ရုပ်ရှင်သရုပ်ဆောင်သီဟတင်စိုးကဲ့သို့ ပဲခူးမြို့တွင် မုဒိမ်းမှုဖြင့် အမှုဖွင့်ခံရသော အောင်နိုင်ထွန်း၏ သုက်ပိုး ဒေါ်ခင်မာညိုထံတွင် မရှိကြောင်း တရားရုံးတွင် မှုခင်းဆရာဝန် ထွက်ဆို

ရုပ်ရှင်သရုပ်ဆောင်သီဟတင်စိုးကဲ့သို့ ပဲခူးမြို့တွင် မုဒိမ်းမှုဖြင့် အမှုဖွင့်ခံရသော အောင်နိုင်ထွန်း၏ သုက်ပိုး ဒေါ်ခင်မာညိုထံတွင် မရှိကြောင်း တရားရုံးတွင် မှုခင်းဆရာဝန် ထွက်ဆို
Published 26 July 2018

ပဲခူးမြို့နယ်တရားရုံးတွင် ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးကဲ့သို့ ဒေါ်ခင်မာညို၏ မုဒိမ်းမှုဖြင့် တရားစွဲခံရသော အောင်နိုင်ထွန်း အမှုကို ဇူလိုင် ၂၅ ရက် နံနက် ၁၁ နာရီခန့်က ပဲခူးမြို့နယ်တရားရုံးတွင် ကိုးကြိမ်မြောက် စစ်ဆေးခဲ့ပြီး အောင်နိုင်ထွန်း၏ သုက်ပိုး ဒေါ်ခင်မာညိုတွင် မတွေ့ရှိကြောင်း မှုခင်းဆရာဝန်က ထွက်ဆိုသွားသည်ဟု ပဲခူးမြို့နယ် တရားသူကြီး ဦးစိုးမင်း၏ ပြောကြားချက်အရ သိရသည်။

“ကျွန်တော် ဒီအမှုကို စစ်နေတာ အခုဆို ရုံးချိန်းကိုးခါရှိပြီ။ သက်သေခုနစ်ဦးကို စစ်ပြီးပြီ။ ဒီနေ့ဆေးစစ်ချက် အတည်ပြုပေးတဲ့ မှုခင်းဆရာဝန်ကို စစ်တယ်ဆရာဝန်က ဒေါ်ခင်မာညို မအင်္ဂါမှာ အောင်နိုင်ထွန်းရဲ့သုက်ပိုး မတွေ့ရဘူးလို့ ထွက်ဆိုတယ်။ ဒေါ်ခင်မာညိုရဲ့ မအင်္ဂါမှာရှိတဲ့ အမာရွတ်ကလည်း လွန်ခဲ့ခြောက်လလောက်ကတည်း ဒဏ်ရာလို့ ထွက်ဆိုသွားတယ်။ နောက်ထပ်သက်သေ ခုနစ်ယောက်စစ်ဖို့ ကျန်သေးတယ်။ ဒီအမှုကို အမြန်ဆုံးပြီးအောင် စစ်ဆေးဆောင်ရွက်သွားမှာပါ” ဟု ပဲခူးမြို့နယ် တရားသူကြီး ဦးစိုးမင်းက ပြောကြားသည်။

ဖြစ်စဉ်မှာပဲခူးမြို့ အမှတ် (၃) ရဲစခန်းတွင် ခင်မာညိုဆိုသူ အမျိုးသမီးက ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်တိုင်တန်းခဲ့သဖြင့် အောင်နိုင်ထွန်းမှာ ၃.၃.၂၀၁၈ နေ့က အမှတ် (၃) ရဲစခန်းမှ (ပ) ၁၁၆/၂၀၁၈ ရာဇသတ်ကြီး ဥပဒေပုဒ်မ (၃၇၆) ဖြင့် အမှုဖွင့်ခံရပြီး ပဲခူးအချုပ်ထောင်တွင်းမှနေ၍ ပဲခူးမြို့နယ်တရားရုံးတွင် အမှုရင်ဆိုင်နေရပြီး ဒေါ်ခင်မာညို (ခ)ခင်မာမြင့်၏ လိမ်လည်တိုင်တန်းမှုကြောင့် ရုပ်ရှင်မင်းသားသီဟတင်စိုး၏ အမှုမှာ အမှုမှန်ပေါ်သွားပြီဖြစ်သော်လည်း ပဲခူးမြို့မှ ဖမ်းဆီးခံထားရသော အောင်နိုင်ထွန်းမှာ လွတ်မြောက်မှု မရှိသေးကြောင်း သိရသည်။

“ကျွန်မခင်ပွန်းဆုံးပြီးတည်းက သားမိနှစ်ယောက်တည်းပါ။ သားကနေ့စားလုပ်ပြီး ကျွန်မက အဝတ်လျှော်စားရတာ။ အိမ်လခတောင် မပေးနိုင်တဲ့ဘဝတွေပါ။ သားဆီကို ထောင်ဝင်စာသွားတွေ့တိုင်း သားက သူ့မှာအပြစ်မရှိကြောင်း အမြဲပြောတယ်။ အမှုအတွက် ရှေ့နေငှားဖို့တောင် အဒေါ်မှာလည်း ငွေကြေးကမရှိတော့ ငိုရုံကလွဲပြီး ဘာတစ်ခုမှ မလုပ်ပေးနိုင်ခဲ့ပါဘူး” ဟု မုဒိမ်းမှုဖြင့် တရားစွဲခံရသော အောင်နိုင်ထွန်း၏ မိခင်ဖြစ်သူ ဒေါ်စန်းစန်းဝင်းက ပြောကြားသည်။

ထို့အပြင် တိုင်တန်းခြင်းခံရသူ အောင်နိုင်ထွန်းမှာ ရုံးချိန်းကိုးကြိမ်ခန့်ရှိပြီဖြစ်ပြီး အမှတ်(၃)ရဲစခန်းတွင် အမှုဖွင့်မခံရသေးချိန်တွင် အလုပ်ရှင်က လျော်ကြေး ၂၅ သိန်း ပေးသော်လည်း ခင်မာညိုက သိန်းတစ်ရာတောင်းရာ မပေးနိုင်သောကြောင့် အမှုဖွင့်ခံရခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent