<

ရဲတပ်ဖွဲ့၏ လူ့အခွင့်အရေး ချိုးဖောက်နေကြောင်း လူ့အခွင့်အရေး ကော်မရှင်သို့ တိုင်ကြားမှုများ တစ်နှစ်ထက်တစ်နှစ် ပိုများနေပြီး ဧရာဝတီတိုင်းတွင် အများဆုံးဖြစ်ပွားနေ

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ထံသို့ ရဲတပ်ဖွဲ့မှ လူ့အခွင့်အရေး ချိုးဖောက်နေကြောင်း တိုင်ကြားသည့် တိုင်ကြားမှုများမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာနေပြီး အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများထက် ဧရာဝတီတိုင်းဒေသကြီးတွင် ပိုမိုဖြစ်ပွားနေကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ထံမှ သတင်းရရှိသည်။

ရဲတပ်ဖွဲ့၏ ရဲလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ဥပဒေများအတိုင်း ဆောင်ရွက်မှုများ နည်းပါးနေပြီး တရားခံများကို စစ်ဆေးရာတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများစွာ ဖြစ်ပေါ်နေကြောင်း၊ မြို့ပေါ်ရဲစခန်း ရဲကင်းများထက် ဝေးလံသော ကျေးရွာများ ဒေသများတွင် အခြေစိုက်ထားသည့် နယ်မြေရဲကင်းများတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပိုမိုများပြားစွာ ဖြစ်ပေါ်နေကြောင်း၊ ရဲတပ်ဖွဲ့အနေဖြင့် ပြုပြင်ပြောင်းလဲရေး အတွက် ဆောင်ရွက်နေသော်လည်း လိုအပ်ချက်များ ရှိနေသေးပြီး တာဝန်ရှိသူ အကြီးအကဲများ အနေဖြင့် အမြန်ဆုံး ပြုပြင်ဆောင်ရွက်သွားရန် လိုအပ်နေသည်ဟု မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ထောက်ပြသည်။

“မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ကတော့ ရဲတပ်ဖွဲ့မှာရှိတဲ့ အဆင့်ဆင့်သော တပ်ဖွဲ့ဝင်တွေ အရာရှိတွေအနေနဲ့ လူ့အခွင့်အရေးရဲ့ အခြေခံသဘောတွေကို နားလည်ပြီးတော့ ရဲလုပ်ငန်းစနစ်နဲ့အညီ သတ်မှတ်ထားတဲ့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေများနဲ့ အညီ ဆောင်ရွက်မှသာလျှင် ဒီလိုဖြစ်ရပ်တွေ နည်း ပါးလာမှာဖြစ်ပါတယ်။ ဒါရဲတပ်ဖွဲ့က တကယ် တမ်းကျတော့ ပြည်သူလူထုကို ကူညီဖို့ ကာကွယ်စောင့်ရှောက်ဖို့ ဖြစ်တဲ့အတွက် ဒီလို ဆောင်ပုဒ်နဲ့အတူ ဆောင်ရွက်သွားမယ်ဆို လို့ရှိရင် ဒီလိုအဖြစ်မျိုးတွေ တတ်နိုင်သမျှ လျှော့နည်းသွားမယ်လို့ ယုံကြည်ပါတယ်။တွေ့ရှိချက်တွေကို ၀န်ကြီးဌာနကို ကျွန်တော် တို့ ပေးပို့ပါတယ်။ ပို့တဲ့အခါမှာ သူတို့က ဒါသူ တို့က ကျွန်တော်တို့ပေးပို့တဲ့ သုံးသပ်ချက် အကြံပြုချက်တွေအပေါ်မှာ ဆောင်ရွက်ထား တဲ့ အခြေအနေတွေကို ပြန်ကြားတာရှိပါ တယ်။ ဒါသူတို့လည်း အခုချိန်မှာ ပြုပြင်ပြောင်းလဲဖို့ ကြိုးစားနေတဲ့အချိန် ဖြစ်တဲ့အတွက် လိုအပ်ချက်တွေကတော့ ကျန်ပါသေး တယ် အချိန်ယူပြီးတော့ တစ်ဆင့်ချင်းသွားရ မယ့် အနေအထားပါ။ ရဲတပ်ဖွဲ့နဲ့ ပတ်သက် ပြီးတော့ လူ့အခွင့်အရေးချိုးဖောက်လို့ တိုင် ကြားတဲ့စာတွေကတော့ ဧရာဝတီတိုင်းမှာ တော်တော်များများ ရှိပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ မကြာခဏ လာရောက်စစ်ဆေးနေရတဲ့ အနေအထား ဖြစ်နေပါတယ်။ အခြားပြည်နယ်နဲ့ တိုင်းထက်စာရင် ဧရာဝတီတိုင်း က ပိုများတယ်။ လူ့အခွင့်ရေး ချိုးဖောက်မှု အဖြစ်များတဲ့နေရာက ကွပ်ကဲမှုဝေးတဲ့ နေရာတွေမှာ ပိုဖြစ်တာများတယ်။ ကွက်ကဲမှုဝေးတဲ့ နေရာမှာကျတော့ ရှိတဲ့ရဲတပ်ဖွဲ့ဝင်တွေက သူတို့သိမှုလည်း နည်းတာပေါ့။ ဒါတွေကို ရဲတပ်ဖွဲ့တာဝန်ရှိသူ အကြီးအကဲများ အနေဖြင့် အမြန်ဆုံး ပြုပြင်ဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်” ဟု မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူး ဦးဘုန်းကြွယ်က ပြောကြားသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့်လည်း ရဲစည်းကမ်း ဥပဒေများကို ဖောက်ဖျက်သည့် တပ်ဖွဲ့ဝင်များအား အရေးယူ ဆောင်ရွက်မှုများ လုပ်ဆောင်နေသကဲ့သို့ တပ်ဖွဲ့ဝင်များ၏ စားဝတ်နေရေး ကိစ္စရပ်များကိုပါ မြှင့်တင်နိုင်ရေး အတွက် ဆောင်ရွက်သင့်ကြောင်းလည်း ကော်မတီမှ အကြံပြု တင်ပြထားကြောင်း သိရသည်။

July 29, 2018














Copy Protected by Chetan's WP-Copyprotect.