ဘူးသီးတောင်မြို့နယ် ဖုံညိုလိပ်ကျေးရွာနှင့် ကြာညိုပြင်ကျေးရွာမှ ရွာသူရွာသားများ နေရပ်စွန့်ခွာ

ဘူးသီးတောင်မြို့နယ် ဖုံညိုလိပ်ကျေးရွာနှင့် ကြာညိုပြင်ကျေးရွာမှ ရွာသူရွာသားများ နေရပ်စွန့်ခွာ
Published 26 August 2017

ဘူးသီးတောင်မြို့နယ် ဖုံညိုလိပ်ကျေးရွာနှင့် ကြာညိုပြင်ကျေးရွာမှ ရွာသူရွာသားများ ယနေ့ (သြဂုတ် ၂၆ ရက်)တွင် နေရပ်စွန့်ခွာလာကြောင်း သိရသည်။

"အခုရွာမှာ လုံခြုံရေးမရှိတော့ ကြောက်ပြီး ထွက်ပြေးလာတာပါ။ ပစ်သံခတ်သံတွေလည်း ကြားနေရတော့ ညအချိန် ဘင်္ဂါလီအကြမ်းဖက်သမားတွေ လာပြီး တိုက်ခိုက် သတ်ဖြတ်မှာကိုကြောက်လို့ အမျိုးသမီးတွေ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေ ထွက်ပြေးလာတာပါ"ဟု ဘူးသီးတောင်မှ ၇ မိုင်ဝေးသည့် ဖုံညိုလိပ်ရွာသူတစ်ဦးက ပြောသည်။

ယင်းသို့ ထွက်ပြေးလာသူထဲတွင် အသက် ၈၀ အရွယ်အထိ ပါဝင်ကြောင်းနှင့် လူ ၂၀ ကျော် ရရာကားဖြင့် ဘူးသီးတောင်မြို့ပေါ်သို့ ပြောင်းရွှေ့လာခြင်းဖြစ်သည်။

"ရွာမှာ မနေရဲတော့လို့ လာတာပါ။ ရွက်ညိုတောင်ရွာကပါ။ ဘင်္ဂါလီတွေအများကြီး အမျိုးမျိုးအသံတွေ ကြားနေရလို့ ပြေးလာတာပါ။ ပြေးရပေါင်းလည်း မနည်တော့ပြီ လုံခြုံရေးမရရင် ရွာကို မပြန်ရဲတော့ဘူး"ဟု ကြာညိုပြင်ကျေးရွာမှ အသက် ၈၀ အရွယ်ဒေါ်စိန်ညွန့်ဖြူ ကပြောသည်။

နေရပ်စွန့်ခွာလာသူများသည် မြို့ပေါ်ရှိ ဆွေမျိုးနေအိမ်များတွင် လည်းကောင်း ဘုန်းတော်ကြီးကျောင်းများတွင် လည်းကောင်း နေထိုင်နေရကြောင်းလည်း သိရသည်။

အလားတူ သြဂုတ်လ ၂၅ ရက်နေ့ ညနေပိုင်းက လုံခြုံရေးဖြင့် ကယ်ထုတ်ခဲ့ရသည့် ဘူးသီးတောင်မြို့နယ် တောင်ဘဇာကျေးရွာသားများမှ ၅၂၂ လုခြုံရေးတပ်ရင်းတွင် နေ့ထိုင်လျက်ရှိပြီး စားသောက်ရေး အခက်အခဲရှိနေကြောင်း သိရသည်။

ဘူးသီးတောင်မြို့ခံ ကိုခင်မောင်ရွှေက"မနေ့က တောင်ဘဇာကနေ ထွက်ပြေးလာကြသူတွေ ၅၂၂ တပ်ရင်းကို ရောက်နေပြီး လူငါးရာကျော်ဟာ စားဖို့ ရိက္ခာဆန်နဲ့ သောက်ရေ အခက်အခဲရှိနေတယ် အကြောင်းကြားလို့ ကျွန်တော်တို့ မြို့ခံတွေကပို့ဖို့ တာဝန်ရှိသူတွေနဲ့ သွားဆွေးနွေးတော့ အဲဒီကိုသွားဖို့ လမ်းမှာအန္တရာယ်ရှိလို့ သူတို့ကပဲ ပို့ဆောင်ပေးမယ်လို့ ပြောထားပါတယ်။ အခု ဖုံညိုလိပ်ကျေးရွာသားတွလည်း ထွက်ပြေးလာကြပါတယ်"ဟုပြောသည်။

ဘူးသီးတောင်မြို့ပေါ်တွင် ရွှေကျင်ဘုန်းတော်ကြီးကျောင်းနှင့် လမ်းမကျောင်းတွင် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားပြီး စုစုပေါင်းလူဦးရေ တစ်ရာကျော် ရောက်ရှိနေကြောင်း သိရသည်။

Most Read

Most Recent