ပြီးပြည့်စုံမည်ဟု အာမခံနိုင်မည် မဟုတ်သော်လည်း ရန်ကုန်မြို့သစ် စီမံကိန်းအတွက် ကောင်းမွန်ပြည့်စုံသည့် Master Plan တစ်ခုဆွဲနိုင်ရန် မျှော်လင့်ထားဟုဆို

ပြီးပြည့်စုံမည်ဟု အာမခံနိုင်မည် မဟုတ်သော်လည်း ရန်ကုန်မြို့သစ် စီမံကိန်းအတွက် ကောင်းမွန်ပြည့်စုံသည့် Master Plan တစ်ခုဆွဲနိုင်ရန် မျှော်လင့်ထားဟုဆို
Published 27 July 2018

ပြီးပြည့်စုံမည်ဟု အာမခံနိုင်မည် မဟုတ်သော်လည်း ရန်ကုန်မြို့သစ် စီမံကိန်းအတွက် ကောင်းမွန်ပြည့်စုံသည့် Master Plan တစ်ခု ဆွဲနိုင်ရန် မျှော်လင့်ထားကြောင်း NYDC ၏ CEO ဦးသိမ်းဝေက ပြောကြားသည်။

“မြို့သစ်တစ်ခုကို အစကစပြီး တည်ဆောက်တာဟာ စာရွက်လွတ်တစ်ရွက်အပေါ်မှာ ပုံဆွဲတာနဲ့ အတူတူပါပဲ။ စိတ်လှုပ်ရှားစရာလည်းကောင်း စိုးရိမ်စရာလည်းကောင်းသလို ကောင်းကွက်တွေ၊ အကျိုးကျေးဇူးတွေလည်း အများကြီးရှိပါတယ်။ Master Planning ကောင်းခဲ့လို့ လက်ရှိအချိန်မှာ အဆင့်မြင့် မြို့တော်အနေနဲ့ ရပ်တည်နေနိုင်တဲ့ သာဓကတွေ ကမ္ဘာပေါ်မှာ အများကြီးရှိပါတယ်။ ဥပမာအားဖြင့် စင်ကာပူနိုင်ငံဟာဆိုရင် ၁၉၆၀ နှစ်တွေက ဆွဲခဲ့တဲ့ Master Planning အပေါ်အခြေခံပြီး ဒီနေ့အချိန်မှာ စည်းစနစ်ကျကျနဲ့ တည်ဆောက်ထားတဲ့ အဆင့်မြင့်မြို့တော်တစ်ခုအဖြစ် ရပ်တည်နေပါတယ်။ စည်းစနစ်မကျတဲ့ တည်ဆောက်မှုတွေက ရေရှည်မှာ မကောင်းတဲ့ အကျိုးဆက်တွေကို ခံစားရမှာပါ။ ဒါကြောင့်မို့ ရန်ကုန်မြို့သစ်ရဲ့ Master Planning အဆင့်မှာကတည်းက မှန်ကန်အောင်ရေးဆွဲနိုင်ဖို့ အရမ်းအရေးကြီးပါတယ်။

NYDC စပြီး တည်ထောင်စဉ်ကတည်းက အပတ်စဉ်စာစဉ်တွေနဲ့ ပြီးခဲ့တဲ့လက ပြုလုပ်ခဲ့တဲ့ Town Hall မှာ ကျွန်တော်ပြောခဲ့သလိုပဲ စီမံကိန်းရဲ့ ပထမဆုံးအဆင့်အနေနဲ့ ကျွန်တော်တို့ လိုချင်တဲ့ပုံစံကို အရင်ဆုံး ပုံဖော်ပါမယ်။ ပြီးမှ ဒီအပေါ်မူတည်ပြီး Master Plan ရေးဆွဲပါမယ်။ အသေးစိတ်ကျတဲ့ အခြေခံအဆောက်အအုံ Master Plan နဲ့ အင်ဂျင်နီယာ ဒီဇိုင်းတွေ ဆွဲပါမယ်။ ဒါက ကျွန်တော်တို့ရဲ့ အစီအစဉ်ပါ။ ကျွန်တော့်အနေနဲ့ အားလုံးကျေနပ်နိုင်မယ့် ပြီးပြည့်စုံတဲ့ Master Plan ထွက်လာဖို့တော့ အာမ,မခံနိုင်ပေမယ့် အကောင်းဆုံးဖြစ်အောင် အလေးအနက်ထားပြီး အားစိုက်ထုတ်သွားမယ်ဆိုတာတော့ အခိုင်အမာ ပြောနိုင်ပါတယ်” ဟု ဦးသိမ်းဝေက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ကျွမ်းကျင်သည့် ဗိသုကာပညာရှင်များ၊ အင်ဂျင်နီယာများနှင့် မြို့ပြစီမံကိန်းရေးဆွဲသည့် ပညာရှင်များစွာရှိပြီး ရန်ကုန်မြို့သစ်၏ Master Planning ရေးဆွဲရာတွင် ပညာရှင်အားလုံးကို ပါဝင်အကြံပြုစေလိုကြောင်းနှင့် လာမည့်အပတ်တွင် မြန်မာနိုင်ငံ ဗိသုကာအသင်း၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းနှင့် အခြားမြို့ပြစီမံကိန်းရေးဆွဲရေး ပညာရှင်များကို ဖိတ်ကြားပြီး Technical Round Table ဆွေးနွေးပွဲတစ်ခု ပြုလုပ်ရန် NYDC မှ စီစဉ်ထားကြောင်း သိရသည်။

“Technical Round Table ဆွေးနွေးပွဲက ပညာရှင်တွေရဲ့ အကြံပြုချက်၊ သုံးသပ်ချက်တွေကိုပါ အခြေခံပြီး ရန်ကုန်မြို့သစ်အတွက် ကောင်းမွန်ပြည့်စုံတဲ့ Master Plan တစ်ခု ဆွဲနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒီကနဦးပိုင်းဆွေးနွေးမှုတွေက အရေးပါပြီး ပညာရှင်များရဲ့ အကြံပြုချက်တွေ ပါဝင်တဲ့အပြင် လာမယ့်နှစ်တွေမှာ ပေါ်ထွက်လာမယ့် ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် မျှော်မှန်းချက်များပါ ပါဝင်မှာ ဖြစ်ပါတယ်။ ဒီ Master Planက မြို့သစ်စီမံကိန်းရဲ့ ရှေ့ဆက်သွားမယ့် လုပ်ငန်းစဉ်တွေအတွက် စီမံကိန်း လမ်းညွှန်ချက် အနေနဲ့သာမက နောင်မှာပြန်ပြင်ရမယ့် ကုန်ကျစရိတ်များမယ့် အမှားတွေကိုလည်း ရှောင်နိုင်အောင် ကူညီသွားပါလိမ့်မယ်” ဟု ဦးသိမ်းဝေက ပြောကြားသည်။

Most Read

Most Recent