ခေတ်အဆက်ဆက် အိမ်ရာများ ရောင်းချရာတွင် အမှန်တကယ်နေစရာမရှိသည့် ပြည်သူများ၊ ဝင်ငွေအလယ်အလတ်နှင့် ဝင်ငွေနည်း လူတန်းစားများလက်ဝယ် ရောက်ရှိခြင်းမရှိဘဲ လက်လွှဲရောင်းချခြင်း၊ ဝယ်ယူစုဆောင်း အမြတ်တင်ရောင်းချမှုများ ဖြစ်ပေါ်ခဲ့ဟု ဆို

ခေတ်အဆက်ဆက် အိမ်ရာများ ရောင်းချရာတွင် အမှန်တကယ်နေစရာမရှိသည့် ပြည်သူများ၊ ဝင်ငွေအလယ်အလတ်နှင့် ဝင်ငွေနည်း လူတန်းစားများလက်ဝယ် ရောက်ရှိခြင်းမရှိဘဲ လက်လွှဲရောင်းချခြင်း၊ ဝယ်ယူစုဆောင်း အမြတ်တင်ရောင်းချမှုများ ဖြစ်ပေါ်ခဲ့ဟု ဆို
Published 28 July 2018

ဇူလိုင် ၂၅ ရက်က ကျင်းပသည့် ပြည်သူ့အရောင်းအိမ်ရာများ အိမ်ခန်းမဲနှိုက်ခြင်းအခမ်းအနားကို တွေ့ရစဉ်

ခေတ်အဆက်ဆက် အိမ်ရာများရောင်းချရာတွင် အကြောင်းအမျိုးမျိုးကြောင့် အမှန်တကယ်နေစရာမရှိသည့်  ပြည်သူများ၊ ဝင်ငွေအလယ်အလတ်နှင့် ဝင်ငွေနည်းအုပ်စုများ လက်ဝယ်သို့ မရောက်ရှိဘဲ လက်လွှဲ ရောင်းချမှုများ၊ ဝယ်ယူစုဆောင်းအမြတ်တင် ရောင်းချမှုများဖြစ်ပေါ်ခဲ့သည်ကို အားလုံး သတိပြုမိမှာဖြစ်ကြောင်း  ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၊လူမှုရေးနှင့်စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ ဦးသာအောင်က ပြည်သူ့အရောင်းအိမ်ရာများ အိမ်ခန်းမဲနှိုက်ခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။

“ယခုအခါမှာတော့ ယခင်အတွေ့အကြုံများကဲ့သို့ မဖြစ်စေရန်အတွက် အမှန်တ ကယ်အိမ်ရာလိုအပ်နေသူပြည်သူများ၊ ရည်မှန်းလူမှုရေးအုပ်စု၊ ဝင်ငွေအလွှာများထံသို့  ရောက်ရှိစေရန်အတွက် ပြည်သူ့အိမ်ရာစီမံကိန်းများ ရောင်းချရေးကြီးကြပ်မှုကော်မတီကို စနစ်တကျဖွဲ့စည်းခဲ့ပြီး အစည်းအဝေး အကြိမ်ကြိမ်ပြုလုပ်၍ မူဝါဒလုပ်ငန်းစဉ်တွေ ချမှတ်ဆောင်ရွက်ခဲ့ပါတယ်” ဟု ဥက္ကဋ္ဌ ဦးသာအောင်က ပြောကြားသည်။

လက်ရှိတွင် စည်းမျဉ်းစည်းကမ်းများ စနစ်တကျသတ်မှတ်ပြီး ကြပ်မတ်ခဲ့သည့်အတွက် လျှောက်လွှာပေါင်း ၁၆၇၀၇ စောင် ရောင်းချခဲ့ရသော်လည်း ဝယ်ယူခွင့်အမှန် ပြန်လည်လျှောက်ထားလာသည့်အရေအတွက်မှာ ၆၀၂၇စောင်သာရှိပြီး ယခင်ကထက် များစွာလျော့နည်းသွားကြောင်း သိရသည်။

ထို့ပြင် လျှောက်လွှာများအားလုံးကို ဒစ်ဂျစ်တယ်စနစ်ဖြင့် ထိန်းသိမ်းထားပြီး တန်းစီဇယားဖြင့် မှတ်တမ်းတင်ပြီး အသုတ်လိုက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ ပထမအသုတ်တွင် ဝယ်ယူခွင့်မရရှိသေးသည့် ပြည်သူများအနေဖြင့် နောက်ထပ်အိမ်ရာစီမံကိန်းများတွင် ဝယ်ယူခွင့်ရရှိမည်ဖြစ်ကြောင်း၊ ရောင်းချရာတွင်လည်း လိမ်လည် လျှောက်ထားခြင်း၊စည်းကမ်းနှင့်မညီညွတ်ခြင်းတို့ကို စစ်ဆေးကြပ်မတ်သွားမည်ဖြစ်သကဲ့သို့ စည်းကမ်းနှင့်မညီညွတ်ပါကလည်း  တိကျစွာအရေးယူသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“အိမ်တစ်လုံးဖြစ်လာဖို့ မြေ၊အခြေခံ အဆောက်အအုံ၊ဆောက်လုပ်ရေးပစ္စည်း၊ လုပ်အားနှင့်နည်းပညာ၊ငွေကြေးစသဖြင့် အခြေခံလိုအပ်ချက်ငါးခုရှိပါတယ်။ ယခုပြည်သူ့အရောင်းအိမ်ရာတွေမှာ မြေကို အခမဲ့ ဖြည့်ဆည်းထားသလို အခြေခံအဆောက်အ အုံတွေကိုလည်း အသက်သာဆုံးဖြစ်အောင်  အစိုးရက စိုက်ထုတ်ပေးထားပါတယ်။ ဒါ့အပြင် ပြည်သူတွေ ဝယ်ယူနိုင်စွမ်းရှိလာအောင် အိမ်ရာဘဏ္ဍာစနစ်အရ သက်သာသော ချေးငွေရရှိရေးအတွက် ပြည်ထောင်စုအစိုးရ အဖွဲ့နှင့်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့က နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများ  ပြည်တွင်းပြည်ပဘဏ်များနဲ့ ချိတ်ဆက် စီမံ ဆောင်ရွက်ပေးလျက်ရှိပါတယ်” ဟု ဥက္ကဋ္ဌ  ဦးသာအောင်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အိမ်ရာစီမံကိန်းများရောင်းချရေးကော်မတီက ရောင်းချသော တန်ဖိုးနည်း၊တန်ဖိုးသင့်တိုက်ခန်း ၈၆၀ ကျော် အားပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများနှင့်အငြိမ်းစားဝန်ထမ်းများအတွက်ရန်ကုန်မြို့၊ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်ရှိ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနရုံး၌ ဇူလိုင် ၂၅ ရက် နှင့်၂၆ ရက်တို့တွင် နှစ်ရက်တာမဲနှိုက် ရောင်း ချပေးခဲ့သည်။

Most Read

Most Recent