ဝန်ထမ်းများက အစိုးရအဖွဲ့များကို ပံ့ပိုးသည့်အခါတွင် စေတနာသန့်သန့်ဖြင့် ပံ့ပိုးပေးစေချင်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ဝန်ထမ်းများက အစိုးရအဖွဲ့များကို ပံ့ပိုးသည့်အခါတွင် စေတနာသန့်သန့်ဖြင့် ပံ့ပိုးပေးစေချင်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 26 July 2018

ဝန်ထမ်းများက အစိုးရအဖွဲ့များကို ပံ့ပိုးသည့်အခါတွင် စေတနာသန့်သန့်ဖြင့် ပံ့ပိုးပေးစေချင်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇူလှိုင် ၂၅ ရက်က နေပြည်တော်တွင် ပြုလုပ်သော နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ နှစ်နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်၍ သြဝါဒစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မိမိတို့အနေဖြင့် ဝန်ထမ်းများ၏ မိသားစုဘ၀ ပိုမိုစိုပြည်အောင် တတ်နိုင်သမျှ ကြိုးစားလုပ်ပေးမည်ဖြစ်ကြောင်း၊ ဥပမာ အဓိကထားသည့်ကိစ္စရပ်မှာ ဝန်ထမ်းအိမ်ရာဖြစ်ကြောင်း၊ ဝန်ထမ်းများသည် နိုင်ငံအတွက် လုပ်သက်တစ်သက်လုံး အင်အားများ စိုက်ထုတ်ပြီးသည့်အခါ အေးအေးဆေးဆေးဖြင့် အငြိမ်းစားယူစေချင်ကြောင်း၊ ထို့ကြောင့် ဝန်ထမ်းအိမ်ရာများကို ဦးစားပေးပြီး ရေတိုမဟုတ်ကြောင်း၊ ရေတိုဝန်ထမ်းကောင်းများ ရဖို့သာမက ရေရှည်နိုင်ငံပေါ်တွင် တာဝန်ကျေသွားသည့် ဝန်ထမ်းအနေဖြင့် စိတ်အေးလက်အေး နေသွားရန်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

“အဲဒီလို နေနိုင်ဖို့ကိုလည်း ဝန်ထမ်းတွေအတွက် လုပ်ပေးချင်တဲ့ ကိစ္စတွေအားလုံး လုပ်ပေးဖို့ဆိုတာ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့လိုတယ်။ ဘဏ္ဍာလည်း တောင့်ဖို့လိုတယ်။ ဘဏ္ဍာငွေတောင့်ဖို့ဆိုတာ အစိုးရကနေ ရုန်းကန်ရတယ်။ အစိုးရကနေ ပံ့ပိုးပေးရတယ်။ ဝန်ထမ်းတွေက အစိုးရအဖွဲ့တွေကို ပံ့ပိုးတဲ့အခါမှာ စေတနာသန့်သန့်နဲ့ ပံ့ပိုးပေးစေချင်တယ်။ ကိုယ့်ရဲ့ဌာနကို အသစ်ရောက်လာတဲ့ ဝန်ကြီးပဲဖြစ်ဖြစ်၊ အခြားဝန်ထမ်းပဲဖြစ်ဖြစ် အမြန်ဆုံး အရည်အချင်းပြည့်ဝအောင် အလုပ်တာဝန်ကို ပြည့်ပြည့်၀၀ ကျေကျေပွန်ပွန် ထမ်းဆောင်နိုင်အောင် ကူညီပံ့ပိုးပေးတယ် ဆိုတာဟာ အင်မတန်မှ ဂုဏ်သိက္ခာရှိတဲ့ အလုပ်ဖြစ်ပါတယ်။ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အရည်အချင်းဟာ အင်မတန်မှ အရေးကြီးပါတယ်” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

ဝန်ကြီးဌာနများတွင် အသစ်ရောက်လာသည့် ဝန်ကြီးအား ပညာပြလိုသည့် ဝန်ထမ်းအချို့ရှိကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါ အခမ်းအနားတွင် ပြောကြားခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး၏ ကနဦးသတင်း ထုတ်ပြန်ချက်တွင်ပါရှိခဲ့ပြီး သတင်းမီဒီယာအချို့၏ အွန်လိုင်းစာမျက်နှာများတွင်လည်း ကူးယူဖော်ပြမှုရှိခဲ့သော်လည်း ဇူလိုင် ၂၅ ရက် ညပိုင်းတွင် အဆိုပါပြောကြားချက်မှာ နိုင်ငံတော်အတိုင်ပင်ခံရုံး၏ သတင်းထုတ်ပြန်ချက်တွင် မရှိတော့ဘဲ ပြန်လည်ပြင်ဆင်ထားသည်ကို တွေ့ရသည်။

“တချို့ကတော့ လူ့သဘာဝအရ ပညာပြချင်တယ်။ တချို့က ဝန်ထမ်းလုပ်ခဲ့တာ ဘယ်နှနှစ်ရှိပြီ။ ဒီဝန်ကြီးကတော့ မနေ့တစ်နေ့ကမှ ရောက်လာတာ။ ငါတို့အနေနဲ့ ပညာပြလို့ရတယ်။ အဲဒီလိုစိတ်ထားတဲ့ ဝန်ထမ်းတွေလည်း တချို့ရှိတယ်” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့ကြောင်း သိရသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ နှစ်နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်၍ ထူးချွန်ဝန်ထမ်းများနှင့် ထူးချွန်ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်းလည်း သိရသည်။

Most Read

Most Recent