စားသောက်ကုန်၊ လူသုံးကုန်၊ ဆေးနှင့် ဆေးပစ္စည်းအပါအဝင် ဦးစားပေးကုန်ပစ္စည်းအုပ်စုစာရင်း ၂၄ စုကို နိုင်ငံခြားကုမ္ပဏီနှင့် အကျိုးတူဖက်စပ်ကုမ္ပဏီများအား လက်လီလက်ကားရောင်းချခွင့်ပြု

စားသောက်ကုန်၊ လူသုံးကုန်၊ ဆေးနှင့် ဆေးပစ္စည်းအပါအဝင် ဦးစားပေးကုန်ပစ္စည်းအုပ်စုစာရင်း ၂၄ စုကို နိုင်ငံခြားကုမ္ပဏီနှင့် အကျိုးတူဖက်စပ်ကုမ္ပဏီများအား လက်လီလက်ကားရောင်းချခွင့်ပြု
Published 29 July 2018

စားသောက်ကုန်နှင့် လူသုံးကုန်များရောင်းချလျက်ရှိသည့် ဈေးဝယ်စင်တာတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-အိသဉ္ဖာကျော်)

စားသောက်ကုန်၊ လူသုံးကုန်၊ ဆေးနှင့် ဆေးပစ္စည်းအပါအဝင် ဦးစားပေးကုန်ပစ္စည်း အုပ်စုစာရင်း ၂၄ စုအား နိုင်ငံခြားကုမ္ပဏီ၊ နိုင်ငံသားနှင့်နိုင်ငံခြားသားပေါင်းစည်းဆောင်ရွက်နေသည့် ကုမ္ပဏီများအား လက်လီလက်ကား ရောင်းချခွင့်ပြုကြောင်း ကုန်သွယ်ရေး ဦးစီးဌာနမှ သတင်းထုတ်ပြန်လိုက်သည်။

နိုင်ငံခြားကုမ္ပဏီ၊ နိုင်ငံသားနှင့်နိုင်ငံခြားသား ပေါင်းစည်းဆောင်ရွက်နေသည့် ကုမ္ပဏီများအား လက်လီလက်ကားရောင်းချခွင့်ပြုသည့် ဦးစားပေးကုန်ပစ္စည်းစာရင်းတွင် အဝတ်အထည်၊ နာရီ၊ အလှကုန်ပစ္စည်းများ ပါဝင်သည့် လူသုံးကုန်ပစ္စည်းများ၊ ကြွေထည်၊ မြေထည်၊ ဖန်နှင့်ဖန်ထည်ပစ္စည်းများပါဝင်သည့် အိမ်သုံးကုန်ပစ္စည်းများ ပါဝင်သည်။

စားသောက်ကုန်ပစ္စည်းများတွင် နိုင်ငံတော်၏ လိုအပ်ချက်အရ တင်သွင်းရောင်းချခွင့် မပြုသောပစ္စည်းများမှအပ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများ၊ တိရစ္ဆာန်ထွက်ကုန်ပစ္စည်းများ၊ အသင့်စားသုံးနိုင်သည့် စားသောက်ကုန်များ၊အချိုရည် အမျိုးမျိုး၊ ပြည်တွင်းတွင်ထုတ်လုပ်သော ယမကာများ ပါဝင်သည်။

မီးဖိုချောင်သုံးကုန်ပစ္စည်းများ၊ ဆေးနှင့် ဆေးပစ္စည်း၊ ဆေးရုံသုံးကိရိယာများ၊ တိရစ္ဆာန်အစာနှင့် တိရစ္ဆာန်ဆေးဝါးများ၊ စာရေးကိရိယာများ၊ ပရိဘောဂပစ္စည်းများ၊ အားကစားပစ္စည်းများ၊ ကင်မရာ၊ ဖုန်း အပါအဝင် ဆက်သွယ်ရေးပစ္စည်းများ၊ အီလက်ထရောနစ်ပစ္စည်း များ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ နှင့် ကိရိယာများ၊ လျှပ်စစ်ပစ္စည်းများ၊ စက်မှုကုန်ထုတ်လုပ်ငန်းသုံး ဓာတုပစ္စည်းများ၊ မျိုးစေ့၊ စိုက်ပျိုးရေးသွင်းအားစုများနှင့် စိုက်ပျိုးရေးသုံး ပစ္စည်းများ၊ လယ်ယာသုံးစက်ကိရိယာများ၊ စက်ပစ္စည်းအမျိုးမျိုးနှင့်ဆက်စပ်ပစ္စည်း အမျိုးမျိုးတို့ ပါဝင်သည်။

ထို့ပြင် စက်ဘီးအမျိုးမျိုး၊ မော်တော်ဆိုင်ကယ်နှင့် ဆက်စပ်ပစ္စည်းအမျိုးမျိုး၊ ကလေးကစားစရာပစ္စည်းများ၊ ပန်းနှင့်အပင်များ အပါအဝင် အိမ်အလှဆင်ပစ္စည်းများ၊ အမှတ်တရ လက်ဆောင်ပစ္စည်းနှင့် လက်မှုပစ္စည်းအမျိုးမျိုး၊ အနုပညာပစ္စည်းများ၊ တူရိယာပစ္စည်းများ နှင့်ဆက်စပ်ပစ္စည်းများ (ရှေးဟောင်းပစ္စည်းများ မပါဝင်) စသည်တို့ ဖြစ်သည်။

လက်လီလက်ကားရောင်းချခွင့်မှတ်ပုံတင်ဖြင့် ဖော်ပြပါပစ္စည်းများ ရောင်းချရာတွင်  ပြည်တွင်းထုတ်ကုန်များကို တန်ဖိုးမြှင့်ပြုပြင် ထုတ်လုပ်၍ ဦးစားပေးရောင်းချရမည်၊ ပြည်ပမှ တင်သွင်းရောင်းချရာတွင် ကုန်ပစ္စည်းအလိုက်သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းသတ်မှတ်စည်း မျဉ်းစည်းကမ်းများနှင့်အညီ  ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဦးစားပေးရောင်းချခွင့်ပြုသည့် ကုန်ပစ္စည်းအုပ်စုစာရင်းများနှင့်ပတ်သက်၍ နိုင်ငံတော်၏လိုအပ်ချက်နှင့်အညီ ပြင်ဆင် သတ်မှတ်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ  ထုတ်ပြန်ထားသည်။

လက်လီလက်ကား ရောင်းချခွင့်ပြုသည့်  ဦးစားပေးကုန်ပစ္စည်းစာရင်းအား နိုင်ငံတော်၏ လိုအပ်ချက်အပေါ် မူတည်၍ အခါအားလျော်စွာပြန်လည်သုံးသပ်၍ ပြင်ဆင်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံခြားကုမ္ပဏီ၊ နိုင်ငံသားနှင့် နိုင်ငံခြားသားပေါင်းစည်းဆောင်ရွက်သည့်ကုမ္ပဏီများအား ပြည်တွင်းတွင် လက်လီလက်ကားရောင်းချခွင့်ပြုကြောင်း  လိုက်နာဆောင်ရွက်ရန် စည်းကမ်းသတ်မှတ် ချက်များနှင့်တကွ ၂၀၁၈ ခုနှစ် မေ ၉ ရက်စွဲ ပါ အမိန့်ကြော်ငြာစာအမှတ် ၂၅/၂၀၁၈ဖြင့်  အသိပေးထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

 

 

Most Read

Most Recent