သရုပ်ဆောင် အောင်ရဲထွေးကို သတ်ဖြတ်မှုကြောင့် ဖမ်းဆီးခံထားရသူ သုံးဦးအား ကာယကံရှင် မိသားစုဝင်များက အမှုပိတ်သိမ်းသဖြင့် ပြန်လွှတ်

သရုပ်ဆောင် အောင်ရဲထွေးကို သတ်ဖြတ်မှုကြောင့် ဖမ်းဆီးခံထားရသူ သုံးဦးအား ကာယကံရှင် မိသားစုဝင်များက အမှုပိတ်သိမ်းသဖြင့် ပြန်လွှတ်
Published 27 July 2018

သရုပ်ဆောင် အောင်ရဲထွေးကို သတ်ဖြတ်မှုကြောင့် ဖမ်းဆီးခံထားရသူ သုံးဦးအား ကာယကံရှင် မိသားစုဝင်များက အမှုပိတ်သိမ်းပေးသဖြင့် ပြန်လည် လွတ်မြောက်ခဲ့ကြောင်း သိရသည်။

Facebook တွင် ဟာသ ဗီဒီယိုများကြောင့် နာမည်ကြီးလာသည့် သရုပ်ဆောင် အောင်ရဲထွေးမှာ ဇန်နဝါရီ ၁ ရက် (နှစ်သစ်ကူးည) တွင် ပါတီပွဲတစ်ခု၌ လူတစ်စုက ရိုက်နှက်ခဲ့ခြင်းကြောင့် ဇန်နဝါရီ ၂ ရက်တွင် ဆေးရုံ၌ သေဆုံးခဲ့ခြင်း ဖြစ်သည်။

ထိုသို့ သေဆုံးမှုနှင့် ပတ်သက်ပြီး ကျူးလွန်သူများဖြစ်သည့် သန်းထွဋ်အောင် (ခ) သားကြီး၊ ပြည့်ဖြိုးအောင် (ခ) အောင်လေးနှင့် ကျော်ဇောဟန် (ခ) ကျော်ဇောတို့ သုံးဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးထားခြင်း ဖြစ်သည်။

အမှုနှင့် ပတ်သက်ပြီး သေဆုံးခဲ့သည့် အောင်ရဲထွေး၏ မိသားစုဝင်များက ရဲစခန်းတွင် (ပ) ၅/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်ထားကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

ယင်းသို့ အမှုဖွင့်ထားရာမှ ဇူလိုင် ၂၅ ရက်တွင် မိသားစုဝင်များက အမှုရုပ်သိမ်းပေးရန် စာတင်သဖြင့် အရှေ့ပိုင်းခရိုင် တရားရုံးမှ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၄ (က) ဖြင့် အမှုရုပ်သိမ်းကြောင်း အမိန့်ချပြီး ဖမ်းဆီးထားသူ သုံးဦးအား ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“တရားလိုနဲ့ ကွယ်လွန်သူရဲ့မိဘနှစ်ပါးကနေ သက်ဆိုင်ရာ ဥပဒေရုံးကို အမှုရုပ်သိမ်းခွင့် လျှောက်တာပါ။ ဒီလျှောက်ထားတာနဲ့ ပတ်သက်ပြီး ခရိုင် ဥပဒေရုံးကနေပြီးတော့ ဇူလိုင် ၂၅ ရက် ရက်စွဲနဲ့ အမှုရုပ်သိမ်းပေးဖို့ ဆိုပြီး လျှောက်ထားတာ။ လျှောက်ထားချက်တွေကို သုံးသပ်ပြီးမှ ဒီအမှုတွဲမှာ ပေါ်ပေါက်နေတဲ့ အခြေအနေ၊ ရုပ်သိမ်းရတဲ့ အခြေအနေတို့ကို သုံးသပ်ပြီးတော့မှ သက်ဆိုင်ရာ တရားစွဲ အဖွဲ့အစည်းရဲ့ လျှောက်ထားချက်တွေဟာ ဥပဒေနဲ့အညီ လျှောက်ထားချက် ဖြစ်တယ်ဆိုပြီးတော့ မှတ်ချက်နဲ့တင်ပြတာ တွေ့ရတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၄ (က) အရ စွဲဆိုတဲ့အမှုကို ရုပ်သိမ်းခွင့်ပြုတာပါ။ လျှောက်တဲ့နေ့မှာပဲ ရုပ်သိမ်းခွင့်ပြုတာပါ။ ဥပဒေနဲ့အညီ လျှောက်ထားတာလို့ တရားရုံးက သုံးသပ်ပြီး စွဲချက်မတင်ဘဲ ရုပ်သိမ်းပေးလိုက်တာပါ။ စွပ်စွဲခံရသူ သုံးဦးလုံး လွတ်သွားပါပြီ” ဟု အရှေ့ပိုင်းခရိုင် တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါအမှုမှာ အရှေ့ပိုင်းခရိုင်တရားရုံး ဒုတိယခရိုင် တရားသူကြီး (၆) တရားခွင်မှ တရားရုံးအမှု အမှတ် ၃၄/၂၀၁၈ ဖြင့် လက်ခံ စစ်ဆေးနေခြင်းဖြစ်ပြီး လက်ရှိ အချိန်တွင် စွဲချက်မတင်ရသေးကြောင်း အရှေ့ပိုင်းခရိုင် တရားရုံးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၄ (က)နှင့် ပတ်သတ်၍ တရားလွှတ်တော်ရှေ့နေ ဦးဌေးက “တရားလိုဘက်က ရုပ်သိမ်းလွှာတင်လို့ တရားရုံးက လက်ခံရင် အမှုက ပိတ်သိမ်းလို့ ရပါတယ်။ ရဲတပ်ဖွဲ့တို့၊ ဥပဒေရုံးတို့က ထောက်ခံချက်တွေနဲ့ တရားရုံးကို တင်ရတယ်။ လာဘ်ပေးလာဘ်ယူတွေတော့ ရှိကြတယ်။ အမှုမှာ ပီပြင်တဲ့ဟာကို ပိတ်သိမ်းတယ် ဆိုတာတော့ မရှိပါဘူး။ အကြောင်းကြောင်းကြောင့် သက်သေတွေကလည်း အမှန်တိုင်း မထွက်နိုင်ဘူး။ သက်သေလည်း မမှန်ကန်ဘူး။ အဲဒီအကြောင်းပြချက်တွေနဲ့ ရုပ်သိမ်းလွှာ တင်ရတယ်။ တရားရုံးတွေကပေးတဲ့ အစဉ်အလာတွေလည်း ရှိတယ်။ အမှုကြီးတွေကျတော့ ရုပ်သိမ်းလွှာတင်လည်း အမြဲတမ်းပေးတာ မဟုတ်ဘူး။ အကြောင်းပြချက်တွေက ခိုင်လုံရတယ်။ လုပ်ထုံးလုပ်နည်းနဲ့ တင်ရတယ်။ အထူးသဖြင့် လာဘ်ပေးလာဘ်ယူတွေက များတယ်။ ပိုက်ဆံပေးလို့ ရုပ်သိမ်းတယ် ဆိုတာကတော့ ဥပဒေအရ ပြောပိုင်ခွင့် မရှိဘူး။ အကြောင်းပြချက် ခိုင်လုံပြီး ပြဋ္ဌာန်းချက်နဲ့အညီ ဆိုရင်တော့ ရုပ်သိမ်းပေးတာ ရှိတယ်” ဟု ပြောကြားသည်။

ထိုသို့ ဖမ်းဆီးထားသူ သုံးဦးအား ပြန်လွှတ်ပေးသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးသူ သရုပ်ဆောင် အောင်ရဲထွေး၏ မိသားစုဝင် တစ်ဦးက “သိတဲ့သူ မရှိဘူး။ အပြင်ထွက်သွားတယ်”ဟု ပြန်လည်ဖြေကြားသည်။

အမှုတွင် ဖမ်းဆီးခံခဲ့ရသူများ၏ ထွက်ဆိုချက်များအရ ၎င်းတို့ သုံးဦးသည် The One Entertainment ဝင်းအတွင်း ပြုလုပ်သော ပါတီပွဲသို့ ရောက်ရှိစဉ် VVIP စင်ပေါ်၌ ကခုန်နေသည့် အမျိုးသားတစ်ဦးမှာ ၎င်းတို့နှင့် ယခင်က ခိုက်ရန်ဖြစ်ဖူးသူ ဖြစ်ကြောင်း သိရပြီး ဒေါသဖြင့် စင်ပေါ်သို့တက်၍ ဝိုင်းဝန်းထိုးကြိတ် ကန်ကျောက်စဉ် အဆိုပါအမျိုးသားမှာ လဲကျသွားခဲ့ခြင်း ဖြစ်သည်ဟု ရဲ တပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

 

Most Read

Most Recent