မိန်းကလေးငယ်တစ်ဦးကို ဖုန်းဝယ်ပေးမည်ဟု လိမ်ပြော၍ အမျိုးသားလေးဦးက အဓမ္မပြုကျင့်မှု တောင်ဒဂုံတွင် ဖြစ်ပွား

မိန်းကလေးငယ်တစ်ဦးကို ဖုန်းဝယ်ပေးမည်ဟု လိမ်ပြော၍ အမျိုးသားလေးဦးက အဓမ္မပြုကျင့်မှု တောင်ဒဂုံတွင် ဖြစ်ပွား
Published 26 July 2018

အသက် ၁၄ နှစ်ခွဲအရွယ် မိန်းကလေးကို ဖုန်းဝယ်ပေးမည်ဟု လိမ်ပြောပြီး အငှားယာဉ်ဖြင့် ခေါ်ဆောင်၍ အမျိုးသားလေးဦးက သားမယားပြုကျင့်မှု တောင်ဒဂုံမြို့နယ်တွင် ဖြစ်ပွားခဲ့ပြီး ဇူလိုင် ၂၅ ရက် ညနေပိုင်းက ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း စုံစမ်းသိရသည်။ အဆိုပါ အမှုဖြစ်စဉ်မှာ ဇူလိုင် ၂၃ ရက် ည ၈ နာရီတွင် တောင်ဥက္ကလာပမြို့နယ်နေ မ.... သည် နေအိမ်မှ တစ်ဦးတည်းအပြင်ထွက်လာစဉ် လူငယ်နှစ်ဦးနှင့်အတူ အအေးဆိုင်တစ်ဆိုင်တွင် စကားပြောကြစဉ် မ..... က လက်ကိုင်ဖုန်းတစ်လုံး လိုချင်သည်ဟု လူငယ်နှစ်ဦးကို ပြောဆိုခဲ့ကြောင်း သိရသည်။

ထို့နောက် လူငယ်နှစ်ဦးက ဖုန်းဝယ်ပေးမည်ဟု မက်လုံးပေး၍လိမ်လည်ပြောဆိုကာ မ....အား အငှားယာဉ်ဖြင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ နေအိမ်တစ်အိမ်သို့ ခေါ်ဆောင်သွားပြီး သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း၊ ယင်းနောက် အမည်မသိ အမျိုးသားနှစ်ဦး ထပ်မံရောက်လာပြီး မ...ကို သားမယားအဖြစ် ထပ်မံပြုကျင့်ခဲ့ပြီးနောက် ဇူလိုင်၂၄ရက် နံနက်ပိုင်းတွင် အငှားယာဉ်ဖြင့် ပြန်လွှတ်ခဲ့ကြောင်း တရားလိုဖြစ်သူ၏ တိုင်တန်းချက်အရ သိရသည်။

အမှုနှင့်ပတ်သက်၍ ၁၄ နှစ်ခွဲအရွယ် မိန်းကလေးကို သားမယားအဖြစ် ပြုကျင့်ခဲ့သည့် အမျိုးသား လေးဦးအနက်မှ သံသယရှိသူများဖြစ်သည့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ၁၈ ရပ်ကွက်နေ အသက် ၂၂ နှစ်အရွယ် သီဟဆိုသူနှင့် အသက် ၂၀ နှစ်အရွယ် စာကလေး (ခ) အောင်နိုင်ဆိုသူတို့ကို ဖမ်းမိခဲ့ကြောင်း သိရသည်။

အဆိုပါ အမှုဖြစ်စဉ်မှ ကျူးလွန်သူလေးဦးကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၆၃/၁၁၄ ဖြင့် အမှုဖွင့်ထားပြီး ကျန်နှစ်ဦး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ စုံစမ်းသိရသည်။

Most Read

Most Recent