မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေ ကျဆင်းမှုကြောင့် မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ သထုံမြို့နယ်နှင့် ရေးမြို့နယ် ဒေသအချို့တွင် ရေကြီးရေလျှံမှုဖြစ်ပွား

မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေ ကျဆင်းမှုကြောင့် မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ သထုံမြို့နယ်နှင့် ရေးမြို့နယ် ဒေသအချို့တွင် ရေကြီးရေလျှံမှုဖြစ်ပွား
Published 25 July 2018

ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာ ရေကြီးရေလျှံမှု ဖြစ်ပွားနေသည်ကို ဇူလိုင် ၂၄ ရက် မွန်းလွဲပိုင်းက တွေ့ရစဉ်

မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေ ကျဆင်းမှုကြောင့် မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ သထုံမြို့နယ်နှင့် ရေးမြို့နယ် ဒေသအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

မွန်ပြည်နယ် ဘီးလင်းမြို့တွင် ဘီးလင်းမြစ်ရေလျှံမှုကြောင့် ဇူလိုင် ၂၂ ရက်ညပိုင်းမှစ၍ ဘီးလင်းမြို့ပေါ်ရပ်ကွက်များ ဖြစ်ကြသည့် ဘိုးရာဇာရပ်ကွက်၊ ဆရာစံရပ်ကွက်၊ ကန်သာယာရပ်ကွက်၊ ဘိုးလှကြီးရပ်ကွက်နှင့် မဲလံဂေါင်ကျေးရွာများမှ အိမ်ထောင်စု ၂၅၉ စုမှ လူဦးရေ စုစုပေါင်း ၁၀၂၂ ဦးမှာ ရေဘေးရှောင်စခန်း ကိုးခုတွင် ပြောင်းရွှေ့နေထိုင်နေကြကြောင်း ဘီးလင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။

“ကျွန်မတို့အိမ်က မြစ်ကမ်းပါးဘက် မျက်နှာပေးထားတယ်ဆိုတော့ ရေတက်လာတော့ ရပ်ကွက်လူကြီးက နင်တို့ကမ်းပါးပြိုလိမ့်မယ်။ ကလေးတွေနဲ့ဆိုတော့ ပြောင်းကြတော့လို့ လာပြောပါတယ်။ ညဘက်မှဆိုရင် ပြောင်းရ ရွှေ့ရခက်မယ် ဆိုတာနဲ့ ကျွန်မတို့က ဇူလိုင် ၂၂ ရက်ညနေပိုင်းမှာ ဒီလေသာ ဘုန်းကြီးကျောင်းကို ပြောင်းလာရပါတယ်။ ကျွန်မတို့ကို လှေတွေနဲ့ရော၊ ကားတွေနဲ့ပါ လာကြိုပေးကြပါတယ်” ဟု ဘိုးရာဇာ ရပ်ကွက် ၄၇ စုအပိုင်းတွင်နေထိုင်သူ မနီလာက ဆိုသည်။

၎င်းကဆက်လက်ပြီး “ဒီနှစ်က တောင်ရေကျတာ နည်းနည်းမြန်တယ်။ မနှစ်ကတော့ ရေကျတာ ဒီလောက်မမြန်ဘူး။ ကိုယ့်အိမ်ရှေ့မှာပဲဆိုတော့ မြင်နေရတယ်လေ။ ဒီနှစ်ကျတော့ နှစ်ရက်တည်းနဲ့ ရေကကမ်းပါးနဲ့ ညီသွားတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးကလည်း ပြောင်းကြတော့ဆိုတာနဲ့ ဒီလေသာ ဘုန်းကြီးကျောင်းကို ပြောင်းလာတာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

“ဇူလိုင် ၂၂ ရက်ညနေ ၅ နာရီလောက်ကစပြီး ဘီးလင်းမြစ်ရေက တက်လာတာပေါ့။ ဘိုးရာဇာရပ်ကွက်၊ ၄၇ အိမ်စုအပိုင်းက လူတွေကိုဆိုရင် လှေတွေနဲ့ သွားခေါ်ရတယ်။ အဲဒီအပိုင်းက လူတွေကိုတော့ ဘီးလင်းမြို့ လေသာဘုန်းကြီးကျောင်း ဓမ္မာရုံမှာ ထားရှိထားပါတယ်။ ဒီလေသာ ဘုန်းကြီးကျောင်းမှာ ဇူလိုင်  ၂၃ ရက်အထိကို ရေဘေးရှောင်ပြည်သူ ၂၄၃ ဦးရှိပါတယ်။ ၁၂ နှစ်အောက် ကလေးတွေရော၊ ၁၂ အထက်လူတွေ အားလုံးပေါင်းပါ။ လက်ရှိမှာတော့ မြို့နယ်ထွေအုပ်ရုံးက ဆန်နဲ့ရေသန့်တွေ လာရောက် ဝေငှထားပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှုအနေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေက ဒီမှာ ဆေးပေးခန်း လာဖွင့်ပေးထားပါတယ်” ဟု ဘိုးရာဇာရပ်ကွက်နေ ဒေါ်သန်းသန်းထွေးက ပြောကြားသည်။

ဘီးလင်းမြို့ ကန်သာယာ ရပ်ကွက်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားနေသည်ကို ဇူလိုင် ၂၄ ရက် မွန်းလွဲပိုင်းက တွေ့ရစဉ်

“ဘီးလင်းမြစ်ရေ အခြေအနေနဲ့ ပတ်သက်ပြီး ကျွန်မတို့က လပြည့်ရေကို စောင့်ကြည့်နေရပါတယ်။ လက်ရှိအခြေအနေထက် ထပ်ပြီးတက်နိုင်ခြေ ရှိပါတယ်။ ချောင်းဖျားရေကျမှာ ကြောက်ရပါတယ်။ မိုးရေကိုတော့ သိပ်မကြောက်ရဘူး” ဟု ဒေါ်သန်းသန်းထွေးက ဆက်လက်ပြောကြားသည်။

“မိုးကဆက်တိုက်ရွာနေတော့ လွန်ခဲ့တဲ့ ၁၀ ရက်လောက်က စပြီးတော့ ဘီးလင်းမြစ်ရေက မြို့အစပ်ကို ရောက်လာတယ်။ ဇူလိုင် ၂၂ ရက်ကျတော့ မြစ်ရေက ကန်သာယာရပ်ကွက် အပိုင်း ၇ ထဲကို ဝင်လာတယ်။ ရပ်ကွက်ထဲ နေထိုင်တဲ့လူတွေ နေလို့မရလောက်တဲ့ အထိကို ရေကတက်လာတယ်။ ဘီးလင်းမြို့ ရေကြီးရတဲ့အပိုင်း နှစ်ပိုင်းရှိပါတယ်။ တစ်ပိုင်းက ဘီးလင်းမြို့ နောက်ကျောမှာရှိတဲ့ တောင်ပေါ်တွေက ဆင်းလာတဲ့ ရေတွေရှိတယ်။ နောက်တစ်ပိုင်းက ဘီးလင်းမြို့ရဲ့အထက် မိုင် ၃၀ လောက်ဝေးတဲ့ ချောင်းဖျားကနေ မိုးရေနဲ့အတူ လိမ့်ဆင်းလာတဲ့ရေတွေ ရှိပါတယ်။ အဲဒီရေ နှစ်ခုပေါင်းစပ်ပြီးတော့ မြစ်ရေလျှံမှု ဖြစ်ပွားပြီးတော့ ဘီးလင်းမြို့ရဲ့ အနိမ့်ပိုင်းတွေကို ရေဝင်ရောက်လာတာ ဖြစ်ပါတယ်” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

“ကျွန်တော်တို့ ကန်သာယာရပ်ကွက်မှာ ဒီရေဘေးရှောင်စခန်းသုံးခု ထားရှိပါတယ်။ ဒီကန်သာယာ မူလတန်းကျောင်း အမှတ် (၂) မှာတော့မှာ လူဦးရေ ၃၀၀ ကျော်လောက်ရှိပါတယ်။ တချို့ကလည်း ရေအခြေအနေကြည့်ပြီး မပြောင်းလာသေးတဲ့ လူတွေလည်း ရှိပါသေးတယ်။ နောက်ပြီး တ.စ.ညပါတီ မြို့နယ်ရုံးနဲ့ အောင်ဇေယျခန်းမမှာလည်း ရေဘေးရှောင်တဲ့လူတွေကို ရေဘေးရှောင်စခန်း ဖွင့်လှစ်ပြီး ထားရှိထားပါတယ်” ဟု ကန်သာယာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်ဦးက ပြောကြားသည်။

“ကျွန်တော်တို့ရဲ့ အတွေ့အကြုံအရဆိုရင် ဒုတိယဝါဆိုလပြည့်ကျော် ၃ ရက်လောက်မှ ရေပြန်ကျနိုင်မယ်ထင်တယ်။ လက်ရှိမှာ ဒီရေက တောင့်နေတော့ ရေကမဆင်းဘူး။ မိုးကလည်း ဆက်တိုက် ရွာနေမယ်ဆိုရင် ရေကအီနေမယ့်သဘော ရှိပါတယ်” ဟု ဦးသန်းထိုက်ဦးက ဆက်လက်ပြောကြားသည်။

အလားတူ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မွန်ပြည်နယ် သထုံမြို့နယ် အတွင်းရှိ ဒုံသမိချောင်းရေ မြင့်တက်လာမှုကြောင့် ဒူးရင်းဆိပ် ကျေးရွာတွင်လည်း ရေကြီးရေလျှံမှု ဖြစ်ပွားလျက်ရှိကြောင်း၊ ရေကြီးရေလျှံမှုကြောင့် ဒူးရင်းဆိပ်ကျေးရွာရှိ အိမ်ထောင်စု ၈၀ မှ လူဦးရေ စုစုပေါင်း ၃၇၂ ဦးမှာ ယင်းကျေးရွာရှိ ရွာလယ်ဓမ္မာရုံနှင့် တပ်ဦးဘုန်းတော်ကြီးကျောင်းတွင် နေထိုင်လျက်ရှိသည်။

ထို့ပြင် မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေ ကျဆင်းမှုကြောင့် မွန်ပြည်နယ် ရေးမြို့နယ် ကျောင်းရွာ ကျေးရွာတွင် ရေကြီးရေလျှံမှု များဖြစ်ပေါ်နေပြီး လူနေအိမ်အချို့ ရေလွှမ်းမှုခံထားရကြောင်း သိရသည်။

 

Most Read

Most Recent