အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွင် ပါဝင်သော အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများနှင့် ၎င်းတို့အတွက် တာဝန်ရှိသော Arakan Rohingya Salvation Army (ARSA) တို့အား အကြမ်းဖက်အုပ်စုအဖြစ် ကြေညာ

အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွင် ပါဝင်သော အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများနှင့် ၎င်းတို့အတွက် တာဝန်ရှိသော Arakan Rohingya Salvation Army (ARSA) တို့အား အကြမ်းဖက်အုပ်စုအဖြစ် ကြေညာ
Published 26 August 2017

အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်တွင် ပါဝင်သော အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများနှင့် ယင်းအကြမ်းဖက်သမားများအတွက် တာဝန်ရှိသော Arakan Rohingya Salvation Army (ARSA) တို့အား အကြမ်းဖက်အုပ်စုဖြစ်သည်ဟု အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (င) ပါ လုပ်ပိုင်ခွင့်အတိုင်းကျင့်သုံး၍ ပြည်ထောင်စု အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် အကြမ်းဖက်တိုက်ဖျက်ရေး ဗဟိုအဖွဲ့က သြဂုတ် ၂၅ ရက် ညပိုင်းက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ရှေးဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရသည် ရခိုင်ပြည်နယ်အတွင်းနေ တိုင်းရင်းသားများနှင့် ဘင်္ဂါလီလူမျိုးများ အကြားဖြစ်ပွားသည့် ပဋိပက္ခများအား ဖြေရှင်းနိုင်ရန်နှင့် ရခိုင်ပြည်နယ်လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးတို့ကို ဆောင်ရွက်နိုင်ရန် ကော်မတီများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည့်အပြင် ဒေသခံပြည်သူများ၏ လိုအပ်ချက်များအား ဖြည့်ဆည်းခြင်း၊ ဒေသလုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ဖော်ပြထားသည်။

၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက် နံနက်ပိုင်းက အကြမ်းဖက်သမားများသည် ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းရှိ အမှတ် (၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ် (ကျီးကန်းပြင်)၊ ကိုးတန်ကောက်ရဲကင်းစခန်းနှင့် ငါးခူနယ်မြေရုံးများအား အလစ်အငိုက် အကြမ်းဖက် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့သည့်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ကိုးဦးကျဆုံးပြီး လက်နက်မျိုးစုံ ၄၈ လက်၊ ကျည်မျိုးစုံ ၆၆၂၄ တောင့်၊ လှံစွပ် ၄၇ ချောင်း၊ ကျည် အိမ် ၁၆၄ ခု ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ယင်းဖြစ်စဉ် ဖြစ်ပွားပြီးနောက် အမှတ် (၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့သည် လုံခြုံရေး အင်အားထပ်မံဖြည့်တင်း၍ တပ်မတော်နှင့် ပူးပေါင်းပြီး ဒေသလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ဆောင်ရွက်လျက်ရှိစဉ် ဒေသခံတိုင်းရင်းသားများအား သတ်ဖြတ်မှု၊ ခြိမ်းခြောက်မှု၊ ဝါဒဖြန့်မှုဖြစ်စဉ်များကြောင့် ဒေသတည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့တွင် အဟန့်အတား ဖြစ်စေခဲ့ကြောင်း၊ နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များက လှည့်ကင်း ဆောင်ရွက်စဉ် မေယုတောင်ကြောပေါ်တွင် အကြမ်းဖက်သမားများ၏ ခြေကုပ်စခန်းများ စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။

Most Read

Most Recent