<

လားရှိုးမြို့တွင် အိမ်စီးကားတစ်စီး ရေစီးနှင့်အတူမျှောပါပြီး ယာဉ်ပေါ်ပါသူတစ်ဦး ပျောက်ဆုံးနေ

ဓါတ်ပုံ – ထွန်းနေလှိုင်(နောင်ပိန်)

လားရှိုးမြို့တွင် ၊ ဇူလိုင်လ ၂၈ ရက်နေ့ ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းသဖြင့် လားရှိုးမြို့ပေါ် ရပ်ကွက် အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး အိမ်စီးကားတစ်စီးလည်း ရေစီးနှင့်အတူမျှောပါကာ ယာဉ်ပေါ်ပါသူ တစ်ဦးပျောက်ဆုံးနေကြောင်း သိရသည်။

အဆိုပါ အိမ်စီးကားယာဉ်ငယ်တစ်စီးမှာ မိုးများသည်းထန်စွာ ရွာသွန်းနေစဉ် လားရှိုးမြို့ ၊ ရပ်ကွက် (၁၂) အဝေရာလမ်းအနီး ၊ ဟူးမွန်ဆည်သွားလမ်းတံတားအား ဖြတ်သန်းစဉ် ရေစီးနှင့်အတူ မျှောပါ သွားကြောင်း သိရသည်။
ရေစီးနှင့်မျှောပါသွားသော ယာဉ်အား မန်ဆူရှမ်းကျောင်းအနောက်ဘက်မြောင်းအတွင်းတွင် ဇူလိုင်လ ၂၉ ရက်နေ့ နံနက်ပိုင်းက ပြန်လည်ရှာဖွေတွေ့ရှိသော်လည်း ယာဉ်ပေါ်တွင် လိုက်ပါစီးနင်းလာသူအား မတွေ့ရကြောင်း သိရသည်။

“ မနေ့ည (၁၂)နာရီခွဲလောက်က ကျွန်မအမျိုးသား ဖုန်းဆက်လာတယ်။ သူပြန်လာပြီ။ သူ့ကားမိုးရေ ထဲက ရေစီးနဲ့မျှောလာပြီး တံတားကိုကျော်လာပြီလို့ပြောတယ်။သူ့ကားထဲမှာ လူဘယ်နှစ်ဦး ပါတယ်ဆိုတာတော့ မသိဘူး။ သူနောက်ဆုံးထွက်လာတဲ့ ဆိုင်ကတော့ ကားထဲမှာ ကျွန်မအမျိုးသား တစ်ဦးပဲ တက်သွားတာ မြင်တယ်လို့တော့ ပြောတယ်။အခု ကားတော့တွေ့ပြီ။ လူကိုတော့မတွေ့သေးဘူး။” ဟု ရေစီးနှင့်မျှောပါသွားသည့် ကားအတွင်း ပါသွားသည့် အမျိုးသားတစ်ဦး၏ ဇနီးဖြစ်သူက ပြောသည်။

ရေစီးနှင့်မျှောပါသွားသည့် ယာဉ်အား ဇူလိုင်လ ၂၉ ရက်နေ့ နံနက် (၉)နာရီအချိန်က ကရိန်းဖြင့်ပြန်လည်ဆယ်ယူနိုင်ခဲ့ပြီး ယာဉ်အတွင်းမှ ယာဉ်ပေါ်ပါအမျိုးသား၏ ပိုက်ဆံအိတ်နှင့် အခြားပစ္စည်းများ ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။

ရေစီးနှင့်မျှောပါသွားသူ ယာဉ်မောင်းဖြစ်သူအား လားရှိုးမြို့ မီးသတ်တပ်ဖွဲ့နှင့်လူမှုကယ်ဆယ်ရေး အသင်းများ ရေမြောင်းတစ်လျှောက်နှင့် အေတီချောင်းတစ်လျှောက်တို့တွင် ရှာဖွေမှုများ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။

 

 

July 29, 2018














Copy Protected by Chetan's WP-Copyprotect.