<

အစိုးရသစ် စတင်သည့်ကာလမှ လက်ရှိအချိန်အထိ ရန်ကုန်တိုင်းအတွင်း စက်မှုလုပ်ငန်း ၇၈၀ ကျော် တိုးလာဟုဆို

မီဒီယာများနှင့် တွေ့ဆုံနေသည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အလုပ်သမားနှင့် လူဝင်မှုကြီးကြပ်ရေး၊ ပြည်သူ့အင်အားဝန်ကြီး ဦးဇော်အေးမောင်က တွေ့ရစဉ်

အစိုးရသစ် စတင်သည့်ကာလမှ လက်ရှိအချိန်ထိ ရန်ကုန်တိုင်းအတွင်း စက်မှုလုပ်ငန်း ၇၈၀ ကျော် တိုးတက်လာကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးနှင့် အလုပ်သမားနှင့် လူဝင်မှုကြီးကြပ်ရေး၊ ပြည်သူ့အင်အားဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။

ဇူလိုင် ၂၈ ရက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် မီဒီယာများနှင့် တွေ့ဆုံရာတွင် ၎င်းကပြောကြားခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးမှာ စက်ရုံအလုပ်ရုံ အများဆုံး တည်ရှိသည့် ဒေသကြီး တစ်ခုဖြစ်ပြီး တစ်နိုင်ငံလုံးရှိ စက်ရုံအလုပ်ရုံများ၏ ၁၃ ရာခိုင်နှုန်းကျော်ကျော်ရှိကြောင်း ဦးဇော်အေးမောင်က ပြောကြားသည်။

“ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ ကျွန်တော်တို့အစိုးရ စတက်တဲ့ ၂၀၁၅ မတ် ၃၁ ရက် ပုဂ္ဂလိက မှတ်ပုံတင် စက်မှုလုပ်ငန်း စာရင်းက ၆၁၆၄ ခုရှိပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၃၀ ရက်အထိ ပုဂ္ဂလိက မှတ်ပုံတင် စက်မှုလုပ်ငန်းစာရင်း ၆၈၉၅ တိုးလာတယ်။ တိုးလာတော့ ပျမ်းမျှလုပ်လိုက်ရင် ၇၃၁ ခု တိုးလာတယ်။ နောက်ထက် MIC ကို လျှောက်လို့ MIC ကခွင့်ပြုထားတဲ့ စက်မှုလုပ်ငန်း ၅၈ ခုမပါသေးဘူး။ ၅၈ ခုပါ ပေါင်းလိုက်မယ်ဆိုရင် တိုးလာမယ့် စက်မှုလုပ်ငန်းက ၇၅၈ ခု ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံ စက်ရုံ အလုပ်ရုံ အားလုံးရဲ့ ၁၃ ဒသမ ၇၆ ရာခိုင်နှုန်းက ရန်ကုန်မှာရှိတယ်။ ဒါကြောင့် ရန်ကုန်တိုင်းဒေသကြီးက စက်ရုံအလုပ်ရုံ အများဆုံး၊ အလုပ်သမား အများဆုံးဖြစ်တယ်” ဟု ၀န်ကြီး ဦးဇော်အေးမောင်က ဆက်လက် ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနမှ ဇွန် ၃၀ ရက်အထိ ပုဂ္ဂလိက မှတ်ပုံတင် စက်မှုလုပ်ငန်းများ စာရင်းသည် စားသောက်ဆိုင်ရာ လုပ်ငန်း ၁၆ ခု၊ ၀တ်ဆင်ရေးလုပ်ငန်း ၃၁၂ ခု၊ နေထိုင်ရေးလုပ်ငန်း ၁၀၃ ခု၊ လူသုံးပစ္စည်း လုပ်ငန်း ၁၃၀၊ အိမ်သုံးပစ္စည်းလုပ်ငန်း ၁၈ ခု၊ စာပေနှင့် အနုပညာဆိုင်ရာ လုပ်ငန်း ၉၃ ခု၊ ကုန်ကြမ်းပစ္စည်းလုပ်ငန်း ခုနစ်ခု၊ ဓာတ်သတ္တုပစ္စည်း ပြုပြင်ထုတ်လုပ်ငန်း ၅၂ ခု၊ စက်မှုလက်မှုသုံး ကိရိယာလုပ်ငန်း သုံးခု၊ လျှပ်စစ်ပစ္စည်း ထုတ်လုပ်ငန်းခြောက်ခု၊ အထွေထွေ စက်မှုအလုပ်ရုံများ ခြောက်ခုတို့ဖြစ်ပြီး၊ သယ်ယူပို့ဆောင်ရေးယာဉ်များထုတ် လုပ်ငန်း ၁၅ ခု ရပ်နားခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ မြို့နယ်များတွင် စက်ရုံတည်ဆောက်ခွင့်ရှိသည့် နေရာများတွင် တည်ဆောက်လိုသည့် လုပ်ငန်းရှင်များ ရှိပါက နှစ်ကာလ အပိုင်းအခြားဖြင့် အခွန်ကင်းလွတ်ခွင့် ပြုထားခြင်းများရှိကြောင်း ၀န်ကြီးဦးဇော်အေးမောင်၏ ပြောကြားချက်အရ သိရသည်။

“ရန်ကုန်တိုင်းဒေသကြီးမှာ လှိုင်သာယာ၊ ရွှေပြည်သာ၊ ရန်ကုန်မြို့ထဲက မြို့နယ်တွေမှာ စက်ရုံတည်လို့ရှိရင် အခွန်ကင်းလွတ်ခွင့် သုံးနှစ်ပေးမယ်။ သန်လျင်၊ မှော်ဘီ၊ လှည်းကူး အဲဒီလိုနေရာမျိုးတွေမှာ စက်ရုံတည်မယ်ဆိုရင် အခွန်ကင်းလွတ်ခွင့် ငါးနှစ်အထိ ပေးတယ်။ အဲဒီလိုဟာတွေက မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံသူတွေအတွက် အခွင့်လမ်းကောင်းတွေ ဖြစ်ပါတယ်” ဟု ၀န်ကြီး ဦးဇော်အေးမောင်က ဆိုသည်။

စက်မှုဇုန်များတွင် စက်ရုံအချို့ ပိတ်သိမ်းသည်ဟူသည့် သတင်းများမှာ ထွက်ပေါ်လျက်ရှိပြီး ယင်းကဲ့သို့ သတင်းများ ထွက်ပေါ်နေချိန်တွင် မီဒီယာများအား ခေါ်ယူရှင်းလင်း ခဲ့ခြင်းဖြစ်သည်။

 

July 28, 2018














Copy Protected by Chetan's WP-Copyprotect.