ဘီးလင်းမြို့နယ်အတွင်း လမ်းရေကျော်မှု ဖြစ်ပွားနေမှုကြောင့် ရေဘေးကယ်ဆယ်ရေး ကူညီဆောင်ရွက်ပေးနေသော တပ်မတော်သားသုံးဦး ရေဖြင့်မျောပါ ပျောက်ဆုံးနေ

ဘီးလင်းမြို့နယ်အတွင်း လမ်းရေကျော်မှု ဖြစ်ပွားနေမှုကြောင့် ရေဘေးကယ်ဆယ်ရေး ကူညီဆောင်ရွက်ပေးနေသော တပ်မတော်သားသုံးဦး ရေဖြင့်မျောပါ ပျောက်ဆုံးနေ
Published 29 July 2018

ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာအနီး ရေကြီးရေလျှံမှုကို ဇူလိုင် ၂၈ ရက်က တွေ့ရစဉ်

မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေ ကျဆင်းမှုကြောင့် ရန်ကုန်-မော်လမြိုင် အဝေးလမ်းမပေါ်ရှိ ဘီးလင်းမြို့နယ်အတွင်း လမ်းရေကျော်မှု ဖြစ်ပွားနေမှုကြောင့် ရေဘေးကယ်ဆယ်ရေး ကူညီဆောင်ရွက်ပေးနေသော တပ်မတော်သား သုံးဦးမှာ ဇူလိုင် ၂၇ ရက် မွန်းလွဲ ၂ ခွဲခန့်က ဘီးလင်းမြို့နယ် တောင်ကလေးကျေးရွာ မစောတံတားအနီး ရေဖြင့်မျောပါ ပျောက်ဆုံးနေကြောင်း သိရသည်။

ရေဖြင့်မျောပါ ပျောက်ဆုံးနေသော တပ်မတော်သား သုံးဦးမှာ ကျိုက်ထိုမြို့ အမှတ် (၂) ခြေမြန်တပ်ရင်းမှ တပ်သားစိုးရန်နိုင်၊ တပ်သားကျော်ကျော်၊ တပ်သားစောတင်မောင်ဝင်း ဖြစ်ကြောင်း သိရသည်။

“မနေ့က မစောတံတားအနီးမှာရှိတဲ့ လယ်ထွန်စက် တစ်စီးကို တပ်မတော်သားတွေရော၊ ရဲတပ်ဖွဲ့ဝင်တွေရော၊ ကြက်ခြေနီတွေရော ကူပြီးတော့ ရေထဲကနေ ရွှေ့ပြောင်းအပြီးမှာ တပ်မတော်သား ခုနစ်ဦး ရေစီးအား ပြင်းထန်လို့ ရေထဲမျောသွားတယ်။ တပ်မတော်သား လေးဦးကတော့ နီးစပ်ရာ ဓာတ်မီးတိုင်တွေမှာ ခိုနေပြီး ကျန်ခဲ့တယ်။ ကျန်တပ်မတော်သား သုံးဦးကတော့ ရေထဲမျောသွားပါတယ်” ဟု အဆိုပါ မစောတံတားအနီးရှိ မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်များအရ သိရသည်။

“မနေ့(ဇူလိုင်၂၇ ရက်) က ကျွန်တော်တို့ ဘီးလင်းမြို့ထဲ ရောက်တဲ့အချိန်မှာ ကြားတဲ့သတင်းက ရေဘေးကယ်ဆယ်ရေး ကူညီဆောင်ရွက်ပေးနေတဲ့ တပ်မတော်သားသုံးဦး ရေထဲမျောပါ ပျောက်ဆုံးနေတဲ့ သတင်းပါ။ ဘယ်နေရာမှာဖြစ်လဲမေးတော့ မစောတံတား အနီးမှာ ဖြစ်တာလို့ ကြားသိရပါတယ်။ တပ်မတော်သား ခုနစ်ဦးမျောတာ လေးဦးက ဓာတ်တိုင်ကို သွားဖက်မိလို့ ပြန်ကယ်လို့ ရလိုက်ပါတယ်။ ကျန်တဲ့သုံးဦးကိုတော့ အခုအချိန်အထိ ရှာဖွေနေဆဲပါပဲ” ဟု မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။

“လက်ရှိ ဘီးလင်းရေကြီးမှု ဖြစ်စဉ်မှာ လူအသေအပျောက် မဖြစ်ရလေအောင် တတ်နိုင်သမျှ ထိန်းသိမ်းဆောင်ရွက် နေပါတယ်။ အဲဒီလို ဆောင်ရွက်နေတဲ့ အချိန်မှာ အခုလို တပ်မတော်သား သုံးဦးက မမျှော်လင့်ဘဲနဲ့ ပျောက်ဆုံးသွားတဲ့အတွက် ကျွန်တော်တို့ မွန်ပြည်နယ် အစိုးရအဖွဲ့အနေနဲ့ အထူးပဲ ဝမ်းနည်းမိပါတယ်။ လက်ရှိမှာ ကျွန်တော်တို့ မွန်ပြည်နယ် အစိုးရအဖွဲ့အနေနဲ့ တပ်မတော်သား တစ်ဦးကို ကျပ်သိန်း ၂၀ နှုန်းနဲ့ထောက်ပံ့ကူညီ ထားပါတယ်။ အခုလက်ရှိတော့ တပ်မတော်သား သုံးဦးက ပျောက်ဆုံးဆဲ အဆင့်မှာပဲ ရှိပါသေးတယ်” ဟု မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။

ရေထဲမျောပါ ပျောက်ဆုံးနေသော တပ်မတော်သား သုံးဦးအား တပ်မတော်၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့များမှ လှေများဖြင့် လိုက်လံရှာဖွေ လျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent