လတ်တလောဖြစ်ပေါ်ခဲ့သော ပြည်သူအချင်းချင်း ကျေအေးခဲ့သည့်အမှုသည် လက်ခံနိုင်စရာမရှိဘဲ တရားစီရင်ရေးမဏ္ဍိုင်ကို တိမ်းစောင်းစေနိုင်သည့်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံစစ်ဆေးမည်ဟု နိုင်ငံတော်သမ္မတပြောကြား

လတ်တလောဖြစ်ပေါ်ခဲ့သော ပြည်သူအချင်းချင်း ကျေအေးခဲ့သည့်အမှုသည် လက်ခံနိုင်စရာမရှိဘဲ တရားစီရင်ရေးမဏ္ဍိုင်ကို တိမ်းစောင်းစေနိုင်သည့်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံစစ်ဆေးမည်ဟု နိုင်ငံတော်သမ္မတပြောကြား
Published 30 July 2018

ဓာတ်ပုံ - Yangon Region Gorernment

လတ်တလောဖြစ်ပေါ်ခဲ့သော ပြည်သူအချင်းချင်း ကျေအေးခဲ့သည့်အမှုသည် လက်ခံနိုင်စရာမရှိဘဲ တရားစီရင်ရေးမဏ္ဍိုင်ကို တိမ်းစောင်းသွားစေနိုင်သည့်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ယင်းကိစ္စကို စစ်ဆေးသွားမည်ဟု နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ပြောကြားခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်သည် ဇူလိုင်၂၉ ရက်က ရန်ကုန်တိုင်းဒေသကြီးအစိုး ရအဖွဲ့ရုံးတွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံရာ၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ် ကြောင်း တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

“တရားရေးမဏ္ဍိုင်ကို ထောက်ပြတာကတော့ ပြည်သူအချင်းချင်း ကျေအေးတဲ့အမှုကို ထောက်ပြသွားတယ်။ အမှန်တော့ ဒီလူသေမှုဟာ ပြည်သူတွေ ဥပဒေစိုးမိုးဖို့အတွက် တရားလိုဟာ နိုင်ငံတော်အစိုးရဖြစ်တယ်။ ဒီအမှုမျိုးဟာ နိုင်ငံတော်အစိုးရက တရားလို ဖြစ်နေတယ်။ ဒါကြောင့် ဒီအမှုကို ပြည်သူလူထုအချင်းချင်း ကျေအေးမယ်ဆိုလည်း သူ့အနေနဲ့ လက်ခံဖွယ်ရာမရှိဘူးလို့လည်း တင်ပြသွားတယ်” ဟု ဒဂုံမဲဆန္ဒနယ် အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက တွေ့ဆုံပွဲအပြီး မီဒီယာများအား ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲ၌ မီဒီယာများတွင် ဖော်ပြနေသည့် ပြည်သူချင်းကျေအေးခဲ့သည့် အမှုကိစ္စကို နိုင်ငံတော်သမ္မတအနေဖြင့် အလေးပေးပြောကြားသွားခဲ့ပြီး ယင်းမှာ တရားစီရင်ရေးမဏ္ဍိုင်ကို တိမ်းစောင်း သွားစေနိုင်သည့်အတွက် သက်ဆိုင်ရာတာ ဝန်ရှိသူများနှင့်တွေ့ဆုံ၍ စစ်ဆေးသွားမည်ဟုလည်း ပြောကြားခဲ့ကြောင်း ပန်းဘဲတန်းမဲဆန္ဒနယ်အမှတ် (၁) မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက မီဒီယာများအား ပြောကြားသည်။

“ရန်ကုန်တိုင်းမှာဆိုရင် အားလုံးပဲသိတဲ့အတိုင်းပဲ တရားစီရင်ရေးမဏ္ဍိုင်နဲ့ ပတ်သက်လို့ အရင်တုန်းကတောင်မှ မကြားဖူးတဲ့ အရာတွေကို ကြားရတယ်ဆိုတာမျိုးတွေ ပြောသွားပါတယ်။ သူကတော့ ဘယ်အမှုကို ရည်ညွှန်းပြီးတော့ ပြောတာမဟုတ်ပါဘူး။ အခု မီဒီယာတွေမှာ ပေါ်ပေါက်နေတဲ့အမှုတွေပါ။ ပြည်သူ၊ ပြည်သူချင်းကနေပြီးတော့ ပြန်ကျေအေးတယ်ဆိုတဲ့ကိစ္စမျိုးကိုပါ  သမ္မတကြီးက အလေးပေးပြောသွားတယ်။တချို့ကိစ္စတွေက ပြည်သူပြည်သူချင်း ကျေအေးလို့မရပါဘူး။ နိုင်ငံတော်နဲ့ ပြည်သူဆိုတဲ့ ပုံစံမျိုးတွေရှိပါတယ်။ ဒါဟာ တရားစီရင်ရေးမဏ္ဍိုင်ကို တိမ်းစောင်းသွားစေနိုင်တဲ့အတွက်ကြောင့် ဒါကိုလည်း သူဒီကနေပြန်သွားရင် နေပြည်တော်မှာ သက်ဆိုင်ရာက တာဝန်ရှိသူတွေနဲ့တွေ့ဆုံပြီးတော့ ဒီကိစ္စ တွေကို စစ်ဆေးမယ်လို့လည်း ပြောသွားပါတယ်” ဟု ဦးသန်းနိုင်ဦးက ပြောကြားသည်။

လတ်တလောတွင် ပြည်သူအချင်းချင်း ကျေအေးခဲ့သည့် အမှုအနေဖြင့် ဟာသသရုပ်ဆောင် အောင်ရဲထွေးကို သတ်ဖြတ်မှုကြောင့် ဖမ်းဆီးခံထားရသူသုံးဦးမှာ ကာယကံရှင်မိသားစုဝင်များ၏ အမှုပိတ်သိမ်းပေးမှုကြောင့် ပြန်လည်လွတ်မြောက်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပေါ်ခဲ့ပြီး ယင်းဖြစ်စဉ်ကြောင့် တရားစီရင်ရေးကဏ္ဍအပေါ် ပြည်သူများ အကြား ဝေဖန်မှုမြင့်တက်ခဲ့သည်။

ထို့ပြင် ပြည်သူလူထုအကြား အာရုံစိုက်မှု များပြားသည့် အမှုများအပေါ် အချိန်ကြန့် ကြာနေခြင်းနှင့်ပတ်သက်၍လည်း ပြည်သူလူထုသွေးအေးပြီး အာရုံမစိုက်တော့သည့် အချိန်တွင်မှ ဆုံးဖြတ်ချက်ချမှတ်မည်လားဆိုပြီး ရန်ကုန်တိုင်းတရားလွှတ်တော်ကို မေးခွန်းထုတ်သွားကြောင်းလည်း ဦးကျော်ဇေယျ၏ပြောကြားမှုအရ သိရသည်။

ဆက်လက်၍ သက်သေခံပစ္စည်းများနှင့်ပတ်သက်၍လည်း မကြန့်ကြာစေဘဲ လေလံအမြန်ဆုံးတင်နိုင်ရေး၊ သက်သေခံစရိတ်များ မြန်မြန်ဆန်ဆန် ထုတ်ပေးနိုင်ရေး ကိစ္စများကိုလည်း နိုင်ငံတော်သမ္မတက တိုက်တွန်းသွားကြောင်း သိရသည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်သည် ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံရာတွင် ရန်ကုန်တိုင်းအတွင်း ဆောင်ရွက်နေသည့် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးမဏ္ဍိုင်သုံးခုနှင့်ပတ်သက်၍ အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent