ရခိုင်ပြည်နယ်နှင့် ဆက်စပ်နေသည့် ဧရာဝတီတိုင်းဒေသကြီး၌ ယခုနှစ် ပထမခြောက်လအတွင်း ခိုးဝင်ဘင်္ဂါလီ ဖမ်းဆီးရမိမှု ယခင်ထက်ပိုများ

ရခိုင်ပြည်နယ်နှင့် ဆက်စပ်နေသည့် ဧရာဝတီတိုင်းဒေသကြီး၌ ယခုနှစ် ပထမခြောက်လအတွင်း ခိုးဝင်ဘင်္ဂါလီ ဖမ်းဆီးရမိမှု ယခင်ထက်ပိုများ
Published 29 July 2018

ရခိုင်ပြည်နယ်နှင့် ဆက်စပ်လျက်ရှိသည့် ဧရာဝတီတိုင်းဒေသကြီး၌ ယခုနှစ်ပထမခြောက်လပတ်အတွင်း ခိုးဝင်ဘင်္ဂါလီ ဖမ်းဆီးရမိမှု ယခင်ထက် ပိုမိုများပြားခဲ့ကြောင်း သိရသည်။

တိုင်းရဲတပ်ဖွဲ့ထံမှ ရရှိသည့် စာရင်းအရ ဧရာဝတီတိုင်းဒေသကြီး၌ ၂၀၁၈ ခုနှစ် ဇန်နဝါရီမှ ဇွန်အထိ ပထမခြောက်လပတ်အတွင်း ဘင်္ဂါလီ ၃၈ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“၂၀၁၈ မှာ ဘင်္ဂါလီတွေကို ဖမ်းဆီးရမိမှုက ၂၀၁၇ ပထမ ခြောက်လပတ်ထက်စာရင် ပိုပါတယ်။ ဒီနှစ်မှာ အားလုံးပေါင်း အမှုသုံးမှု၊ ကျား ၂၅ ဦး၊ မ ၁၃ ဦး ဖမ်းဆီးရမိခဲ့ပြီး တရားစွဲဆိုထားပါတယ်။ မနှစ်ကဆိုရင် တစ်မှုပဲမိပြီး ကျား ၁၂ ဦး တရားစွဲဆိုနိုင်ခဲ့ပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ခင်မောင်လတ်က ပြောကြားသည်။

အဆိုပါ ခိုးဝင်ဘင်္ဂါလီများကို ရခိုင်ပြည်နယ်ဘက်မှ ဧရာဝတီတိုင်း ဝင်ပေါက် စစ်ဆေးရေးဂိတ်များနှင့် ရန်ကုန်ဘက်အထွက် ညောင်တုန်းမြို့နယ်တို့၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မနှစ်ကမိတာ ရေနံ့သာဂိတ်၊ ဒီနှစ်မှာတော့ ဘက်ရဲဘက်မှာရှိတဲ့ စစ်ဆေးရေးဂိတ်ရော၊ ဒီဘက် ညောင်တုန်းမှာရော၊ ညောင်တုန်းတံတား စစ်ဆေးရေးဂိတ်မှာ တောက်လျှောက် ခိုးဝင်ဘင်္ဂါလီတွေကို ဖမ်းဆီးရမိပါတယ်။ သက်ဆိုင်ရာ စစ်ဆေးရေးဂိတ်တွေမှာလည်း အမြဲမပြတ် စောင့်ကြည့် စစ်ဆေးပြီး ဖမ်းဆီးဆောင်ရွက်ပါတယ်။ အချို့နေရာတွေမှာ ဆင့်ကဲဆင့်ကဲ ကြပ်မတ်မှု အားနည်းရင်လည်း အားနည်းတဲ့ စစ်ဆေးရေးဂိတ်တွေကို အရေးယူ ဆောင်ရွက်မှုတွေလည်း ပြုလုပ်ခဲ့ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ခိုးဝင်ဘင်္ဂါလီများ ဝင်ရောက်မှု ပုံစံအခြေအနေနှင့် ပတ်သက်၍ “စစ်ဆေး တွေ့ရှိချက်မှာတော့ အများစုက ရခိုင်ပြည်နယ်ဘက်က နေလာပါတယ်။ လာပြီးတော့ရန်ကုန်ကို အဓိကသွားပါတယ်။ တချု့ိလူတွေကတာ့ ကားတွေနဲ့တောက်လျှောက် ခိုအောင်းပြီး လိုက်ပါလာသလို တချို့ကျတော့လည်း လမ်းလျှောက်ပြီးတော့မှလာတယ်။ ဒီဘက်တွေ ရောက်တဲ့အခါ ကားစီးတယ်။ သူတို့ရဲ့သွားလာပုံ အနေအထားကတော့ တစ်ဖွဲ့နဲ့ တစ်ဖွဲ့မတူပါဘူး” ဟု ဒုရဲမှူးကြီး ခင်မောင်လတ်က ဆက်လက် ပြောကြားသည်။

ဘင်္ဂါလီများ ထပ်မံခိုးဝင်မှု ရှိ၊ မရှိ ကြပ်မတ်စစ်ဆေးလျက်ရှိပြီး ရခိုင်ပြည်နယ်နှင့် ဆက်စပ်လျက်ရှိသည့် ဧရာဝတီတိုင်းဒေသကြီး ဝင်ပေါက်စစ်ဆေးရေးဂိတ်များတွင်လည်း အဖွဲ့စုံဖြင့် အဓိကထား စောင့်ကြည့်စစ်ဆေးမှုများ ဆောင်ရွက်လျက်ကြောင်း သိရသည်။

“အဓိကကတော့ ရခိုင်ပြည်နယ်နဲ့ နယ်စပ်ဖြစ်တဲ့ ဂွမြို့နယ်နဲ့ ရေကြည်မြို့နယ်အစပ် ရေနံ့သာဂိတ်နဲ့ ဟိုဘက်မှာတော့ ပုသိမ်-မုံရွာ လမ်းဘက် ရဲစစ်ဆေးရေးဂိတ်တွေမှာ အဓိကထားပြီးတော့ ဘင်္ဂါလီတွေ ဝင်လာနိုင်တဲ့နေရာဖြစ်တဲ့အတွက် ဒါကိုတော့ အဓိကထားပြီး စစ်ဆေးနေပါတယ်။ စစ်ဆေးရေးဂိတ်တွေမှာတော့ အဖွဲ့စုံပါပဲ ပူးပေါင်းပြီးတော့ လ.ဝ.က လည်းပါပါတယ်။ ကျွန်တော်တို့ ရဲတပ်ဖွဲ့ဝင်တွေရော၊ သစ်တော၊ မူးယစ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းစစ်ဆေးမှုတွေ ပြုလုပ်ပါတယ်။ ဒီအပေါ်မှာ ပေါ့လျော့မှု ဆောင်ရွက်ရင်တော့ သူ့ရဲ့ ဌာနဆိုင်ရာအလိုက် ကျွန်တော်တို့ ရဲတပ်ဖွဲ့ဆိုရင်လည်း ရဲတပ်ဖွဲ့၊ အခြားသော ဌာနဆိုရင်လည်း သူ့ဌာနနဲ့သူ အရေးယူ ဆောင်ရွက်မှုတွေ ပြုလုပ်ခဲ့ပါတယ်” ဟု ဒုရဲမှူးကြီး ခင်မောင်လတ်က ပြောကြားသည်။

ညောင်တုန်းမြို့နယ်၌ ဖမ်းဆီးရမိသော ဘင်္ဂါလီများ ဖြတ်ကျော်ဝင်ရောက်လာသည့် ရခိုင်ပြည်နယ်ဘက်မှ ဧရာဝတီတိုင်းသို့ ဝင်ပေါက် စစ်ဆေးရေးဂိတ် တာဝန်ကျ ရဲအရာရှိ နှစ်ဦးနှင့် အခြားအဆင့် ခြောက်ဦးကို ရဲတပ်ဖွဲ့က တာဝန်ပေါ့လျော့မှုဖြင့် အရေးယူထားကြောင်း သိရသည်။

Most Read

Most Recent