မောင်တောမြို့နယ် ကျောက်ပန္ဒူဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိနေသည့် သင်္ဘောကွေ့ကျေးရွာမှ မိသားစု ၄၅ စုမှာ အခက်အခဲဖြစ်နေ

မောင်တောမြို့နယ် ကျောက်ပန္ဒူဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိနေသည့် သင်္ဘောကွေ့ကျေးရွာမှ မိသားစု ၄၅ စုမှာ အခက်အခဲဖြစ်နေ
Published 26 July 2018

သင်္ဘောကွေ့ကျေးရွာရှိ ဖျက်ဆီးခံထားရသော နေအိမ်အချို့ကို တွေ့ရစဉ်

ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်းရှိ သင်္ဘောကွေ့ကျေးရွာတွင် လာရောက်အခြေချနေထိုင်ရာမှ အစိုးရက နေအိမ်များကို ဖြိုဖျက်လိုက်သည့်အတွက် ကျောက်ပန္ဒူဘုန်းတော်ကြီးကျောင်းတွင် လာရောက်ခိုလှုံနေကြရသော မိသားစု ၄၅ စုမှာ မိုးရာသီဖြစ်သည့်အတွက် အခက်အခဲများစွာကို ရင်ဆိုင်နေကြရရာ ကျန်းမာရေး ထိခိုက်မည်ကို စိုးရိမ်ကြောင်း ပြောဆိုကြသည်။

လက်ရှိတွင် ဘုန်းတော်ကြီးကျောင်းအတွင်း ခိုလှုံနေကြရပြီး ဝါတွင်းကာလ ရောက်ရှိလာခဲ့ပြီဖြစ်သည့်အတွက် ဘုန်းတော်ကြီးကျောင်းတွင်လည်း နေထိုင်ရန် ခက်ခဲလာပြီဖြစ်သဖြင့် နေထိုင်ရန် နေရာလိုအပ်ကြောင်း၊ ထို့ပြင် အလုပ်အကိုင် အခွင့်အလမ်းများ မရှိသည့်အတွက် စားသောက်ရေးအပိုင်းတွင်လည်း ခက်ခဲလာနိုင်ကြောင်း ပြောကြသည်။

ကျေးရွာသား အောင်တင်မောင်က “ကျွန်တော်တို့က ဒီမှာနေရတာ သိပ်အဆင်မပြေတော့ဘူး။ အစိုးရဘက်ကလည်း နေအိမ်မပေးဘူး။ ဘာမှလည်း အကြောင်းပြန်တာမရှိတဲ့အတွက် ကျွန်တော်တို့ အတော်လေး အခက်အခဲ ဖြစ်နေရပါတယ်။ ဘုန်းတော်ကြီးကျောင်းမှာဆိုတော့ ရှာဖွေလုပ်ကိုင် စားသောက်ဖို့အတွက်လည်း အဆင်မပြေဘူး။ ဘုန်းကြီးကလည်း မိန့်ကြားတယ်။ ဝါတွင်းကာလ ရောက်နေပြီဆိုတော့ ကျောင်းမှာနေလို့ အဆင်ပြေမယ် မထင်ဘူးလို့ပြောတယ်။ ဘယ်လိုလုပ်ရမယ် မသိဖြစ်နေကြရတယ်။ အစောပိုင်းမှာက သက်ဆိုင်ရာက နေအိမ်တွေပေးမယ် ဆိုပေမယ့် အခုတော့ မပေးတော့ဘူး။ ဘုန်းတော်ကြီးကျောင်းမှာ စုပြီးနေရတာဖြစ်လို့ ကျန်းမာရေး အခက်အခဲလည်း ဖြစ်လာနိုင်တယ်” ဟု ပြောကြားသည်။

ကျေးရွာသစ် တည်ဆောက်မှုအား ဖျက်ဆီးလိုက်သည့်အတွက် နေထိုင်ရာမဲ့ဖြစ်သွားသော မိသားစု ၄၅ စုအတွက် နေရာထိုင်ခင်း ပြုလုပ်ပေးနိုင်ရေးအတွက် လွန်စွာအရေးကြီးသော ကိစ္စတစ်ရပ်ဖြစ်ကြောင်း၊ မိုးရာသီဖြစ်သဖြင့် အမိုးအကာလုံခြုံရေး၊ ကျန်းမာရေး ထိခိုက်မှု မဖြစ်ပေါ်စေရေးအတွက် အရေးပါကြောင်း ဒေသခံများက ဆိုသည်။

အဆိုပါ သင်္ဘောကွေ့ ဘုန်းတော်ကြီးကျောင်းမှ ဆရာတော် ဦးသောဘနကလည်း “မိသားစု ၄၅ စုရှိနေတယ်။ ကျောင်းအောက်မြေပြင်မှာ မိုးကာခင်းပြီး အိပ်နေကြရတော့ ကျန်းမာရေးပိုင်းလည်း ထိခိုက်လာတယ်။ မနက်ကတောင် ဆေးဆရာပင့်ပြီး တစ်ယောက်နှစ်ယောက် ဆေးထိုးရတယ်။ ကျောင်းထိုင်ကလည်း မနေသင့်တော့ဘူးလို့ ပြောနေတော့ ဘယ်လိုလုပ်ရမှန်းမသိတော့ဘူး။ ဝါလည်းဝင်တော့မယ်။ ပြီးတော့ လုပ်ကိုင်စားသောက်ဖို့ အဆင်မပြေတဲ့အတွက် စားသောက်ရေးကလည်း အဆင်မပြေဘူး ဖြစ်နေကြတယ်။ ရွာသားတွေအတွက် စိတ်မအေးစရာပေါ့” ဟု မိန့်ကြားခဲ့သည်။

ယင်းရွာမှ ရွာသားများအား ဖယ်ရှားပေးရန် ညွှန်ကြားခဲ့သည့်နောက်ပိုင်း ဇူလိုင် ၉ ရက်က မြို့နယ်အုပ်ချုပ်ရေး၊ ခရိုင်အုပ်ချုပ်ရေးနှင့် ရဲတပ်ဖွဲ့ဝင်များအပြင် မီးသတ်တပ်ဖွဲ့များကိုလည်း ခေါ်ယူလာခဲ့ကြောင်းနှင့် အရပ်ဝတ် ဝတ်ထားသူအချို့လည်း ပါဝင်ကာ ရောက်ရှိလာခဲ့ပြီး ကျေးရွာမှ ဖယ်ပေးရန် ပြောဆိုခဲ့ကြောင်းနှင့် ရွာရှိအိမ်များအားလုံးကို ဖျက်ဆီးဖယ်ရှားခဲ့ကြောင်း သိရသည်။

Most Read

Most Recent