မလေးရှားနှင့် အိန္ဒိယရှိ ချင်းတိုင်းရင်းသား လေးသောင်းဝန်းကျင်အား UNHCR က နေရပ်ပြန်ပို့ရန် စီစဉ်မှုအပေါ် ချင်းနိုင်ငံရေးပါတီများ ကန့်ကွက်

မလေးရှားနှင့် အိန္ဒိယရှိ ချင်းတိုင်းရင်းသား လေးသောင်းဝန်းကျင်အား UNHCR က နေရပ်ပြန်ပို့ရန် စီစဉ်မှုအပေါ် ချင်းနိုင်ငံရေးပါတီများ ကန့်ကွက်
Published 26 July 2018

မလေးရှားနိုင်ငံ ကွာလာလမ်ပူနှင့် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့အခြေစိုက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တွင် ဆယ်စုနှစ်များစွာ နိုင်ငံရေး ခိုလှုံနေကြသည့် ချင်းတိုင်းရင်းသားလေး သောင်းဝန်းကျင်အား UNHCR က ချင်းပြည်နယ်အတွင်းသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်နေမှုအပေါ် ချင်းနိုင်ငံရေးပါတီများက ကန့်ကွက်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအကူးအပြောင်း မဖြစ်ခင်ကာလ ၂၀၀၈-၂၀၁၀ ဝန်းကျင်တွင် လူမျိုးရေးအရဖြစ်စေ၊ ဘာသာရေးအရဖြစ်စေ ချင်းပြည်နယ်တွင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့မှုများကြောင့် ဒေသအတွင်းရှိ ချင်းတိုင်းရင်းသားများသည် နေရပ်စွန့်ခွာကာ မလေးရှားနှင့် အိန္ဒိယနိုင်ငံသို့ ထွက်ခွာသွားခဲ့ကြပြီး နိုင်ငံရေးခိုလှုံခွင့်တောင်းခံ၍ နေထိုင်ခဲ့ကြကြောင်း ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး ဆလိုင်းကျဲအို ဘိခ်ထောင်က ပြောကြားသည်။

“ကျွန်တော်တို့ သိသလောက် အကြမ်းဖျင်းပြောရရင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာ (ချင်းတိုင်းရင်းသား) လူဦးရေ သုံးသောင်းကျော်လောက်ရှိတယ်။ နယူးဒေလီမှာတော့ ရှစ်ထောင်နဲ့ တစ်သောင်းကြားမှာ ရှိတယ်လို့ သိရပါတယ်။ အဲဒီလူတွေကို ပြန်ပို့မယ်ဆိုရင် ဥပမာ အခု ပလက်ဝမြို့နယ်ထဲကလူတွေ ပါဝင်မယ်ဆိုရင် အဆင်ပြေမှာ မဟုတ်ဘူး။ ပလက်ဝဘက်မှာ တိုက်ပွဲတွေ ဖြစ်နေသေးတယ်” ဟု ဆလိုင်းကျဲအိုဘိခ်ထောင်က ပြောကြားသည်။

ချင်းပြည်နယ်၏ လက်ရှိအခြေအနေအား ရာသက်ပန်တည်ငြိမ်ပြီဟု ရှုမြင်သုံးသပ် ယုံကြည်မှုအပေါ် အခြေခံ၍ ချင်းဒုက္ခသည်များအား နေရပ်ပြန်လည်ပို့ဆောင်ရေးအတွက် UNHCR မှ လတ်တလော ဆောလျင်စွာ ဆုံးဖြတ်ချက်ချမှုအပေါ် ပြည်တွင်းပြည်ပရှိ ချင်းတိုင်းရင်းသားများနှင့် ချင်းနိုင်ငံရေးပါတီများက များစွာ အံ့သြဝမ်းနည်းဖြစ်ရသည်ဟု ချင်းဒီမိုကရေစီအဖွဲ့ချုပ်၊ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ၊ ချင်းတိုးတက်ရေးပါတီစသည့် ချင်းပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီခြောက်ခုက ဇူလိုင် ၂၄ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ချင်းနိုင်ငံရေးပါတီများ အနေဖြင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူနှင့် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် အခြေစိုက်သည့် UNHCR ၏ လတ်တလော ဆုံးဖြတ်ချက်များနှင့် အကောင်အထည်ဖော်မှုများကို ကန့်ကွက်ကြောင်းနှင့် ထိုသို့ဆုံးဖြတ်ချက် ချမှတ်ထားမှုအပေါ် အလေးအနက် ပြန်လည်သုံးသပ်ပေးရန် ချင်းနိုင်ငံရေးပါတီများက တိုက်တွန်းထားသည်။

Most Read

Most Recent