဲ့ပြီဖြစ်ကြောင်း သိရသည်။

 

July 29, 2018














Copy Protected by Chetan's WP-Copyprotect.