မြောက်ဦးဖြစ်စဉ်နှင့် ပတ်သက်၍ လူမှုကွန်ရက်တွင် ဝေဖန် မေးခွန်းထုတ်ခဲ့သဖြင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)၊ ပုဒ်မ ၁၀ တို့ဖြင့် ဖမ်းဆီးခံထားရသူ ဦးအောင်သန်းဝေအား စတုတ္ထအကြိမ် ရုံးထုတ်

မြောက်ဦးဖြစ်စဉ်နှင့် ပတ်သက်၍ လူမှုကွန်ရက်တွင် ဝေဖန် မေးခွန်းထုတ်ခဲ့သဖြင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)၊ ပုဒ်မ ၁၀ တို့ဖြင့် ဖမ်းဆီးခံထားရသူ ဦးအောင်သန်းဝေအား စတုတ္ထအကြိမ် ရုံးထုတ်
Published 26 July 2018

မြောက်ဦးဖြစ်စဉ်နှင့် ပတ်သက်၍ လူမှုကွန်ရက်တွင် ဝေဖန်သဖြင့် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)နှင့် ပုဒ်မ ၁၀ တို့ဖြင့် အမှုဖွင့်ခံရပြီး ဖမ်းဆီးခံခဲ့ရသော ဦးအောင်သန်းဝေအား ဇူလိုင် ၂၅ ရက်က စစ်တွေမြို့နယ် တရားရုံးတွင် စတုတ္ထအကြိမ် ရုံးထုတ်ခဲ့ပြီး တရားလိုပြ သက်သေ ရဲအုပ် အေးခင်မောင် အား စစ်ဆေးခဲ့ကြောင်းနှင့် ယခင်အပတ်က အာမခံ လျှောက်ထားမှုကို ပယ်ချလိုက်ကြောင်း သိရသည်။

ဦးအောင်သန်းဝေ၏ Facebook တွင် “လူသတ် လက်နက်နဲ့ ရခိုင်ပြည်နယ် အတွင်းရေးမှူး (ဟောင်း) ဦးတင်မောင်ဆွေ၊ မြောက်ဦး လူသတ်မှု (တရားခံ) ဘယ်သူလဲ”ဆိုသည့် ပို့စ်ကို ဇွန် ၁၈ ရက်က ရေးသား ဖော်ပြခဲ့ကြောင်းနှင့် ထိုသို့ ရေးသားသည့်အတွက် ပုဒ်မ ၆၆ (ဃ) ဖြင့် စွဲဆိုခြင်း ဖြစ်ကြောင်း၊ သို့သော်လည်း ၆၆(ဃ)မှာ အာမခံ ရရှိခဲ့သည့်တိုင် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကာကွယ်ရေး ဥပဒေပုဒ်မ ၁၀ ဖြင့်လည်း အမှုဖွင့်ထားသဖြင့် ပုဒ်မ နှစ်ခုဖြင့် အမှုဖွင့် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သိရသည်။

သို့သော် ပုဒ်မ ၆၆(ဃ) အား တရားရုံးသို့ တင်ပို့ တရားစွဲဆိုခြင်း မရှိသေးကြောင်း သိရသည်။

“ဥပဒေအရာရှိများသည် စနစ်ဟောင်းကို ကျင့်သုံးတဲ့ စွဲချက်မဖြစ်ဖို့ လိုတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အမှုတွဲတစ်ခုကို ဥပဒေအရ အကြံပေးတဲ့နေရာမှာ ဥပဒေအရာရှိရဲ့ မူလတာဝန်ကို မေ့လျော့ပြီး မဆောင်ရွက်ဖို့ အကြံပေးချင်ပါတယ်။ ဦးတင်မောင်ဆွေသည် ကျွန်တော့်ကို နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်ခွင့်နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုကို ခြိမ်းခြောက်တယ်ဆိုရင် ဦးတင်မောင်ဆွေသည် ခိုင်လုံသော သက်သေနဲ့ ကျွန်တော့်ကို စွပ်စွဲနိုင်ပါတယ်။ ကျွန်တော် အဲဒီအချိန်မှာ ချေပမယ်။ အခု အဲဒီလိုမဟုတ်ဘဲ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်ကိုယ်စား လက်မှတ်ထိုးပေးခဲ့ခြင်းသည် ရခိုင်ပြည်နယ် အစိုးရရဲ့လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ရာ ကျတယ်။ အစည်းအဝေး သုံးသပ်ချက်လည်း မပါဘူး။ နောက်တစ်ခုက ဦးတင်မောင်ဆွေရဲ့ ကိုယ်စားလှယ်အဖြစ် ဦးစောမင်းသူကို တာဝန်ပေးတယ်။ အဲဒီနေရာမှာလည်း အစိုးရ ဆုံးဖြတ်ချက် မပါဘူး။ နောက်တစ်ချက်က ပြစ်မှုကို ကိုယ်စားပြု တရားစွဲဆိုပိုင်ခွင့် မရှိဘူးလို့ ကျွန်တော် သိရှိရတယ်”ဟု ဦးအောင်သန်းဝေက ဇူလိုင် ၁၈ ရက်က ပြောကြားထားသည်။

ဇူလိုင် ၂၅ ရက် ရုံးချိန်းတွင် တရားလိုပြ သက်သေတစ်ဦးကို စစ်ဆေးခဲ့ပြီး လာမည့်အပတ် ရုံးချိန်းအား သြဂုတ် ၁ ရက်သို့ ချိန်းဆိုခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent