အမြန်လမ်းမကြီးပေါ်တွင် လမ်းလယ်ကျွန်းကိုတိုက်မိပြီး ရပ်တန့်ထားသောယာဉ်တစ်စီးကို ခရီးသည်တင်မှန်လုံယာဉ်က ဝင်တိုက်မိပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရ

အမြန်လမ်းမကြီးပေါ်တွင် လမ်းလယ်ကျွန်းကိုတိုက်မိပြီး ရပ်တန့်ထားသောယာဉ်တစ်စီးကို ခရီးသည်တင်မှန်လုံယာဉ်က ဝင်တိုက်မိပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရ
Published 28 July 2018

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး ၃၃၄ မိုင်အနီးတွင် ဇူလိုင် ၂၇ ရက် နံနက်အစောပိုင်းက လမ်းလယ်ကျွန်းအား တိုက်မိပြီး ရပ်တန့်နေသော  HILUX SURF ယာဉ်အား ခရီးသည်တင်မှန်လုံယာဉ်က ဝင်တိုက်မိပြီး ခရီးသည်အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း တံတားဦးအမြန်လမ်းကြီး ရဲစခန်းမှ သိရသည်။

ယာဉ်မတော်တဆမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး စကားအင်းအမြန်လမ်းမကြီး ရဲစခန်း မှ အမှုစစ်က “ဖြစ်စဉ်က ရှေ့က ကားလမ်းဘေးက အုတ်ခုံကို တိုက်မိပြီးတော့ ရပ်သွားတယ်၊ ရပ်သွားတဲ့အခါမှာနောက်က မောင်းလာတဲ့ကားကနေပြီးတော့မှပျက်ပြီး ရပ်နေ တဲ့ကားကို ဝင်တိုက်မိတယ်၊ ဒါပါပဲ၊ ဒဏ်ရာကတော့ ဘယ်သူမှ မရပါဘူးခင်ဗျ၊ ကျွန်တော်တို့က အတိုက်ခံရတဲ့ကားကိုလည်း အမှုဖွင့်တယ်၊ တိုက်တဲ့ကားကိုလည်း အမှုဖွင့်ထားပါတယ်။ ယာဉ်နှစ်စီးလုံးကို တစ်မှုစီ အမှုဖွင့်ထားပါတယ်” ဟုပြောကြားသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၂၇ ရက် နံနက် ၅ နာရီ ခွဲခန့်က စကားအမြန်လမ်းမကြီးရဲစခန်းအပိုင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် နေပြည်တော်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း ကိုသန်းထွန်းအောင် ၅၃ နှစ် (ဘ) ဦးသန်းဘို၊ ချမ်းအေးသာဇံမြို့နယ်နေသူ မောင်းနှင်လာသော ယာဉ်အမှတ်  1C/-----HILUX SURF  ယာဉ်မှာ လမ်းမကြီး မိုင်တိုင်အမှတ် ၃၃၄ မိုင် ၄ ဖာလုံအနီးသို့ အရောက် မော်တော်ယာဉ်၏ ဝဲဘက်ရှေ့ဘီးပေါက်ရာမှ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းအား ကာရန်ထားသော ဘာရီတုံးအား တိုက်မိပြီးရပ်တန့်သွားခဲ့ပြီးနောက် ယာဉ်ပေါ်လိုက်ပါသူ ကျား နှစ်ဦး၊ မနှစ်ဦးတို့မှာ ယာဉ်အောက်သို့ ဆင်းလာစဉ် နောက်မှ ယာဉ်မောင်းတင့် ကျော် ၄၉ နှစ်(ဘ)ဦးလှတင်၊ မင်္ဂလာဒုံမြို့နယ်နေသူမောင်းနှင်လာသော ယာဉ်အမှတ် 1E/-----ELITE EXPRESS  ခဲရောင် မော်တော်ယာဉ်မှ ရပ်တန့်နေသော 1C/-----HILUX SURF ယာဉ်၏ နောက်ပိုင်းအား ဝင်ရောက် တိုက်မိခဲ့ခြင်း ဖြစ်သည်။

ယာဉ်တိုက်မှုဖြစ်ပွားရာသို့ စကားအင်း အမြန်လမ်းကြီး ရဲစခန်းမှူးရဲအုပ်သိန်းဗိုနှင့်တပ်ဖွဲ့ဝင်များ၊ စကားအင်းအမြန်လမ်းမီး သတ်စခန်းမှ လ/ထ ဦးစီးမှူးဇော်လင်းထွန်းပါ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ HILUX SURF  ယာဉ်မှ ကျားနှစ်ဦး၊ မ နှစ် ဦးတို့မှာ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိသော်လည်း နောက်မှ ဝင်တိုက်သော ELITE EXPRESS  မော်တော်ယာဉ်ပေါ်လိုက်ပါသူ ယာဉ်မောင်းပါကျား ၃၆ ဦး၊ မ ၁၂ ဦး၊ စုစု ပေါင်း ၄၈ ဦးအနက် မမြင့်မြင့်လှိုင် ၃၈ နှစ်(ဘ) ဦးသန်းလွင်၊ သင်္ဃန်းကျွန်းမြို့နယ်နေသူတွင် မေးစေ့ပေါက်ပြဲ (မစိုးရိမ်ရ) ဒဏ်ရာရရှိသွားခဲ့ပြီး တံတားဦးဆေးရုံတွင်ဆေးကုသမှုခံယူခဲ့ရကြောင်း သိရသည်။ ယာဉ်မတော်တဆမှုကြောင့် လမ်းပိုင်းပျက်စီးမှုမရှိသော်လည်း ELITE EXPRESS ယာဉ်မှာ ရှေ့လေကာ မှန်ကွဲ၊ ဝဲယာရှေ့မီးကွဲ၊ ရှေ့ဘန်ဘာပိန်ချိုင့်ပျက်စီးသွားခဲ့ပြီး အတိုက်ခံရသော  HILUX SURF ယာဉ်မှာ တစ်စီးလုံးနီးပါး ပိန်ချိုင့်ပျက်စီးသွားခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်မတော်တမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ယာဉ်တိုက်မှုဖြစ်ပွားစေရန် ယာဉ်များအားမဆင်မခြင်မောင်းနှင်သည့် ယာဉ်မောင်းများအား ဥပဒေအရအရေးယူပေးရန် ဒုရဲအုပ်စန်းယုမှ တရားလိုလုပ်တိုင်တန်းသဖြင့် HILUX SURF ယာဉ်မောင်း ကိုသန်းထွန်းအောင်အား ယာဉ် (ပ) ၁၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉ အရလည်း ကောင်း၊ ELITE EXPRESS ယာဉ်မောင်း ကိုတင့်ကျော်အား ယာဉ်(ပ)၁၇/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၃၇ အရလည်းကောင်း စကားအင်းအမြန်လမ်းမကြီးရဲစခန်းမှ အမှု ဖွင့်အရေးယူထားကြောင်း သိရသည်။

Most Read

Most Recent