ကျန်းမာရေး ဝန်ကြီးဌာနက ခရိုင်၊ မြို့နယ်အဆင့် ပြည်သူ့ဆေးရုံကြီးများနှင့် အခြားလိုအပ်ချက်ရှိသော နေရာများတွင် အရေးပေါ်ကုသမှု ပေးနိုင်သည့် ဌာနများ တည်ထောင်မည်

ကျန်းမာရေး ဝန်ကြီးဌာနက ခရိုင်၊ မြို့နယ်အဆင့် ပြည်သူ့ဆေးရုံကြီးများနှင့် အခြားလိုအပ်ချက်ရှိသော နေရာများတွင် အရေးပေါ်ကုသမှု ပေးနိုင်သည့် ဌာနများ တည်ထောင်မည်
Published 29 July 2018

ကျန်းမာရေး ဝန်ကြီးဌာနအောက်ရှိ ပြည်သူ့ဆေးရုံအချို့မှ လူနာတင်ယာဉ်များအား တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဗဟိုအဆင့် ပြည်သူ့ဆေးရုံကြီးများတွင်သာမက ခရိုင်၊ မြို့နယ်အဆင့် ဆေးရုံကြီးများနှင့် အခြားလိုအပ်ချက်ရှိသော နေရာများတွင် အရေးပေါ် ကုသမှုပေးနိုင်သည့် ဌာနများ တည်ထောင်မည်ဖြစ်ကြောင်း သိရသည်။

“မြန်မာနိုင်ငံမှာ ဆေးပညာဘာသာရပ် အသီးသီးက အထူးကုဆရာဝန်တွေကို ၂၀၁၂ ခုနှစ်က Australian Collage of Emergency Medicine and Royal Australasian Collage of Surgeons Faculty နဲ့ ပူးပေါင်းပြီး အရေးပေါ်ကုသမှု ဆေးပညာရပ်ကို မြန်မာနိုင်ငံမှာစပြီး လေ့ကျင့်သင်ကြားခဲ့တယ်။ လက်ရှိဝန်ထမ်း ဆရာဝန်တွေကို ဘွဲ့လွန်အရေးပေါ် ကုသမှုဆေးပညာ ဒီပလိုမာသင်တန်းနဲ့ မဟာဘွဲ့သင်တန်းတွေ သင်ကြားပေးနေတယ်။ ဒါ့ပြင် ပုဂ္ဂလိက ဆရာဝန်တွေအတွက် ဘွဲ့လွန်အရေးပေါ်ကုသမှု ဆေးပညာ ဒီပလိုမာသင်တန်းကိုလည်း ပြည်တွင်းမှာ သင်ကြားပေးနေတယ်။ သူနာပြုတွေအတွက် ဘွဲ့လွန်အရေးပေါ် သူနာပြုစုမှုပညာ ဒီပလိုမာ သင်တန်းကိုလည်း ၂၀၁၅ ခုနှစ်ကစပြီး လေ့ကျင့်သင်ကြား ပေးခဲ့ပါတယ်။ Emergency Department တွေကို အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွေအပြင် တိုင်း/ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဆေးရုံတွေနဲ့ အခြားလိုအပ်နေတဲ့ နေရာတွေမှာ အရေးပေါ်ကုသမှုပေးနိုင်တဲ့ဌာနတွေ တည်ထောင်သွားဖို့လည်း ရှိပါတယ်။ ဒီလုပ်ငန်းတွေကို အဆင့်အလိုက် အပိုင်းအလိုက် လုပ်ဆောင်သွားဖို့ ရှိပါတယ်” ဟု ဆေးတက္ကသိုလ်(၁) ရန်ကုန်မှ ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက ပြောကြားသည်။

လက်ရှိ အရေးပေါ်ကုသမှု ဆေးပညာ အထူးကု ဆရာဝန်များကို ရန်ကုန်ဆေးရုံကြီး၊ မန္တလေးဆေးရုံကြီး၊ နေပြည်တော်ခုတင် (၁၀၀၀) ဆေးရုံကြီး၊ ရန်ကုန်ကလေးဆေးရုံ၊ မြောက်ဥက္ကလာပဆေးရုံနှင့် သန်လျင် ပြည်သူ့ဆေးရုံများတွင် တာဝန်ချထားပေးလျက် ရှိကြောင်းနှင့် အဆိုပါဆေးရုံများတွင် အရေးပေါ်ကုသမှု ဌာနများလည်း တည်ထောင်ထားကြောင်း သိရသည်။

အရေးပေါ် လူနာတင်ယာဉ်စနစ်ကို ၂၀၁၃ ခုနှစ်အရှေ့တောင်အာရှ အားကစားပွဲကာလမှစ၍ တည်ထောင်ခဲ့ပြီး ရန်ကုန်-မန္တလေး အမြန်လမ်း တစ်လျှောက်တွင် တာဝန်ချထားကာ ဖုန်းနံပါတ်-၁၉၂  Emergency Call Center မှတစ်ဆင့် ချိတ်ဆက်၍ အရေးပေါ်လူနာ သယ်ယူပို့ဆောင် လွှဲပြောင်းခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် ရန်ကုန်၊ မန္တလေး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ် တို့တွင်လည်း တိုင်းဒေသကြီး/ပြည်နယ် အစိုးရများ၏ အကူအညီဖြင့် အရေးပေါ်  လူနာတင်ယာဉ်စနစ်များ တည်ထောင်သွားရန် စီစဉ်လျက်ရှိပြီး နိုင်ငံတစ်ခုလုံး၏ အရေးပေါ် လူနာတင်ယာဉ်ကွန်ရက် လွှမ်းခြုံမှုရရှိစေရန် အဆင့်ဆင့် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပုဂ္ဂလိက ဆရာဝန်များအတွက် အရေးပေါ် ကုသမှုဆိုင်ရာ ဆေးပညာ (Emergency Medicine) ဘွဲ့လွန်ဒီပလိုမာ သင်တန်းများ ဖွင့်လှစ်နိုင်ရန် မြန်မာနိုင်ငံ ဆေးပညာရှင်အဖွဲ့က စီစဉ်နေကြောင်းနှင့် အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဇူလိုင်လ ပထမပတ်အတွင်းက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံ ဆေးပညာရှင်အဖွဲ့မှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ဆေးပညာရှင်အဖွဲ့ အနေဖြင့် အမေရိကန်နိုင်ငံ Stanford University နှင့် ချိတ်ဆက်ပူးပေါင်း၍ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရေး ကိစ္စရပ်များကို ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပုဂ္ဂလိက ဆရာဝန်များအတွက် အရေးပေါ်ကုသမှု ဆေးပညာ ဘွဲ့လွန်ဒီပလိုမာ သင်တန်းများ ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိကြောင်းနှင့် အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုနှင့် ဆေးရုံသို့ မရောက်မီ ကျန်းမာရေး စောင့်ရှောက်မှုစနစ် ထူထောင်နိုင်ရေးကိုလည်း ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဆက်သွယ်ရေး နည်းပညာကို ကြားခံအသုံးပြုကာ အထူးကုဆရာဝန်များနှင့် တိုင်ပင်၍ ရောဂါရှာဖွေကုသမှုပေးသော Telemedicine ကို မွန်ပြည်နယ်တွင် ကနဦး စမ်းသပ်လုပ်ဆောင်ကာ နောင်တွင် တစ်နိုင်ငံလုံး၌ တိုးချဲ့လုပ်ဆောင် သွားမည်ဖြစ်ပြီး ယင်းလုပ်ငန်းများကို ကျန်းမာရေး ဝန်ကြီးဌာနနှင့် ချိတ်ဆက်ပူးပေါင်း၍ ဆောင်ရွက်မည် ဖြစ်ကြောင်းနှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝန်ကြီးဌာန၏ မူဝါဒများ၊ မြန်မာနိုင်ငံ ဆေးကောင်စီမှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်မည် ဖြစ်ကြောင်းလည်း သိရသည်။

 

Most Read

Most Recent