ဘူးသီးတောင်မြို့နယ်အတွင်း တာဝန်ကျနေသည့် ဝန်ထမ်းများ အပါအဝင် ဒေသခံများ စစ်တွေမြို့သို့ တိမ်းရှောင်သူ မြင့်တက်

ဘူးသီးတောင်မြို့နယ်အတွင်း တာဝန်ကျနေသည့် ဝန်ထမ်းများ အပါအဝင် ဒေသခံများ စစ်တွေမြို့သို့ တိမ်းရှောင်သူ မြင့်တက်
Published 26 August 2017

စစ်တွေမြို့သို့ တိမ်းရှောင်နေသူများအား ဘူသီးတောင်ဆိပ်ကမ်းတွင် သြဂုတ်လ ၂၆ ရက် နံနက်ပိုင်းက တွေ့ရစဉ်

ဘူးသီးတောင်မြို့နယ်အတွင်း တာဝန်ကျနေသည့် ဝန်ထမ်းများ အပါအဝင် ဒေသခံများ စစ်တွေမြို့သို့ တိမ်းရှောင်သူ မြင့်တက်လျက်ရှိကြောင်း သိရသည်။

သြဂုတ်လ ၂၅ ရက် နံနက်ပိုင်းမှစကာ မောင်တောနယ်စပ်ရှိ လုံခြုံရေးကင်းစခန်း ၃၀ ကျော် တိုက်ခိုက်ခံရပြီးနောက်ပိုင်း ဒေသခံ တိုင်းရင်းသားကျေးရွာသားများ စိုးရိမ်မှုမြင့်တက်ကာ ရွာလုံးကျွတ် ရွှေ့ပြောင်းမှုများရှိနေပြီး ဘူးသီးတောင်မြို့ပေါ်သို့ ရောက်ရှိနေသည့် ပညာရေးဝန်ထမ်းများ ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့ခံများအပါအဝင် လူဦးရေ လေးရာကျော်ခန့်သည် ဘူးသီးတောင်ဆိပ်ကမ်းမှ ထွက်ခွာသည့် သင်္ဘောတစ်စီးနှင့် ရှပ်ပြေးအမြန်ရေယာဉ် တစ်စီးဖြင့် စစ်တွေသို့ တိမ်းရှောင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ဘူသီးတောင်ဆိပ်ကမ်းမှ ထွက်ခွာသည့် ရွှေပြည်တန် ရှပ်ပြေးရေယာဉ်တွင် ခရီးသည် သုံးရာနီးပါး လိုက်ပါသွားပြီး ရေကြောင်းသင်္ဘောတွင်လည်း ယခင်ပုံမှန် ခရီးသည်ထက် နှစ်ဆခန့် လိုက်ပါစီးနင်းသူ များပြားခဲ့ကြောင်း သိရသည်။

ရွှေပြည်တန် အဆင့်မြင့်အမြန်ရေယာဉ်မှ ဘူးသီးတောင် လက်မှတ်ကိုယ်စားလှယ် ဦးညီညီက"ကျွန်တော်တို့ ရွှေပြည်တန် အမြန်ရေယာဉ်မှာ ခရီးသည် ၂၉၀ ကျော် ပါသွားပါတယ်။ အခုခရီးသည်တွေက အများအပြားသွားတာက အခုတစ်ဖန်ဖြစ်လာတဲ့ အကြမ်းဖက်ဖြစ်စဉ်တွေကြောင့် ကြောက်ပြီး ထွက်ပြေး တိမ်းရှောင်ကြတာပါ။ ဝန်ထမ်းတွေနဲ့ ဘူးသီးတောင်မြို့ခံတွေ သီးသန့်ဖြစ်ပါတယ်။ သင်္ဘောမှာလည်း ယခင်ထက် များပြားပါတယ်။ အားလုံးဆိုရင် ခရီးသည် လေးရာကျော်လောက် သွားကြတာဖြစ်ပါတယ်။ အခု မောင်တောက ကားတွေ အဆင်းအတက် ပိတ်ထားလို့သာ ခရီးသည် ဒီလောက်ဖြစ်တာပါ။ မောင်တောလမ်းပွင့်ရင် သင်္ဘော မလောက်တော့ပါဘူး။၂၀၁၆ ခုနှစ် အောက်တိုဘာဖြစ်စဉ်မှာလည်း မောင်တောက ဒေသခံတွေ ရွေ့ပြောင်းတာများပါတယ်" ဟုပြောကြားသည်။

မောင်တော-ဘူးသီးတောင် ကားလမ်းကို ဆက်လက် ပိတ်ထားဆဲဖြစ်ပြီး နယ်ကျေးရွာများနှင့် မောင်တောမြို့သို့ အဆက်အသွယ် ပြတ်တောက်နေဆဲဖြစ်ကြောင်း သိရသည်။

အလားတူ စစ်တွေမှ ဘူးသီးတောင်သို့ ထွက်ခွာမည့် အမြန်ရေယာဉ်မှာလည်း လက်မှတ်ရောင်းပြီးမှ မထွက်ခွာကြောင်း သိရသည်။

"မနေ့က ဘူးသီးတောင်လာဖို့ အမြန်ရေယာဉ်လက်မှတ် ဝယ်ထားပြီးပြီ။ ဒါပေမယ့် ဒီကနေ့ အမြန်ရေယာဉ် မထွက်ဘူး။ ပိတ်တာလည်း မဟုတ်ဘူး။ မထွက်တာလို့ပဲ သိရတယ်"ဟုစစ်တွေမှ ဘူးသီးတောင်သွားမည့် ခရီးသည်တစ်ဦးက ပြောသည်။

 

Most Read

Most Recent