ပဲခူးတိုင်းဒေသကြီး မဒေါက်မြို့တွင် စစ်တောင်းမြစ်ရေသည် စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေပြီး ကျောက်ကြီးမြို့တွင်လည်း ရေကြီးရေလျှံမှုကြောင့် အိမ်ထောင်စုအချို့ ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေရ

ပဲခူးတိုင်းဒေသကြီး မဒေါက်မြို့တွင် စစ်တောင်းမြစ်ရေသည် စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေပြီး ကျောက်ကြီးမြို့တွင်လည်း ရေကြီးရေလျှံမှုကြောင့် အိမ်ထောင်စုအချို့ ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေရ
Published 25 July 2018

ကျောက်ကြီးမြို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခြင်းကြောင့် အနိမ့်ပိုင်းရပ်ကွက်နေသူများအား ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေသည်ကို တွေ့ရစဉ်

ပဲခူးတိုင်းဒေသကြီး အရှေ့ဘက်ခြမ်း စစ်တောင်းမြစ်အောက်ဘက်ရှိ မဒေါက်မြို့တွင် စစ်တောင်းမြစ်ရေမှာ စိုးရိမ်ရေအမှတ် အထက်သို့ ကျော်လွန်ရောက်ရှိလာခဲ့ရာ စစ်တောင်းမြစ်အနီးရှိ မဒေါက်မြို့၊ ရွှေကျင်မြို့တို့တွင် ရေကြီးရေလျှံမှုများ ကြုံတွေ့နေရပြီး၊ တောင်ငူခရိုင်အတွင်းရှိ ကျောက်ကြီးမြို့တွင်လည်း မြို့လယ်ချောင်းမှ ရေကြီးရေလျှံမှုများ ဖြစ်ပွားခြင်းကြောင့် ချောင်းအနီးအနိမ့်ပိုင်း ရပ်ကွက်နေ ပြည်သူများအား ရေဘေးလွတ်ရာများသို့ ယာယီရွှေ့ပြောင်း နေရာချထားပေးရကြောင်း သိရသည်။

မဒေါက်မြို့၏ စစ်တောင်းမြစ်ရေမှာ မိုးဇလ ဦးစီးဌာန၏ ဇူလိုင်၂၄ ရက် နံနက် ၆ နာရီခွဲ တိုင်းထွာချက်အရ စိုးရိမ်ရေအမှတ် ၁၀၇၀ စင်တီမီတာအထက် ၁၁၀၉ စင်တီမီ တာ (တစ်ပေကျော်ခန့် မြင့်တက်)သို့ ရောက် ရှိနေပြီး စစ်တောင်းမြစ်အနီး မဒေါက်မြို့နှင့် ရွှေကျင်မြို့နယ်တို့မှ အနိမ့်ပိုင်းကျေးရွာ ဒေသခံများမှာ ရေဘေးလွတ်ရာသို့ ရွှေ့ ပြောင်းခြင်း၊ စာသင်ကျောင်း အချို့ယာယီ ပိတ်ထားခြင်းတို့ ကြုံတွေ့နေရကြောင်း သိရသည်။

ရွှေကျင်မြို့ အနိမ့်ပိုင်းနေရာများတွင် ရေဝင်ရောက်မှု အခြေအနေနှင့် ပတ်သက်ပြီး ရွှေကျင်မြို့ တရုတ္တန်းရပ်နေ ကိုဇော်မိုးက “ရေစတက်နေတာကတော့ သုံးလေးငါးရက်တော့ရှိနေပြီ။ ဒါပေမဲ့ ဒီနေ့လောက်တော့ မတက်ဘူး။ အဲဒီတုန်းကတော့ စာသင်ကျောင်းတွေဘာတွေ ကလေးတွေ ကျောင်းတက်လို့ ရသေးတယ်။ ဒီနေ့ကတော့ နည်းနည်းတက်လာတဲ့အတွက် စာသင်ကျောင်းတွေ ထဲမှာလည်း ရေတွေရောက်လာတဲ့ အတွက် စာသင်ကျောင်းလည်း ပိတ်လိုက်ရတယ်။ အခုရပ်ကွက်ထဲ လူတွေကိုလည်း ကယ်ဆယ်ရေး အဖွဲ့တွေကနေပြီးတော့မှ သူတို့လိုအပ်သလို ကူညီဆောင်ရွက်ပေးတယ်။ ပြီးတော့ ဘုန်းကြီးကျောင်းတွေ ဘာတွေမှာလည်း တချို့အခက်အခဲရှိတဲ့ လူတွေကို ကယ်ဆယ်ရေး အဖွဲ့တွေက ခေါ်ပြီးထားပေးတယ်။ လိုအပ်တာတွေ အကုန်လုံး နေဖို့ထိုင်ဖို့၊ စားဖို့သောက်ဖို့ အကုန်လုံး စီစဉ်ပေးထားတယ်။ အခုလက်ရှိ အခြေအနေပေါ့” ဟု ပြောကြားသည်။

ထို့ပြင် တောင်ငူခရိုင်အတွင်းရှိ မြို့နယ်များတွင် နာရီပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် ကျောက်ကြီးမြို့၏ မြို့လယ်ရှိ ကျောက်ကြီးချောင်းမှ ရေကြီးရေလျှံမှုများ ဖြစ်ပွားကာ ချောင်းအနီးဝန်းကျင် အနိမ့်ပိုင်းရပ်ကွက်နေ အိမ်ထောင်စုများအား ရေဘေးလွတ်ရာ နေရာများသို့ ယာယီရွှေ့ပြောင်း နေရာချထားပေးရကြောင်း သိရသည်။

ကျောက်ကြီးမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းခဲ့ကာ ဇူလိုင် ၂၃ ရက်က ကျောက်ကြီးချောင်းရေ မြင့်တက်မှုကြောင့် မြို့ပေါ်ရှိ ပဲခူးရပ်ကွက်မှ လူနေအိမ် ငါးလုံး ရေဝင်ရောက်၍ ယာယီကယ်ဆယ်ရေး စခန်းသို့ ကနဦး ရွှေ့ပြောင်းပေးခဲ့ရပြီး ဇူလိုင် ၂၄ ရက်တွင်လည်း မိုးရေချိန် ၁ ဒသမ ၈၅ လက်မခန့် ထပ်မံရွာသွန်းခဲ့ရာမှ အနိမ့်ပိုင်းနေရာများတွင် ရေဝင်ရောက်မှု ထပ်မံဖြစ်ပွားခဲ့ရာ အိမ်ထောင် ၂၉ စုနီးစပ်ရာ ဘုန်းကြီးကျောင်းများသို့ ရွှေ့ပြောင်းခဲ့ရခြင်းဖြစ်သည်။

ကျောက်ကြီးမြို့တွင် ချောင်းရေမြင့်တက်မှု အခြေအနေနှင့် ပတ်သက်ပြီး တောင်ငူမြို့နယ် မိုးဇလဦးစီးဌာန ဦးစီးမှူး ဦးမျိုးမြင့်အောင်က “ကျောက်ကြီး ရေကြီးတာက စစ်တောင်းမြစ်ရေကြောင့် မဟုတ်ဘူး။ သဘောက နေရာဒေသ တစ်ခုမှာ အချိန်တိုအတွင်းမှာ မိုးက အလုံးအရင်းနဲ့ ရွာလို့ရှိရင် အဲဒီ ရေတွေထွက်နိုင်တဲ့ ရေဆင်းပေါက်တွေပေါ့။ ရွာမှာဆိုရင်လည်း ရိုးတို့ ချောင်းတို့ပေါ့နော်။ အဲဒီရေဆင်းပေါက်တွေ လက်ခံနိုင်တဲ့ဟာထက် ပိုများအောင် ရွာလို့ရှိရင် အဲဒီနေရာမှာ ရေလျှံမှာပဲ၊ ကျောက်ကြီးမှာ ရေလျှံတာ အဲဒီသဘောဖြစ်တာ” ဟု ပြောကြားသည်။

ယာယီရွှေ့ပြောင်းခဲ့ရသော အိမ်ထောင်စု ၃၄ စုတို့အား ကျောက်ကြီးမြို့ ပဲခူးရပ်ကွက်ရှိ မြို့တွင်းကျောင်း မိုးကုတ်ဓမ္မာရုံ၊ သိမ်တန်းရပ်ကွက်ရှိ ကသစ်ဝိုင်ဓမ္မာရိပ်သာ ဓမ္မာရုံ တောင်ငူတန်းရပ်ကွက်ရှိ မြို့ဦးဘုန်းတော်ကြီးကျောင်းများသို့ နေရာခွဲ၍ ရွှေ့ပြောင်းထားရှိကြောင်း၊ ပြောင်းရွှေ့နေရာချထား ပေးနိုင်ရန်အတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့နှင့် မြို့ပေါ်ရှိ လူမှုကူညီရေးအသင်း အဖွဲ့တို့က ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ရေဝင်ရောက်သည့် အိမ်ထောင်စုများအား ယာယီရွှေ့ပြောင်းခဲ့ရသည့် အခြေအနေနှင့် ပတ်သက်ပြီး ပဲခူးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်စိန်က “အခုလက်ရှိ မိုးရွာသွန်းမှုကြောင့် ပဲခူးရပ်ကွက် အမှတ် ၁ အုပ်စုမှာ ရေဝင်ရောက်မှု များပြားနေတဲ့အတွက် ကျောက်ကြီးမြို့ မြို့တွင်းကျောင်းဓမ္မာရုံမှာ ယာယီ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ပြီးတော့ အဲဒီရေနစ်မြုပ်နေတဲ့ အိမ်ခြေ ၂၄ လုံးကို ယာယီကျွန်တော်တို့ ပြောင်းရွှေ့ထားပါတယ်။ သူတို့ရဲ့ စားဝတ်နေရေးအတွက် မြို့နယ်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ဌာနဆိုင်ရာများနဲ့ ပေါင်းစပ်ပြီးတော့ ထောက်ပံ့မှုတွေ လုပ်ထားပါတယ်။ အခုလက်ရှိ အနေအထားအရတော့ နောက်ပိုင်း စားဝတ်နေရေး အဆင်ပြေအောင် အတတ်နိုင်ဆုံး ဆောင်ရွက်သွားပါမယ်” ဟု ပြောကြားသည်။

 

Most Read

Most Recent