<

စစ်ကိုင်းမြို့၏ ဝါတွင်းကာလ ဘုရားစဉ်ပွဲများ၏ ပထမဆုံးပွဲဖြစ်သော ဆွမ်းဦးပုညရှင်ဘုရားပွဲ ကျင်းပ

စစ်ကိုင်းမြို့၏ ဝါတွင်းကာလဘုရားစဉ်ပွဲများ၏ ပထမဆုံးပွဲဖြစ်သော ဆွမ်းဦးပုညရှင်ဘုရားပွဲအား ယနေ့ ဇူလိုင်၂၇ ရက် (ဒုတိယဝါဆိုလပြည့်နေ့) တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ကို ၁၃၈၀ ခုနှစ် ဒုတိယဝါဆိုလပြည့်နေ့ နံနက် ၄ နာရီအချိန်မှစတင်ကာ ပင့်သံဃာ ဆရာတော် အပါး ၇၀၀ တို့အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝထ္တု အစုစုလှူဒါန်းခြင်း၊ ဆွမ်းတော်ကြီးဝတ်အသင်များမှ ဆွမ်းဦးပုညရှင်စေတီတွင် ဆွမ်းကြီးလောင်းလှူခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့၏ ဝါတွင်းကာလဘုရားစဉ်ပွဲအား ယခုနှစ်ဒုတိယဝါဆိုလပြည့်နေ့မှ စတင်ကာကျင်းပခြင်းဖြစ်ပြီး ဘုရားစဉ်ပွဲ၏ ပထမဆုံးပွဲဖြစ်သော စစ်ကိုင်းတောင်၊ ဆွမ်းဦးပုညရှင်ဘုရားပွဲသို့ စစ်ကိုင်းမြို့ပေါ် ရက်ကွက်များ၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာများ၊ အနယ်နယ်အရပ်ရပ်မှ စစ်ကိုင်းတောင်ရိုးသို့ ဝါဆိုသင်္ကန်း လာရောက်ကပ်လှူသူများ၊ ဘုရားဖူးခရီးသွားများဖြင့် အထူးစည်ကားခဲ့ကြောင်း သိရသည်။

ဆွမ်းဦးပုညရှင်ဘုရားသို့ သွားရာ စစ်ကိုင်းတောင်ရိုး အတက်လမ်း/အဆင်းလမ်းတစ်လျှောက် ဘုရားဖူး ခရီးသွားကား၊ ဆိုင်ကယ်များ များပြားသောကြောင့် ယာဉ်ကျောပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ပြီး ယာဉ်ထိန်းတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များမှ လမ်းရှင်းခြင်းများ ပြုလုပ်ခဲ့ရကာ စစ်ကိုင်းတောင်ပေါ်သို့ စောင်းတန်းများမှခြေလျင်တက်ရောက်သူများလည်း များပြားခဲ့ကြောင်း သိရှိရပြီး လမ်းတစ်လျှောက်တွင်လည်း စစ်ကိုင်းမြို့ခံများ၏ စတုဒီသာကျွေးမွေးခြင်းများဖြင့် အထူးစည်ကားခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့ပေါ်ရှိ ဆွမ်းတော်ကြီး ဝတ်အသင်းများက “ပုံ၊ တောင်၊ ဇေ၊ ချမ်း၊ ဥ၊ နန်း၊ နံ၊ လေး၊ ပ၊ ထူ၊ ရှင်၊ ငါး၊ အောင်၊ကောင်း”ဟူသည့် အတိုင်း ဆွမ်းဦးပုညရှင်၊တောင်ဖီလာ၊ဇေတဝန်၊ချမ်းသာကြီး၊ဥမင်သုံးဆယ်၊ ရှင်ပင်နန်းဦး၊ ရှင်ပင်နံကိုင်း၊လေးကျွန်းမာန်အောင်၊ပတ္တမြား စေတီ၊ ထူပါရုံ၊ ရှင်ဖြူရှင်လှ၊ ငါးထပ် ကြိး၊ အောင်မြေလောက၊ ကောင်းမှုတော်ဘုရားများသို့ နှစ်စဉ်ဝါဆိုလပြည့်နေ့မှ သီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့အထိ ဝတ်ဖြူစင်ကြယ်ဝတ်ကာ ရာဇာဝင်း၊ရှေ့ဝင်းနောက်ဝင်း၊ပုဂံဝင်း၊ စစ်ကိုင်းဝင်းများခင်းပြီး အတီး အမှုတ်များဖြင့် အလှည့်ကျ ဘုရားစဉ်အလိုက် အာရုဏ်ဆွမ်းကပ် လှူလေ့ရှိပြီး နယ်ဆွမ်းတော်ကြီးအသင်းများကမူ ”ကောင်း၊ ပု၊ရှင်၊မင်၊မြား၊ဖီ၊မီ၊ဗော၊ချမ်း၊ နန်း၊စေ၊လဲ၊ကောင်း”ဟူသည့် စာချိုးအတိုင်း ကောင်းမှုတော်၊ ဆွမ်းဦးပုညရှင်၊ရှင်ဖြူရှင်လှ၊ဥမင်သုံးဆယ်၊ ပတ္တမြားစေတီ၊တောင်ဖီလာ၊ ရွှေမြင်းမိ၊ဗောဓိကျိုက်ပဒိုင်း၊ ချမ်းသာကြီး၊ရှင်ပင်နန်းဦး၊အောင်မြေလောက၊ လဲကျောင်းသိမ်ဘုရားများသို့ဝတ်ဖြူစင်ကြယ်များ ဝတ်ဆင်ကာ အတီးအမှုတ်အကခုန်များနှင့် အလှည့်ကျဘုရားစဉ်များအလိုက် အာရုဏ်ဆွမ်း ကပ်လှူလေ့ရှိကြောင်း သိရှိရသည်။

July 27, 2018














Copy Protected by Chetan's WP-Copyprotect.