ဦးကိုနီ လုပ်ကြံခံရသည့်နေ့ ည ၁၁ နာရီအထိ အောင်ဝင်းခိုင်နှင့် ဖုန်းဖြင့်ပြောဆိုခြင်းများ ရှိသော်လည်း လုပ်ကြံမှုနှင့် မပတ်သက်ဟု အောင်ဝင်းဇော် ထွက်ဆို

ဦးကိုနီ လုပ်ကြံခံရသည့်နေ့ ည ၁၁ နာရီအထိ အောင်ဝင်းခိုင်နှင့် ဖုန်းဖြင့်ပြောဆိုခြင်းများ ရှိသော်လည်း လုပ်ကြံမှုနှင့် မပတ်သက်ဟု အောင်ဝင်းဇော် ထွက်ဆို
Published 27 July 2018

ဦးကိုနီအမှုနှင့် ပတ်သက်ပြီး ဖမ်းဆီးတရားစွဲဆို ခံရသူများကို ရုံးထုတ်လာစဉ် (ဓာတ်ပုံ- နေမျိုးဝင်း)

ဦးကိုနီ လုပ်ကြံခံရသည့်နေ့ ည ၁၁ နာရီအထိ အောင်ဝင်းခိုင်နှင့် ဖုန်းဖြင့် စကားပြောဆိုခြင်းများ ရှိခဲ့သော်လည်း ယင်းပြောဆိုမှုများမှာ ဦးကိုနီ လုပ်ကြံခံရမှုနှင့် မပတ်သက်ကြောင်း အောင်ဝင်းဇော်က ဇူလိုင် ၂၆ ရက် ရုံးချိန်းတွင် ထွက်ဆိုသည်။

ဦးကိုနီ လုပ်ကြံခံရသည့်နေ့ ညနေ ၅ နာရီ ၃ မိနစ်မှ ည ၁၁ နာရီ ၁၃ မိနစ်အတွင်း အောင်ဝင်းဇော်နှင့် အောင်ဝင်းခိုင်တို့ ဆက်သွယ်ခဲ့သည့် ဖုန်းဆက်သွယ်မှု မှတ်တမ်း သုံးကြိမ်ရှိရာ နောက်ဆုံးမှာ ည ၁၁ နာရီကျော် ဖြစ်နေပြီး ဦးကိုနီအား လုပ်ကြံသတ်ဖြတ်မှုနှင့် ပတ်သက်၍ သတင်းပို့ချင်သဖြင့် ဆက်သွယ်ခြင်း ဖြစ်သလားဟု ဦးကိုနီဘက်မှ လိုက်ပါ ဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးနေလ၏ မေးမြန်းမှုကို အောင်ဝင်းဇော်က ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ဖုန်းခေါ်ဆိုခဲ့ခြင်းမှာ လေယာဉ်မောင်းသင်တန်း တက်နေသည့် သားဖြစ်သူကို အလုပ်အကိုင် ရှာပေးရေးအကြောင်းများကို ဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်း အောင်ဝင်းဇော်က တရားခွင်အတွင်း ဆက်လက် ထွက်ဆိုသည်။

ထို့ပြင် ဦးကိုနီအား လုပ်ကြံမည့်နေ့ နံနက် ၈ နာရီ ၁၉ မိနစ်မှ ညနေ ၄ နာရီ ၄၉ မိနစ်တို့အထိ အောင်ဝင်းဇော်က ကြည်လင်းထံသို့ ဖုန်းခြောက်ကြိမ် ခေါ်ဆိုထားသည်ဆိုသော မှတ်တမ်းများကို ရဲတပ်ဖွဲ့က တရားရုံးသို့ သက်သေခံ တင်ပြထားခြင်းနှင့် ပတ်သက်၍ တရားလို ရှေ့နေ ဦးနေလက ထောက်ပြမေးမြန်းရာ ယင်းဖုန်းမှာ ကြည်လင်းဖုန်း မဟုတ်ဘဲ ညီဖြစ်သူ အောင်ဝင်းခိုင်၏ ဖုန်းဖြစ်ကြောင်း၊ သားဖြစ်သူကို အလုပ်ရှာပေးရန်နှင့် ပတ်သက်၍ အောင်ဝင်းခိုင်ထံသို့ ခေါ်ဆိုထားခြင်း ဖြစ်ကြောင်း အောင်ဝင်းဇော်က ပြန်လည် ဖြေကြားသည်။
အောင်ဝင်းဇော်ကို နံပါတ် ၂ တရားခံအဖြစ် အမှုစစ်ဆေးနေခြင်းဖြစ်ပြီး နံပါတ် ၁ တရားခံအဖြစ် တရားစွဲခံထားရသူ ကြည်လင်းကိုမူ ပြီးခဲ့သည့် ရုံးချိန်းများတွင် စစ်ဆေးခဲ့သည်။

“ဒီနေ့က အမှတ်နှစ် တရားခံ အောင်ဝင်းဇော်ကို သူ့ရဲ့ရှေ့နေ ကိုအောင်ခိုင်က မပြီးဆုံးသေးတဲ့ အဓိကထွက်ဆိုချက်တွေကို ဆက်လက် စစ်ဆေးတယ်။ စစ်ဆေးတော့ တရားလိုဘက်ဆိုင်ရာ တရားလွှတ်တော်ရှေ့နေ ဦးနေလက သူ့ကို ပြန်လှန် မေးခွန်းတွေ မေးပါတယ်။ မေးတဲ့အခါမှာ တယ်လီဖုန်း အဆက်အသွယ် မှတ်တမ်းတွေက ပေါ်လာပါတယ်” ဟု တရားလိုဘက်မှ ရှေ့နေတစ်ဦးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောကြားသည်။

အောင်ဝင်းဇော်က ရဲတပ်ဖွဲ့က တရားရုံးသို့ တင်ပြသည့် သက်သေခံ စာရွက်စာတမ်းများမှာ ရဲတပ်ဖွဲ့၏ တံဆိပ်သာပါပြီး ဆက်သွယ်ရေးဌာန၏ တံဆိပ် မပါရှိကြောင်း၊ ဆက်သွယ်ရေးမှ တာဝန်ရှိသူ တစ်ဦးဦးကလည်း တရားရုံးသို့ ထွက်ဆိုထားခြင်း မရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ဆက်သွယ်ရေးကနေပြီးတော့ တရားဝင် ယူလာလို့ စီအိုင်ဒီက တရားဝင် တာဝန်ရှိသူ တံဆိပ်နှိပ်ပြီးတော့ တင်သွင်းထားတာဟာ သက်သေခံ အက်ဥပဒေပုဒ်မ ၇၄ အရ အများပြည်သူနဲ့ သက်ဆိုင်တယ်။ စာရွက်စာတမ်း ဖြစ်တဲ့အတွက် မှတ်တမ်းဝင်ပါတယ်။ မှတ်တမ်း မမှန်ကန်ဘူး ဆိုရင် သူတို့ဘက်ကလည်း သွားလျှောက်ထားပြီးတော့ ချေပလို့ရတယ်။ ဒါပေမဲ့လို့ ဒီနေ့ အမှုစစ်တဲ့အချိန်ထိ အဲဒါကို မချေပနိုင်သေးပါဘူး။ အဲဒီတော့ ဒါဟာ မှန်နေပြီ။ မငြင်းနိုင်တဲ့အချက်ပါ” ဟု ဦးရောဘတ်စန်းအောင်က ဆက်လက် ပြောကြားသည်။

ထို့ပြင် အမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးစဉ် ရဲတပ်ဖွဲ့ဝင်များက မိမိအား ၁၁ ရက်ခန့် နည်းမျိုးစုံဖြင့် ညှဉ်းပန်းနှိပ်စက်ကြောင်း၊ ယင်းကြောင့် စိတ်ကယောင်ချောက်ချား ဖြစ်နေကြောင်း၊ ယခု စစ်ဆေးခံရသည့် အချိန်အထိ ထိုသို့ခံစားနေရကြောင်း အောင်ဝင်းဇော်က တရားခွင်တွင် တရားသူကြီးများအား ပြောကြားသည်။

အမှုနှင့် ပတ်သက်ပြီး လာမည့်ရုံးချိန်းကို သြဂုတ် ၂ ရက်သို့ ချိန်းဆိုထားပြီး အောင်ဝင်းဇော်အား ဆက်လက် စစ်ဆေးမည်ဖြစ်သည်။

Most Recent