ဖားကန့်ဒေသ ဆိပ်မူအုပ်စု မပြင်ကျေးရွာနှင့် အောက်မယ့်လင်ချောင်မှော်ကြားရှိ မြန်မာတကောင်း လုပ်ကွက်ဟောင်း၌ မြေပြိုကျမှုတွင် ပျောက်ဆုံးသူစာရင်း ၂၇ ဦးအထိ ရှိလာ

ဖားကန့်ဒေသ ဆိပ်မူအုပ်စု မပြင်ကျေးရွာနှင့် အောက်မယ့်လင်ချောင်မှော်ကြားရှိ မြန်မာတကောင်း လုပ်ကွက်ဟောင်း၌ မြေပြိုကျမှုတွင် ပျောက်ဆုံးသူစာရင်း ၂၇ ဦးအထိ ရှိလာ
Published 26 July 2018

ဇူလိုင် ၂၄ ရက် နံနက် ၅ နာရီခန့်က ပြိုကျခဲ့သည့် ကမ်းပါးအား တွေ့ရစဉ် (ဓာတ်ပုံ - မမိုး)

ဖားကန့်ဒေသ ဆိပ်မူအုပ်စု မပြင်ကျေးရွာနှင့် အောက်မယ့်လင်ချောင်မှော်ကြားရှိ မြန်မာတကောင်း လုပ်ကွက်ဟောင်း၌ မြေပြိုကျမှုတွင် ပျောက်ဆုံးစာရင်း၂၇ ဦးအထိ ရှိလာကြောင်း ဒေသခံလူမှုကူညီရေးအသင်းများ၊ ဒေသခံများက ဆိုသည်။ ဖားကန့်ဒေသတွင် ဇူလိုင် ၂၄ ရက် နံနက် ၅ နာရီကျော်က မြေပြိုကျမှုဖြစ်ပွားပြီး လူ ၄၀ ဝန်းကျင် နစ်မြုပ် ပျောက်ဆုံးခဲ့ကြောင်း ကနဦး သိရသည်။

ဇူလိုင် ၂၄ ရက် ညနေပိုင်းတွင် ပျောက်ဆုံးသူစာရင်း ၂၅ ဦး ရရှိခဲ့ရာမှ ဇူလိုင် ၂၅ ရက်တွင် နှစ်ဦး ထပ်တိုးလာပြီး ၂၇ ဦးအထိ စာရင်းပေးထားကြောင်း သတင်းရရှိသည်။

ဖားပြင်သုခကာရီ လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးယဉ်ထွေးက “ပျောက်ဆုံးတာက ဒီနေ့မနက် ထပ်တိုးနှစ်ဦး စာရင်းပေးတယ်။ ၂၇ ဦး ရှိသွားပြီ။ မျက်မြင်တွေကို မေးမြန်းချက်အရ သေဆုံးတာက မြေပြိုတော့ မြေအောက် ရောက်သွားတယ်။ နောက်ပြီး ရေလှိုင်းတွေက ကမ်းပါးဘေးက လူတွေကို ရိုက်မြှုပ်လိုက်တယ်။ အဲဒီတော့ ရေထဲကို မြုပ်သွားတဲ့သူတွေကို ချိတ်တွေနဲ့ စမ်းတာမျိုးတွေ လုပ်နေတယ်။ ကုန်းဘက်မှာလည်း ရှာဖွေနေတယ်။ မနက်ဖြန်မှာ ယန္တရားတွေနဲ့ ဆင်းဖို့ လုပ်နေတယ်။ ထွေအုပ်က အဓိကပေါ့။ ကျန်တဲ့ လူမှုရေး၊ မီးသတ်၊ ကြက်ခြေနီတွေ ဝိုင်းကူတယ်။ ပြန်ပြိုနိုင်တော့ အက်ကြောင်းတွေဘက်ကို ရှင်းလင်းလမ်းကြောင်း ဖောက်နေတယ်။ ကချင်တိုင်းရင်းသားတွေထဲက ရဝမ်တိုင်းရင်းသား အများဆုံးပါ။ ချင်းက နှစ်ဦး၊ ဗမာက နှစ်ဦး၊ မွတ်စလင် တစ်ဦးပါ။ ကချင်က ဂျိန်းဖောတွေ ပါတယ်။ အားလုံး ၂၇ ဦးပေါ့။ တစ်ယောက်မှ မတွေ့သေးပါဘူး”ဟု ပြောကြားသည်။

မြေပြိုမှုတွင် ပူတာအိုခရိုင်အတွင်း အဓိက နေထိုင်သည့် ရဝမ်တိုင်းရင်းသား ၁၉ ဦး ပါသွားပြီး ကူညီပေးနိုင်ရေးမှာ ခက်ခဲနေကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ ရဝမ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးရန်နမ်ဖုန်က “ကျွန်တော်တို့ တိုင်းရင်းသား ၁၈ ဦး ပါသွားတယ် ကြားတယ်။ ကျွန်တော်ဖြင့် စိတ်ကို မကောင်းဘူး။ အမျိုးအရင်းတွေတော့ မပါဘူး။ ဒါပေမဲ့ ရဝမ်ဆိုရင် ကျွန်တော်တို့ အမျိုးတွေချည်းပဲ။ အစိုးရဘက်က ကူညီရအောင် ဆိုရင်လည်း ကျွန်တော်တို့ ဌာနမှာ အခွင့်အရေး မရှိဘူး။ ပူတာအိုဘက်မှာက လမ်းပန်းဆက်သွယ်ရေးက မကောင်း၊ အလုပ်အကိုင်ကလည်း စားဝတ်နေရေး အဆင်ပြေရုံအဆင့်ပဲ ရှိတယ်။ ဖားကန့်မှာတော့ ကျွန်တော်တို့အမျိုးတွေ အများကြီး ရှိပါတယ်။ လယ်ယာလုပ်ငန်းတွေ တိုးချဲ့စိုက်ပျိုးဖို့ ဆိုတာလည်း အရင်းအနှီးတွေ မရှိလို့ မလုပ်နိုင်ဘူး။ အဲဒါကြောင့် ဖားကန့်ဘက် ရောက်ကုန်တာ။ မိသားစုတွေနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းပါတယ်။ မိုးရွာနေတဲ့ အခါမျိုးမှာ အလုပ်လုပ်ရင် အားလုံးသတိထားပြီး လုပ်စေချင်ပါတယ်။ အန္တရာယ်မရှိ လုပ်စေချင်တယ်”ဟု ပြောကြားသည်။

ဒေသခံ လွှတ်တော်ကိုယ်စားလှယ်များက ဇူလိုင် ၂၆ ရက်တွင် အထွေထွေ အုပ်ချုပ်ရေးဌာနက ဦးစီး၍ ရှာဖွေရန် ပြင်ဆင်နေကြောင်း၊ မြေပြိုသည့်နေရာမှာ စောက်နက်သဖြင့် ယန္တရားများဆင်းရန် ပြင်ဆင်နေကြောင်း၊ ပြန်ပြိုနေသည့် အနေအထား ဖြစ်သည့်အတွက် နောက်ထပ် အန္တရာယ်မဖြစ်ပွားရန် ညှိနှိုင်းနေကြောင်း၊ ဖားကန့်တွင် ရှာဖွေ စားသောက်နေမှုများကို ကန့်သတ်ရန်မှာ အစိုးရအတွက် အခက်အခဲကြီးတစ်ခု ဖြစ်နေကြောင်း သုံးသပ်ကြသည်။

ဒေသခံများ ပြောပြချက်အရ မြေပြိုသည့်နေရာသည် ကျောက်ကောင်းထွက်သည့် အမဲကြောနှင့် မြေဖြူကြော စပ်သည့်နေရာဖြစ်ပြီး ဇူလိုင် ၂၄ ရက်က မြေပြိုပြီးနောက်ပိုင်းတွင် မြေထပ်ပြိုနိုင်ခြေ ရှိသော်လည်း ကျောက်ရှာဖွေသူများနေဆဲ ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent