ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်သုံးမြို့နယ်အတွင်း ဆိုင်ကယ်အသုံးပြုပြီး လုယက်မှု ၂၂ မှု ကျုးလွန်သူလေးဦးအား ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်သုံးမြို့နယ်အတွင်း ဆိုင်ကယ်အသုံးပြုပြီး လုယက်မှု ၂၂ မှု ကျုးလွန်သူလေးဦးအား ဖမ်းဆီးရမိ
Published 27 July 2018

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်သုံးမြို့နယ်အတွင်း ဆိုင်ကယ်အသုံးပြုပြီး လုယက်မှု ၂၂ မှု ကျုးလွန်သူလေးဦးအား ဖမ်းဆီးရမိခဲ့ကြောင်း ဇူလိုင် ၂၆ ရက်တွင် အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ သိရသည်။

ဇူလိုင် ၁၅ ရက် နံနက် ၁၁ နာရီခန့်တွင် မ....သည် သူငယ်ချင်းဖြစ်သူနှင့်အတူ စက်ဘီးစီး၍ ဒဂုံမြောက်မြို့နယ် ၁၆ ရပ်ကွက်ရှိ မြို့ဦးစေတီသို့သွားစဉ် နတ်စင်မှတ်တိုင်အရောက်၌ အနောက်မှ လူငယ်သုံးဦးစီးလာသည့် ဆိုင်ကယ်မှ ၎င်းတို့အနီးကပ်လာပြီး စက်ဘီးရှေ့ခြင်းအတွင်း ထည့်ထားသည့် လက်ကိုင်ဖုန်းနှင့် ပိုက်ဆံအိတ်အား လုယူထွက်ပြေးခဲ့သည်။ ယင်းသို့ လုယူထွက်ပြေးခဲ့သဖြင့် မ....က ပတ်ဝန်းကျင်အား အော်ဟစ်အကူအညီတောင်းရာ ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးသဖြင့် ဆိုင်ကယ်ပေါ်မှ စည်သူထွန်း (ခ) စည်သူအား ဖမ်းဆီးရမိခဲ့ပြီး ကျန်နှစ်ဦးမှာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ထွက်ပြေးသွားသည့်နှစ်ဦးအား ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိရေး ဆောင်ရွက်ရာ အခင်းဖြစ်ပွားသည့်ညပိုင်း၌ ဒဂုံဆိပ်ကမ်းမြို့နယ် ၈၇ ရပ်ကွက်၌ သက်ပိုင်ထွေးနှင့် သရဲလေးတို့အား ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးမိသည့် စည်သူထွန်း၊ သက်ပိုင်ထွေးနှင့် သရဲလေးတို့အား ရဲတပ်ဖွဲ့က စစ်ဆေးရာ လုယက်မှုများ ကျုးလွန်ရာတွင် ဒဂုံဆိပ်ကမ်းမြို့နယ်နေ မြင့်ဝင်းဆိုသူလည်း ပါဝင်ကြောင်း သိရသည်။

မြင့်ဝင်းအား ဇူလိုင် ၁၉ ရက်တွင် ဒဂုံဆိပ်ကမ်းမြို့နယ် ၈၇ ရပ်ကွက်အတွင်း၌ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့လေးဦးမှာ ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်လများက ဆိုင်ကယ် အသုံးပြုပြီး ဒဂုံဆိပ်ကမ်းမြို့နယ် ပဲခူးမြစ်လမ်းမပေါ်တွင် လမ်းလျှောက်နေသူ အမျိုးသားတစ်ဦးထံမှ လက်ကိုင်ဖုန်း တစ်လုံး၊ စက်ဘီးစီးနေသူ အမျိုးသမီးထံမှ လက်ကိုင်ဖုန်းတစ်လုံးတို့အား လုယက်ခဲ့ကြောင်း သိရသည်။

၎င်းတို့လေးဦးမှာ အဆိုပါလများအတွင်းက ဒဂုံအရှေ့မြို့နယ် စက်မှုဇုန်အတွင်းရှိ မက္ခရာမင်းသားကြီးလမ်းမပေါ်တွင် စက်ဘီးစီးနေသူ အမျိုးသမီးထံမှ ရွှေဆွဲကြိုး၊ ရွှေဆွဲသီး၊ ရွှေလက်ကောက်နှင့် ပိုက်ဆံအိတ်တစ်လုံးတို့နှင့် ဖုန်းလုယက်မှုရှစ်မှုအား ထပ်မံကျူးလွန်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent