ပြောင်းလဲချိန်တန်ပြီဟု ပြည်သူလူထုကို မဲဆွယ်စည်းရုံးခဲ့သော်လည်း ပါတီဝင်အချို့ ယခုအချိန်အထိ စိတ်ထားများ မပြောင်းနိုင်သေးသည်ကိုတွေ့ရကြောင်း NLD ပါတီ ရန်ကုန်တိုင်းအလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ပြောကြား

ပြောင်းလဲချိန်တန်ပြီဟု ပြည်သူလူထုကို မဲဆွယ်စည်းရုံးခဲ့သော်လည်း ပါတီဝင်အချို့ ယခုအချိန်အထိ စိတ်ထားများ မပြောင်းနိုင်သေးသည်ကိုတွေ့ရကြောင်း NLD ပါတီ ရန်ကုန်တိုင်းအလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ပြောကြား
Published 29 July 2018

ဇူလိုင်လ ၂၈ ရက်က NLD ပါတီ ရန်ကုန်တိုင်း၊ ခရိုင်၊ မြို့နယ် နဝမအကြိမ် စုံညီအစည်းအဝေးပြုလုပ်နေစဉ် (ဓာတ်ပုံ-မျိုးမင်းထက်)

ပြောင်းလဲချိန်တန်ပြီဟု ပြည်သူလူထုကို မဲဆွယ်စည်းရုံးခဲ့သော်လည်း ပါတီဝင်တချို့  ယခုအချိန်အထိ စိတ်ထားများမပြောင်းနိုင်သေးသည်ကို တွေ့ရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ရန်ကုန်တိုင်း အလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဋ္ဌေးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်ရှိ Sky Star ဟိုတယ်၌ ဇူလိုင် ၂၈ ရက်က ကျင်းပသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်းဒေသကြီး နဝမအကြိမ် တိုင်း၊ ခရိုင်၊ မြို့နယ်စုံညီတွေ့ဆုံပွဲတွင် အဖွင့်အမှာ စကားပြောကြားရာတွင် ၎င်းက အထက်ပါကဲ့ သို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပါတီသက်တမ်းကို ပြောမယ်ဆိုရင် နောက်နှစ်လနီးပါးလောက်မှာ နှစ် ၃၀ ပြည့်ပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့ ပါတီဝင်တချို့ရဲ့ စိတ်နေစိတ်ထား၊ လုပ်ဆောင်မှု၊ စွမ်းဆောင်ရည်တွေဟာ ခြောက်လသားသက် တမ်းတောင်မပြည့်သေးတဲ့ အနေအထားမျိုး လောက်တွေ အခုချိန်ထိ တွေ့နေရတုန်းပါ။ ဒီလိုစကားဟာလည်း ကျွန်တော်မကြာမကြာ ပြောဖြစ်ပါတယ်။ ကျွန်တော်တို့ ပြောင်းလဲချိန်တန်ပြီဆိုပြီးတော့ ပြည်သူလူထုကို မဲဆွယ်စည်းရုံးခဲ့ပေမယ့် ကျွန်တော်တို့ပါတီ ဝင်တချို့ဟာ အခုအချိန်ထိ မိမိကိုယ်ရဲ့ မိမိ စိတ်ထားတွေကို မပြောင်းနိုင်သေးတာ အခုချိန်ထိတွေ့ရတုန်း။ အခုအချိန်ထိ ရပ်ကျေးတွေ၊ မြို့နယ်တွေမှာ အမှုဆောင်အချင်းချင်း ပြောကြဆိုကြတုန်း၊ နားလည်မှုလွဲမှားနေတုန်း၊ နားလည်မှု အပြည့်အဝမရရှိနိုင်မှု အားနည်းနေတုန်းဟာ အခုအချိန်ထိ အများကြီးတွေ့ရပါတယ်” ဟု ဦးမြင့်ဋ္ဌေးက ပြောကြားသည်။

တချို့ကိစ္စများတွင် အချင်းချင်းညှိနှိုင်း ဆောင်ရွက်လျှင်ရနိုင်ကြောင်း၊ အချင်းချင်း ညှိနှိုင်းတိုင်ပင်မှု၊ ဆွေးနွေးဖလှယ်မှုများပြု လုပ်ရန် လိုအပ်နေသေးသည်ကို တွေ့နေရ ကြောင်း NLD ပါတီ ရန်ကုန်တိုင်းအလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌဦးမြင့်ဋ္ဌေးက ဆိုသည်။

“လက်ရှိရန်ကုန်တိုင်းထဲမှာ ဖြစ်နေတဲ့ အခြေအနေတွေပဲ ကျွန်တော်ပြောပြချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့အစည်းအဝေးတက်ရောက်ဖို့ကိုတောင် မြို့နယ်တချို့အကုန်လုံးလို့ ကျွန်တော်မပြောပါဘူး။ မြို့နယ် တချို့ဖြေရှင်းလို့မရတဲ့ကိစ္စတွေ၊ ဖြေရှင်း နေရတုန်းကိစ္စတွေရှိတုန်း။ ကျွန်တော်တို့ရဲ့လိုအပ်ချက်၊ တိုင်းအမှုဆောင်ရဲ့လိုအပ်ချက် အရ ကျွန်တော်တို့စာ ခရိုင်တွေကနေတစ်ဆင့် မြို့နယ်တွေကို ပို့တဲ့အခါမှာ အမျိုးသမီးကော်မတီနဲ့လူငယ်လုပ်ငန်းအဖွဲ့တာဝန်ခံတွေ ဒီ အစည်းအဝေးကို တက်ဖို့အတွက် ကျွန်တော်တို့ရဲ့ တိုင်းညွန်ကြားချက်ထဲမှာ မပါသွားဘူး။ ဒါပေမဲ့ နောက်ပိုင်းကျွန်တော်တို့ စီစဉ် ဆောင်ရွက်မှုအရဆောင်ရွက်ပေးတယ်။ အဲဒီမှာ မြို့နယ်တချို့အမျိုးသမီးကော်မတီ မတက်ရဘူးလို့ လူငယ်တာဝန်ခံတွေ မတက်ရဘူးလို့ ငါတို့အမှုဆောင်တွေ ခုနစ်ဦးပဲ ဖိတ်တာတို့ ဒီလိုအနေအထားလေးကအစ ကျွန်တော်တို့ တွေ့နေ၊ ကြားနေရတယ်။ အဲဒီတော့ ကျွန်တော်တို့ မျိုးဆက်သစ်ကို ဘယ်လိုချိတ်တွဲကြမလဲ ဒါဆိုရင်။ ဒီသဘောထားလေးကို ကျွန်တော်တို့ တိုင်းရဲ့လိုအပ်ချက်အရ ဖြစ်ပေါ်တဲ့ ကိစ္စအပေါ်မှာ မြို့နယ်အမှုဆောင်တွေ သဘောထားကြီးဖို့ နားလည်ဖို့လိုပါတယ်။ ကျွန်တော်တို့ မျိုးဆက်သစ်လူငယ်တွေကို ဖော်ထုတ်နေတယ်။ မျိုးဆက်သစ်တွေကို တာဝန်ပေးဖို့ နေရာပေးဖို့ဆောင်ရွက်နေတယ်ဆိုရင် ဒီအစည်းအဝေးတက်ဖို့တောင် တချို့မြို့နယ် အမှုဆောင်တွေ လူငယ်တွေ တစ်ဦးကို တာဝန်မပေးချင်ဘူး။ အမျိုးသမီးကော်မတီက တစ်ဦးကို တာဝန်မပေးချင်ဘူးဖြစ်နေကြတယ်။ အဲဒီကိစ္စတွေ ကျွန်တော်တို့ တိုင်းကို အများကြီးရောက်ပါတယ်။ ဒါတွေဟာ မဖြစ်သင့်ဘူးလို့ ကျွန်တော်ထင်တယ်” ဟု ဦးမြင့် ဋ္ဌေးက ဆက်လက်ပြောကြားသည်။

ထို့အတူ ယနေ့ အစည်းအဝေး၌ တင်သွင်းမည့် နိုင်ငံရေးအစီရင်ခံစာနှင့်ပတ်သက်၍ မြို့နယ်တချို့အနေဖြင့် တိုင်းက ညွန်ကြားထားသည့်အတိုင်း စီစဉ်ဆောင်ရွက်မှုမလုပ်သည်ကို ကြားနေရကြောင်း NLD ပါတီ ရန်ကုန်တိုင်းအလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌဦး မြင့်ဋ္ဌေးက ပြောကြားသည်။

“ ဒီနေ့တင်သွင်းမယ့် နိုင်ငံရေးအစီရင်ခံစာကို မြို့နယ်တချို့ ကျွန်တော်တို့ တိုင်းက ညွန်ကြားထားတဲ့အတိုင်း စီစဉ်ဆောင်ရွက်မှု မလုပ်တာကို အခုအချိန်ထိ သိနေကြားနေရတုန်း။ တချို့စကားများရန်ဖြစ်တဲ့အထိ တောင်ရှိတယ်လို့ သိတယ်။ ဘယ်မြို့နယ်လဲလို့ ကျွန်တော်တို့ မပြောဘူး။ ကျွန်တော်တို့ သိတယ်။ ဒါတွေဟာ မဖြစ်သင့်တော့ပါဘူး” ဟု ဦးမြင့်ဋ္ဌေးက ပြောကြားသည်။

ထို့ကြောင့် လူငယ်မျိုးဆက်သစ်များကို လက်တွဲခေါ်ဆောင်နိုင်ရန်လိုအပ်ကြောင်း၊ အားလုံးပူးပေါင်းအဖြေရှာမှု၊ ညှိနှိုင်းတိုင်ပင်မှုများကို ဆောင်ရွက်နိုင်ရန်လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်းဒေသကြီး တိုင်း၊ ခရိုင်၊ မြို့နယ် စုံညီ တွေ့ဆုံပွဲသို့ ပါတီမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ရန်ကုန်းတိုင်းဒေသကြီးအတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်များ တက်ရောက်ခဲ့ ကြောင်း သိရသည်။

Most Read

Most Recent