ဂျိုင်းမြစ်ရေကြီးနေသဖြင့် မြဝတီနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိ ဂျိုင်း(ကျုံဒိုး)တံတားပေါ်တွင် ကုန်တင်ယာဉ်များ သွားလာရေး ခက်ခဲနေ

ဂျိုင်းမြစ်ရေကြီးနေသဖြင့် မြဝတီနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိ ဂျိုင်း(ကျုံဒိုး)တံတားပေါ်တွင် ကုန်တင်ယာဉ်များ သွားလာရေး ခက်ခဲနေ
Published 25 July 2018

Pontoon ဗောတံတားမှ ကုန်တင်ယာဉ်တစ်စီး ဖြတ်သန်းနေသည်ကို တွေ့ရစဉ်

ဂျိုင်းမြစ်ရေကြီးနေသဖြင့်ကုန်တင်ယာဉ်များ သွားလာရေး ခက်ခဲနေပြီး ဂျိုင်း (ကျုံဒိုး) တံတားနှင့် ချဉ်းကပ်လမ်းပေါ်တွင် ယာဉ်ကြောကျပ်ကာ မော်တော်ယာဉ်များ ပိတ်ဆို့နေဆဲဖြစ်ကြောင်း သိရသည်။

မြဝတီ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိ ဂျိုင်း(ကျုံဒိုး) ကြိုးတံတားမှာ ၁၃ တန်အထိသာ ဖြတ်သန်းသွားလာခွင့် ပြုထားခြင်းနှင့် ၁၃ တန်အထက်ယာဉ်များကို Pontoon ဗောတံတားမှ ဖြတ်သန်းသွားလာခွင့် ပြုထားသော်လည်း ဂျိုင်းမြစ်ရေ တက်လာမှုကြောင့် Pontoon ဗောတံတားမှ ကုန်တင်ယာဉ်ကြီးများ ဖြတ်သန်းသွားလာရန် အခက်အခဲ ဖြစ်ပေါ်လျက်ရှိသည်။

မြဝတီနယ်စပ်မှ ပြည်တွင်ဈေးကွက်သို့ ပို့ဆောင်မည့် ကုန်တင်ယာဉ်ကြီးအများစုမှာ တံတားအဝင်ဘေးတွင် ဇူလိုင် ၂၂ ရက် ကတည်းက ရပ်တန့်ထားကြရာ တဖြည်းဖြည်း များပြားလာပြီး တံတားဟိုဘက်သည်ဘက်၌ ယာဉ်အစီးရေ ရာနှင့်ချီ၍ ရပ်နားထားရကြောင်း သိရသည်။

ဂျိုင်းမြစ်ရေကြောင့် ကားကြီးများ ကူးသန်းသွားလာသည့် ပွန်တွန်းဗောတံတားမှာ မြင့်တက်လာသဖြင့် ယာဉ်အန္တရာယ် မဖြစ်စေရေးနှင့် လမ်းကြောင်း မပိတ်စေရေးအတွက် ကော့ကရိတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး လင်းလင်းအောင်၊ ကျုံဒိုးနယ်မြေရဲစခန်းမှူး ရဲအုပ်အောင်မြင့်ဝင်း နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် မြင့်ကျော်ဦးနှင့် အဖွဲ့က နေ့ညအချိန် ပြည့်စောင့်ရှောက် တာဝန်ထမ်းဆောင် လျက်ရှိကြောင်း သိရသည်။

၎င်းအပြင် Express ခရီးသည်တင် ကားကြီးများမှာလည်း လူများကိုတံတားပေါ်မှ လျှောက်စေကာ ကားကိုကတ္တားဖြင့် ချိန်တွယ်ခြင်း၊ ၁၃ တန်အထက်ဖြစ်ပါက ကြိုးတံတားပေါ်မှ ပေးမလွှတ်ဘဲ ကုန်များပြန်ချစေခြင်း စသည့်အကြောင်းများကြောင့် Pontoon တံတားမှလည်း ကားကြီးများ သွားလာရ ခက်ခဲလျက်ရှိကာ ကုန်တန်ချိန်များသော ယာဉ်များအနေဖြင့် ဖြတ်သန်းသွားလာရန် ခက်ခဲနေသည်။

မော်လမြိုင်မှ မြဝတီသို့လာသူ တစ်ဦးက “မနေ့က မော်မြိုင်ကနေလာတာ ဂျိုင်းတံတားမှာ ကားတွေပိတ်နေတယ်။ ကားတန်းက အရှည်ကြီးပဲ။ ကားကြီးတွေက လမ်းဘေး တစ်ဖက်တစ်ချက်စီမှာ တန်းစီပြီး ရပ်နေကြပေမဲ့ ကားလေးတွေက ကျော်တက်လာကြတော့ နှစ်ဘက်ဆုံပြီး လမ်းပိတ်နေတယ်” ဟုဆိုသည်။

ဂျိုင်း(ကျုံဒိုး) ကြိုးတံတားပေါ်မှ မော်တော်ယာဉ်များ သွားလာခွင့် ပြုထားသော်လည်း ၁၃ တန်အထက် ယာဉ်များ သွားလာခွင့်မရဘဲ ယာဉ်ကြောကြပ်မှု ဖြစ်နေသည်မှာ သုံးရက်ရှိနေပြီဟု သိရသည်။

Most Read

Most Recent