မောင်တောမြို့နယ် တောင်ပြိုနယ်စပ် နံ့သာတောင်ကျေးရွာ ပရဟိတကျောင်းမှ ကလေးငယ်များ၊ ဆရာဆရာမများ၊ ရွာသူရွာသားများ တောင်ပြိုလက်ဝဲမြို့သို့ ရွာလုံးကျွတ် ပြောင်းရွှေ့ရောက်ရှိနေပြီး စားသောက်ရေးရိက္ခာ ပြတ်လပ်လျက်ရှိနေ

မောင်တောမြို့နယ် တောင်ပြိုနယ်စပ် နံ့သာတောင်ကျေးရွာ ပရဟိတကျောင်းမှ ကလေးငယ်များ၊ ဆရာဆရာမများ၊ ရွာသူရွာသားများ တောင်ပြိုလက်ဝဲမြို့သို့ ရွာလုံးကျွတ် ပြောင်းရွှေ့ရောက်ရှိနေပြီး စားသောက်ရေးရိက္ခာ ပြတ်လပ်လျက်ရှိနေ
Published 26 August 2017

photo: Usara na

မောင်တောမြို့နယ် တောင်ပြိုနယ်စပ် နံ့သာတောင်ကျေးရွာ ပရဟိတကျောင်းမှ ကလေးငယ်များ၊ ဆရာဆရာမများ၊ ရွာသူရွာသားများ တောင်ပြိုလက်ဝဲမြို့သို့ ရွာလုံးကျွတ် ပြောင်းရွှေ့ရောက်ရှိနေပြီး စားသောက်ရေး ရိက္ခာပြတ်လပ်လျက်ရှိကြောင်း နံ့သာတောင်ပရဟိတကျောင်းမှ ဆရာတော်က ယနေ့ (သြဂုတ်လ ၂၆ ရက်)က မိန့်ကြားသည်။

လက်ရှိ တောင်ပြိုအခြေအနေနှင့် ပတ်သက်ပြီး နံ့သာတောင် ပရဟိတကျောင်းဆရာတော် ဦးစာရဏက "အခုလက်ရှိမှာ ဘုန်းဘုန်းတို့ ပရဟိတကျောင်းက ကျောင်းသားကျောင်းသူ ၅၀၀ ကျော်နဲ့ ရွာသူရွာသား ၂၀၀ ကျော် စုစုပေါင်း လူဦးရေ ၇၀၀ ကျော်ဟာ တောင်ပြိုလက်ဝဲကို ရောက်ရှိနေကြပါပြီ။ အခုဆိုရင် စားသောက်ရေးရိက္ခာ မရှိလို့ ထမင်းငတ်နေကြပါပြီ။ မနေ့က ညနေ ၃ နာရီခန့်မှာ တစ်ရွာလုံး ထွက်ပြေးလာကြတာပါ။ ဘုန်းဘုန်းက လုံခြုံရေးအရာရှိတွေကိုပြောတာက နံ့သာတောင်ရွာကို လုံခြုံရေးတိုးချဖို့ ပြောပေမယ့် လုံခြုံရေးဖြန့်ကြက် ဆောင်ရွက်နေရတဲ့ အခြေအနေကြောင့် တောင်ပြိုလက်ဝဲကို ခေါ်ဆောင်လာတာပါ။ လက်ရှိ အနေအထားမှာ ကလေးတွေက အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်ပြေးလာကြတာဖြစ်လို့ နေထိုင်ရေး စားရေး သောက်ရေး အားလုံး အခက်အခဲရှိနေတယ်။ ကလေးတွေဆိုရင် မနေ့ကတည်က ဘာမှ မစားရသေးဘူး။ စားသောက်ရေး အရေးတကြီး လိုအပ်နေပါတယ်'' ဟု မိန့်ကြားသည်။

လက်ရှိ လုံခြုံရေးစခန်းများတွင် ရွှေ့ပြောင်းလာသူများ၊ တောင်ပြိုမြို့ခံများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ နေထိုင်နေကြပြီး စားသောက်ရေးရိက္ခာ အရေးတကြီးလိုအပ်နေကြောင်း သိရသည်။ ဘင်္ဂါလီ အကြမ်းဖက်သမားများက လမ်းပေါ်တွင် မိုင်းထောင်ခြင်းများ ရှိနေသဖြင့် လုံခြုံရေးတပ်ဖွဲ့မှ လမ်းရှင်းလင်းမှုများ ဆောင်ရွက်နေရကြောင်း၊ ဒေသခံများမှာ မောင်တောမြို့သို့ သွားလာ၍ မရသေးဘဲ ပိတ်မိနေဆဲဖြစ်ကြောင်း သိရသည်။

"အခုက ဘုန်းဘုန်းတို့ ကျောင်းက ကလေးတွေ၊ နံ့သာတောာင် ရွာသားတွေ၊ တောင်ပြိုလက်ဝဲဒေသခံတွေက လုံခြုံရေးစခန်းတွေမှာ နေထိုင်နေရတယ် ဆိုပေမယ့် မောင်တောကိုလည်း ဆင်းလာလို့ မရဘူး။ ဘင်္ဂါလီ အကြမ်းဖက်သမားတွေက လမ်းတွေမှာ မိုင်းထောင်ထားလို့ လုံခြုံရေးက ရှင်းလင်းနေရတယ်။ ဒါကြောင့် တောင်ပြိုမှာ လူဦးရေ ၂၀၀၀ လောက် ပိတ်မိနေပြီး စားဝတ်နေရေး အရေးပေါ် လိုအပ်နေပါတယ်။ ဘုန်းဘုန်း ကလေးတွေဆိုရင် ထမင်းနှစ်ထပ် ငတ်နေပါပြီ" ဟု နံ့သာတောင် ပရဟိတကျောင်းဆရာတော် ဦးစာရဏက မိန့်ကြားသည်။

မောင်တောမြို့နယ်အတွင်းရှိ နံ့သာတောင် ပရဟိတကျောင်းမှ ကလေးများ၊ အမျိုးသမီးများ၊ ရွာသားများ စုစုပေါင်း ၄၀၀ ကျော်တို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဘေးကင်းလုံခြုံသည့် တောင်ပြို အထက်တန်းကျောင်းသို့ ပြောင်းရွှေ့နေရာချထားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှ သတင်းထုတ်ပြန်ထားသည်။

အလားတူ မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲမြို့ရှိ ထွေအုပ်ဝန်ထမ်း ၁၁ ဦး နှင့် မိသားစုဝင် ၅ ဦး ၊ နလတ ဝန်ထမ်း ၁ ဦး နှင့် မိသားစုဝင် ၇ ဦး၊ လမ်းဦးစီးဝန်ထမ်း ၂ ဦး တို့အား နယ်ခြားစောင့် ရဲတပ်ရင်း နယ်မြေ ၁ ရဲစခန်းသို့ လည်းကောင်း ၊ မြင်းလွတ်မြို့ရှိ ထွေအုပ်ဝန်ထမ်း ၁၇ ဦးသည် မောင်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးရုံးသို့ လည်းကောင်း ၊ ပညာရေးဝန်ထမ်း ၁၂ ဦးသည် နယ်ခြားစောင့်ရဲ မောရဝတီစခန်းသို့ လည်းကောင်း ခေတ္တပြောင်းရွှေ့ပေးခဲ့ကြောင်း၊ မောင်တောမြို့နယ် ခမောင်းဆိပ်မြို့ရှိ ထွေအုပ်ဝန်ထမ်း ၆ ဦး၊ ပညာရေးဝန်ထမ်း ၁၀ ဦး တို့သည် မင်းခမောင်း တိုင်းရင်းသားကျေးရွာသို့ သွားရောက် ပူးပေါင်းနေထိုင်လျက်ရှိရာ အဆိုပါဝန်ထမ်း ၁၆ ဦးအား လုံခြုံရေးရှိသည့်နေရာသို့ ပြောင်းရွှေ့ ကယ်ထုတ်နိုင်ရေး စီစဉ်လျက်ရှိကြောင်း၊ ထို့ပြင် ဘူးသီးတောင်မြို့ရှိ သာသနာ့ဗိမာန်ကြီးသို့ အောင်ဗလကျေးရွာမှ ရွာသူရွာသား ၁၅၀ ဦး ခေတ္တရောက်ရှိ နေထိုင်လျက်ရှိကြောင်းနှင့် ဘူးသီးတောင်မြို့နယ်အတွင်းရှိ တောင်ဘဇာကျေးရွာနှင့် ပီရွက်ကျေးရွာမှ ရွာသူရွာသားများ၊ ဌာနဆိုင်ရာများအား ၅၅၂ တပ်ရင်းသို့ ပြောင်းရွှေ့ထားရှိပြီး အန္တရာယ်ကင်းစွာ ရောက်ရှိသွားပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

Most Read

Most Recent