ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦးကို ဖမ်းဆီးပြီး ထောက်ကြန့်ရဲစခန်းတွင် ရှာဖွေပုံစံဖြည့်ရာ၌ ဖမ်းဆီးသည့်နေရာ ကွဲလွဲနေကြောင်း ဖမ်းဆီးခံ သတင်းထောက် ကိုကျော်စိုးဦး ပြောကြား

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦးကို ဖမ်းဆီးပြီး ထောက်ကြန့်ရဲစခန်းတွင် ရှာဖွေပုံစံဖြည့်ရာ၌ ဖမ်းဆီးသည့်နေရာ ကွဲလွဲနေကြောင်း ဖမ်းဆီးခံ သတင်းထောက် ကိုကျော်စိုးဦး ပြောကြား
Published 25 July 2018

ဇူလိုင် ၂၄ ရက် ရုံးချိန်းတွင် သမီးဖြစ်သူအား ချီပိုးထားသည့် သတင်းထောက် ကိုကျော်စိုးဦးကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦးကို ဖမ်းဆီးပြီး ထောက်ကြန့်ရဲစခန်းတွင်  ရှာဖွေပုံစံဖြည့်ရာ၌ ဖမ်းဆီးသည့် နေရာကွဲလွဲနေကြောင်း ဖမ်းဆီးခံသတင်းထောက် ကိုကျော်စိုးဦးက ဇူလိုင် ၂၄ ရက်တွင် မြောက်ပိုင်းခရိုင် တရားရုံး၌ ပြောကြားသည်။

အစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် တရားစွဲခံထားရသော ရိုက်တာသတင်းထောက် ဝလုံး (ခ) ကိုသက်ဦးမောင်နှင့် ကိုကျော်စိုးဦး (ခ) မိုးအောင်တို့ကို မြောက်ပိုင်းခရိုင် တရားရုံးတွင် ဆက်လက် ရုံးထုတ်ခဲ့ပြီး ရုံးချိန်းတွင် စွပ်စွဲခံရသူများဘက်မှ တင်သွင်းသော သက်သေများ စစ်ဆေးနေရာ သက်သေအဖြစ် ကိုကျော်စိုးဦးက စစ်ဆေးခံခဲ့သည်။

ကိုကျော်စိုးဦးက “ဖမ်းဆီးရမိတဲ့ပုံစံက ကွဲလွဲနေပါတယ်။ ကျွန်တော်တို့ကို တွေ့ရှိတဲ့ နေရာကတော့ အမှန်ပါပဲ။ ကျွန်တော့်ရှာဖွေ ပုံစံမှာကျတော့ ဆောင်းရိပ်မွန် ဘီယာဆိုင်ရှေ့ထွက်ပေါက် ဆိုပြီးတော့ သူတို့က ကျွန်တော့်ကို အတင်းရေးခိုင်းခဲ့ပါတယ်။ ကိုဝလုံးရဲ့ ရှာဖွေပုံစံမှာကျတော့ အဲဒီအချက်အလက်တွေ မပါခဲ့ပါဘူး။ တကယ်တမ်း အမှန်အတကယ် ကျွန်တော်တို့ကို ဖမ်းဆီးခဲ့တဲ့ နေရာကလည်း ဆောင်းရိပ်မွန် ဘီယာဆိုင်ရှေ့ ထွက်ပေါက်ပဲ ဖြစ်ပါတယ်” ဟု ရုံးချိန်းအပြီးတွင် မီဒီယာများအား ပြောကြားသည်။

ရဲတပ်ဖွဲ့၏ ရှာဖွေပုံစံတွင် ဖမ်းဆီးသည့် နေရာကွဲလွဲနေခြင်းမှာ တခြားနေရာသို့ ရွှေ့ပြောင်းရန် ရှာဖွေပုံစံကို အမြန်လုပ်ခြင်း ဖြစ်သည်ဟု ထင်မြင်ကြောင်း ကိုကျော်စိုးဦးက ဆက်လက်ပြောကြားသည်။

“အဲဒီလို ကွဲလွဲနေတာက ကျွန်တော်တို့ကို ထောက်ကြန့်ရဲစခန်းမှာ အကြာကြီး မထားလိုဘူး။ ရှာဖွေပုံစံကို မြန်မြန်ဆန်ဆန် ပြီးအောင်လုပ်တယ်။ တခြားနေရာကို ရွှေ့ဖို့လိုလို့။ အဲဒါကြောင့်လို့ ထင်တာပဲ” ဟု ကိုကျော်စိုးဦးက ပြောကြားသည်။

သတင်းထောက်နှစ်ဦး၏ တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်ကလည်း “ကိုဝလုံးဆီမှာတော့ ရှာဖွေပုံစံမှာတော့ ဖမ်းဆီးတဲ့နေရာက ကြားတစ်နေရာ ဖြစ်နေတယ်။ ကိုကျော်စိုးဦးကတော့ ဒီဟာကို သူ့ကို ဖမ်းဆီးတဲ့ နေရာအမှန် ဖြည့်ပေးတော့မှသာ လက်မှတ်ထိုးမယ်ဆိုတဲ့ အချေအတင် ဖြစ်ပြီးတော့မှ နောက်တော့မှ တရားရုံးရောက်တော့မှ ကြည့်ရှင်းတာပေါ့ဆိုပြီး အရာရှိကိုယ်တိုင်က ဒီဟာကို ဖြည့်ပေးလိုက်တယ်။ ဆောင်းရိပ်မွန် ဘီယာဆိုင် ထွက်ပေါက်ဆိုပြီး ဒီဟာကို ဖြည့်ပေးလိုက်တယ်” ဟု မီဒီယာများအား ဖြေကြားသည်။

ကိုဝလုံးနှင့် ကိုကျော်စိုးဦးကို မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ) ဖြင့် စွဲချက်တင်ကြောင်း မြောက်ပိုင်းခရိုင် တရားရုံးက ဇူလိုင် ၉ ရက်တွင် အမိန့်ချမှတ်ခဲ့သည်။

အမှုကို ဇူလိုင် ၃၀ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့ပြီး ကိုကျော်စိုးဦးအား ဆက်လက် စစ်ဆေးမည်ဖြစ်သည်။

Most Recent